Jun 15, 2014
အာဏာရတွေ အာဏာလက်မဲ့ဖြစ်တဲ့အချိန်၊ အာဏာလက်မဲ့တွေအာဏာရတဲ့အချိန်တွေဟာ ကြောက် စရာအကောင်းဆုံး အချိန်ပါတဲ့။ လွန်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်းနောက်ကြောင်း ပြန်လှည့်သွားမယ့်ဆိုတဲ့ စကားလုံးက အတော်လေးကိုပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အာနိသင်က အတော်လေးကို ချောက်ချားထိတ်လန့်ဖွယ် ရသကိုပေးပါတယ်။ အခုအချိန်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုဟာ အရှိန်ပြင်း ထန်လာရင် ပြင်းထန်လာသလို စစ်တပ်ကို အာဏာသိမ်းဖို့ ဖိတ်ခေါ်ရာရောက်နိုင်သလားဆိုတဲ့ အနုမာန မှန်းဆချက်ကလည်း ရှိနေပါတယ်။ ဒါ့အပြင် မကြာသေးမီက ဖြစ်ပွားခဲ့တဲ့လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုရဲ့ တိုက်ခိုက်မှုကြောင့်မြန်မာ့တပ်မတော်ဘက်က တပ်ရင်းမှူး ကျဆုံးခဲ့ရတဲ့ဖြစ်စဉ်ကြောင့် မြန်မာ့တပ်မတော်ကို အတိုင်းအတာတစ်ခုအထိတပ်လှန့်သလို ဖြစ်သွားစေခဲ့ပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မြန်မာဘင်္ဂလား နယ်စပ်အရေး တင်းမာမှုကြောင့်လည်း လူငယ်ပိုင်း တပ်မတော်သား အရာရှိတွေရဲ့ စစ်သွေးစစ်မာန်အဟုန်ကို လူမှုကွန်ရက်တော်တော်များများမှာ ထင်ဟပ်တွေ့နိုင်ပါတယ်။
ဆိုလိုတာက မြန်မာ့တပ်မတော်ရဲ့ တိတ်ဆိတ်ငြိမ်သက် တည်ငြိမ်နေတဲ့ အနေအထားကို လှုပ်ခတ်နိုင် တာက နိုင်ငံရေးအရ ဖိအားပေးခြင်း၊ စစ်ရေးအရ ရန်စခြင်းတို့ပဲ ဖြစ်ပါတယ်။
အရင်ဆုံး နိုင်ငံရေးအခန်းကဏ္ဍမှာ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုကို ပြောရရင်လွှတ်တော်အရပ်ရပ် မှာ ၂၅ ရာခိုင်နှုန်း နေရာယူထားခွင့်ရှိတာရယ်၊ လုံခြုံရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး သုံးနေရာကို ကာချုပ်ကပဲ ခန့်အပ်တာဝန်ပေးပိုင်ခွင့်ရှိတာရယ်၊ ကာလုံမှာ တပ်မတော်ဘက်ခေါင်းဆောင်တွေ ထက်ဝက်ကျော်အုပ်စီးခွင့်ရှိ တာရယ်တို့ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ မြင်သာတဲ့အပိုင်းလေးတွေပါ။ တစ်နည်းပြောရရင် ရေပေါ်မှာ ပေါ်လော မျောနေတဲ့ iceberg တွေပါ။ ရေအောက်မှာ မြုပ်ကွယ်နေတဲ့ အစိုင်အခဲတွေ ရှိပါသေးတယ်။ တကယ့် တကယ်တော့ လက်ရှိလည်ပတ်ဆောင်ရွက်နေတဲ့ အစိုးရယန္တရားထဲမှာ အနိမ့်ဆုံးညွှန်မှူး၊ ဦးစီးမှူးတွေဟာ စစ်တပ်အသိုင်းအဝန်းတွေထဲကပါ။ စစ်တပ်ဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာ ဘာမှ မဖြစ်ပါဘူး။ သို့ပေမယ့် နိုင်ငံရဲ့အုပ်ချုပ်ရေးယန္တရား၊ အရပ်ဘက် နယ်ဘက် ဗျူရိုကရက်တစ်ယန္တရားမှာ စစ်ဘက်က ပါဝင်ပတ်သက် လာတာကတော့ အတော့ကို ဆိုးဝါးလှပါတယ်။ ဟိုတလောကပဲ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထဲမှာ တပ်မတော်အရာရှိတွေကိုသွတ်သွင်းခန့်အပ်တာကလည်းအတော့်ကို မေးခွန်းထုတ်စရာပါ။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုကြောင့်သော်လည်းကောင်း၊ လူထုလှုပ်ရှားမှုကြောင့် သော်လည်း ကောင်း၊ ဘာသာရေးနဲ့ လူမှုရေးအကြမ်းဖက်ပဋိပက္ခကြောင့် သော်လည်းကောင်း တပ်ဟာ အာဏာသိမ်းဖို့ မမြင်ပါဘူး။ တပ်ကို နိုင်ငံရေးအရ ဖိအားပေးရင်လည်း တပ်ကအာဏာသိမ်းစရာ မမြင်ပါဘူး။ သို့ပေမယ့် တိုင်းပြည်ရဲ့ အခြေအနေ အရပ်ရပ်ဟာ disorder ဖြစ်နေပြီလို့ တပ်မတော်ဘက် အနက်ဖွင့်ဆို ရှုမြင်လာတဲ့ အချိန်ဟာ အာဏာသိမ်းတဲ့ အချိန်ပါပဲ။ Ironical ဖြစ်တာက အာဏာသိမ်းဖို့ ဝန်အလေးဆုံးက စစ်တပ်ကိုယ် တိုင်ပါပဲ။ အကြောင်းကတော့ရှင်းပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မနိုင်ဝန်ထမ်းခဲ့ရတဲ့ သမိုင်းပေးသင်ခန်းစာတွေ ရှိခဲ့လို့ပါပဲ။ ဒါကြောင့် စစ်တပ်ဟာ သူ့ရဲ့သမိုင်းပေးသင်ခန်းစာအရ အာဏာ သိမ်းဖို့ကို ဝန်အလေးဆုံးပါ။
နိုင်ငံရေးအင်အားစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဘက်ကလည်း တပ်မတော်အနေနဲ့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ Redline ကို မကျော်လွန်ဖို့ လိုအပ်ပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးကိုကြည့်ရင် ဝိရောဓိများစွာရှိတဲ့အနက် တပ်မတော်သား ကိုယ်တိုင် ခံစားသိမြင်လာတာက သူတို့ဟာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့လို့ ဖြစ်နေပြီဆိုတဲ့ အသိပါပဲ။
စစ်တပ်ဟာ အာဏာသိမ်းနိုင်သလားလို့မေးရင် သိမ်းနိုင်ပါတယ်။ ဘယ်အချိန်မှာ သိမ်းနိုင်သလဲလို့ မေးရင် တပ်မတော်က disorder ဖြစ်နေပြီလို့ သဘောထားလာရင်သိမ်းပါလိမ့်မယ်။ နိုင်ငံရေးအင်အားစုဘက် (ဒီအင်အားစုထဲမှာ ပြည်ခိုင်ဖြိုးလည်းပါဝင်ပါတယ်)က နိုင်ငံရေးဖိအားပေးခြင်းကို Redline ကျော်လွန်တဲ့အထိ အရှိန်ဆွဲတင်လာရင်စစ်တပ်ဟာ သူ့မလုပ်ချင်ဆုံးအလုပ်ကို မလွှဲမရှောင်သာ လုပ်ဆောင်ရပါလိမ့်မည်။
Credit OppositEye

No comments:
Post a Comment