Wednesday, April 26, 2017

“သံဃာ့တာဝန်”




No automatic alt text available.

No automatic alt text available.





ကျွန်တော် နဲ့ ပဌာန်းဒေသနာ
ကျွန်တော် ပထမအကြိမ် တောင်ငူထောင်မှာ နိုင်ငံရေးအကျဉ်းသားဘဝနဲ့
နေခဲ့စဉ် (၁၉၉၇-၂၀၀၂)ပဌာန်း ပစ္စယနိဒ္ဒေသ ကို အလွတ်ကျက်မှတ်
ပြီး နေ့စဉ်ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ အဲဒီအချိန်ထဲက ပဌာန်းဒေသနာကိုစိတ်ဝင်စားခဲ့ပြီး ပစ္စယနိဒ္ဒေသ
အဓိပ္ပါယ်ကို သိချင်နေခဲ့တယ်။ စာအုပ်တွေတော့ဖတ်တယ်၊ဒါပေမယ့် နားမလည်ခဲ့ဘူး။ ဗဟုသုတစုံလင်တဲ့ ဗုဒ္ဓဘာသဝင် နိုင်ငံရေးသမားကြီးတွေလည်း မရှင်းပြနိုင်ခဲ့ကြဘူး။
ကွန်မြူနစ်ကြီးတစ်ယောက်ကဆို “ကျွန်တော် ဘာသာပေါင်းစုံ လေ့လာခဲ့ဖူးပါတယ်။ ခု ခင်ဗျား
လေ့လာနေတဲ့ ပဌာန်း ကိုတော့ ဘယ်လိုမှ နားမလည်ဘူးဗျာ” လို့ကို ထုတ်ပြောဖူးတယ်။ ဒီလိုနဲ့
၂၀၀၀ပြည့်နှစ်မှာ တောင်ငူထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ တစ်သက်
တစ်ကျွန်း ပြစ်ဒဏ်ချခံထားရတဲ့ ရန်ကုန်မြို့၊ရွှေပြည်သာပရိယတ္တိစာသင်တိုက်က ကျောင်းထိုင်ဆရာတော်
ဦးဇဝန ပါလာခဲ့တယ်။ ဆရာတော်ရောက်ပြီး ဆရာတော်ရဲ့ အကြံပြုချက်နဲ့ ကျွန်တော် ထောင်ထဲမှာ
ကိုယ်ပိုင်ဂစ်တာတီထွင်ဖန်တီးဖြစ်ခဲ့တယ်။ နောက်တော့ ဆရာတော်နဲ့ တစ်ခန်းထဲအတူနေဖြစ်ပြီး
ဆရာတော်ဆီက ကမ္မဌာန်း နဲ့ ဓမ္မ တွေဆည်းပူးသင်ယူဖြစ်ခဲ့တယ်။ အထူးသဖြင့် ကျွန်တော် သိတ်
စိတ်ဝင်စားတဲ့ ပဌာန်း ပစ္စယနိဒ္ဒေသ ကို လေ့လာခွင့်ရခဲ့တယ်။ ဆရာတော်ကို ကျွန်တော်က “ပဌာန်း
အဓိပ္ပါယ်ရှင်းပြပေးပါ" လို့ ပြောတော့ ဆရာတော်က “ဒကာကြီး၊ပဌာန်းကျမ်းဟာ ဘုရားဟောခဲ့သမျှ
ခက်ခဲနက်နဲပါတယ်ဆိုတဲ့ အဘိဓမ္မာကျမ်းမှာတောင် အခက်ခဲ အနက်နဲဆုံးဖြစ်လို့ နောက်ဆုံးမှာ
ထားရှိရတယ်၊ပဌာန်းကို နားလည်ချင်ရင် ဒကာကြီး အခြေခံအဘိဓမ္မာ(သင်္ဂြီုဟ်/အဘိဓမ္မတ္ထသင်္ဂဟ)
ကိုအရင်လေ့လာသင်ယူပါ” လို့ပြောတယ်။ဒါနဲ့ ကျွန်တော် ဆရာတော်ဆီမှာ အဘိဓမ္မာကို တစ်နှစ်ကျော်
သင်ယူဖြစ်ခဲ့ပါတယ်။ အခြေခံအဘိဓမ္မာ ၉ ခန်းရှိရာမှာ ပဋိစ္စသမုပ္ပါဒ် နဲ့ ပဌာန်း ကိုရှင်းပြတဲ့ ပစ္စည်းပိုင်း
က အခန်း(၈) ဖြစ်ပါတယ်။ ရှေ့ပိုင်း စိတ်၊စေတသိတ်၊ပကိဏ်း၊ဝီထိ၊ဝီထိမုတ်၊ရုပ်၊သမုစ္စည်း ပိုင်းတွေ
မသိနားမလည်ခဲ့ရင် ပဋိစ္စသမုပ္ပါဒ် နဲ့ ပဌာန်း ဆိုတဲ့ ပစ္စည်းအပိုင်းကိုနားလည်ဖို့မဖြစ်နိုင်ပါဘူး။
အထက်ပါ အခန်း ၈ ခန်းကို ပိုင်နိုင်စွာသဘောပေါက်နားလည်မှ နောက်ဆုံးအခန်းဖြစ်တဲ့ ကမ္မဌာန်း
ပိုင်းဖြစ်တဲ့ လက်တွေ့အပိုင်းကို လေ့လာသဘောပေါက်ပြီး ကိုယ်တိုင် နည်းစနစ်ကျစွာ ဘာဝနာပိုင်း
ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ သာသနာမှာ ပရိယတ် နဲ့ ပဋိပတ် ဆိုတဲ့အတိုင်း လေ့လာသင်
ယူမှု အပိုင်း နဲ့ လက်တွေ့ကျင့်ကြံအားထုတ်မှုအပိုင်း ဆိုပြီး ရှိရာမှာ လေ့လာသင်ယူပြီးမှ ကျင့်ကြံအား
ထုတ်မှုပြုကြရမယ်ဆိုတာ အထူးသတိပြုရမှာဖြစ်ပါတယ်။
ဆရာတော်ဆီက အဘိဓမ္မာသင်ယူနေစဉ်မှာ ဆရာတော်အမြဲပြောလေ့ရှိတာက ဒီလို အင်မတန်
အဆင့်မြင့်ပြီး သတ္တဝါတွေကို ငြိမ်းအေးချမ်းသာမှုတရားထူးရစေတဲ့ တရားဓမ္မမျိုးဟာ ကမ္ဘာပေါ်မှာ
ဗုဒ္ဒဘာသာတစ်မျိုးထဲမှာသာရှိကြောင်း နဲ့ ဒီလို တရားတော်တွေကို ခုလို စာမျက်နှာတွေပေါ်ထိ
အက္ခရာတင်နိုင်အောင် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ သံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးဟာ
အင်မတန်ကြီးမားကြောင်း ဆိုတာတွေဖြစ်ပါတယ်။
ဥပမာ ခုကျွန်တော်တို့ ကျက်မှတ်လေ့လာနေတဲ့ ပဌာန်း ပစ္စယုဒ္ဒေသ နဲ့ ပစ္စယနိဒ္ဒေသ ဆိုတာ
စာမျက်နှာပေါင်း (၂၆၄၀) ရှိတဲ့ အတွဲ ၅ တွဲပါတဲ့ ဆဌသင်္ဂါယနာတင် ပဌာန်းကျမ်းကြီးမှာ ရှေးဦးပိုင်း
ဟောကြားတဲ့ စာမျက်နှာ (၁၀) မျက်နှာခန့်သာရှိတဲ့ နိဒါန်းအပိုင်းလေးမျှသာဖြစ်ပါတယ်။ ပဌာန်းကျမ်း
ကြီးရဲ့ မဟာဝါရ ပိုင်းမှာပဌာန်းကြီး ၄ မျိုး နဲ့ ပဌာန်းမျိုး ၆ မျိုးရှိပြီး စုစုပေါင်းပဌာန်းကျမ်းပေါင်း
၁၂၉၂၃၁ ကျမ်းရှိပါတယ်။ အဌကထာနည်းအရ ပဌာန်းမှာ အမေး “ပုစ္ဆာဝါရ”တစ်ခုထဲမှာပင် ပုစ္ဆာပေါင်း (၄၀၄၉၄၈၅၃၃၂၄၈) ခုရှိရာ ပုဂ္ဂိုလ်တစ်ဦး တစ်နေ့ ပုစ္ဆာပေါင်း တစ်သိန်းရွတ်ဖတ်နိုင်ပါက
ပုစ္ဆာအားလုံး အပြီးထိရွတ်ဖတ်နိုင်ဖို့ နှစ်ပေါင်း တစ်သောင်းကျော် အချိန်ယူရမှာဖြစ်ပါတယ်။
ပဌာန်းကျမ်းကြီးတစ်ခုလုံးအသေးစိတ် ပုံနှိပ်မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိသမျှစက္ကူတွေနဲ့တောင်
မလောက်နိုင်ပါဘူးလို့ ဆရာတော်ကြီးများက ဆိုပါတယ်။ ဒါက ပဌာန်းဒေသနာတော်ကြီးရဲ့
ကြီးမားကျယ်ပြန့်ပုံ နဲ့ ဟောကြားခဲ့တဲ့ ဘုရားရှင် နဲ့ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့တဲ့ သံဃာတော်
တွေရဲ့ ကြီးမားတဲ့ဂုဏ်ကျေးဇူးကို အလေးအနက်ထားပြီး သဒ္ဓါ နဲ့ ပူဇော်နိုင်အောင်လို့ပါ။
နောက်ပြီး အဘိဓမ္မာတရားတော်ကို လေ့လာနိုင်မှသာ ကမ္ဘာပေါ်မှာ ဘယ်ဘုရားကမှမဟောကြားခဲ့တဲ့
တရားကို သိမြင်သတိပြုမိနိုင်မှာဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ “ကောင်းမှု နဲ့ မကောင်းမှု”၊
‘ကုသိုလ် နဲ့ အကုသိုလ်”၊ “လောဘ နဲ့ ဒေါသ” စသဖြင့် ဆန့်ကျင်ဘက် တရား ၂ ခုကိုသာ ဘာသာ
တိုင်း( အခြားဘုရားတိုင်း) မှာ ရှိပေမယ့် ဗုဒ္ဒက အဘိဓမ္မာ ရဲ့ စိတ်၊စေတသိတ် အခန်းမှာ “ကြိယာ စိတ်”
လို့ခေါ်တဲ့ ဘုရားရှင် နဲ့ အရဟတ္တမဂ်၊ဖိုလ် ရထားတဲ့ ရဟန္တာတွေရဲ့ သန္တာန်မှာသာဖြစ်တဲ့ ကုသိုလ်လည်း
မဟုတ်၊အကုသိုလ်လည်းမဟုတ်တဲ့ စိတ်တွေအကြောင်း၊ပဌာန်း ကျမ်းရဲ့ ဥပနိဿ ရပစ္စည်းမှာဟောထားတဲ့
အဗျာကတ ဆိုတဲ့ ကုသိုလ်လည်းမဟုတ်၊အကုသိုလ်လည်းမဟုတ်တဲ့ တရားတွေအကြောင်း နဲ့ တစ်ခါ
တစ်ရံမှာ ကုသိုလ်က အကုသိုလ်ဖြစ်ဖို့ ကျေးဇူးပြုတတ်ပြီး တစ်ခါတစ်ရံ အကုသိုလ်က ကုသိုလ်ဖြစ်စေဖို့
ကျေးဇူးပြုတတ်တယ်ဆိုတဲ့အကြောင်းတွေ၊ စေတသိတ်အပိုင်း နဲ့ သမုစ္စည်းအပိုင်း မှာ ဟောထားတဲ့
ဥပေက္ခာ(တတြမဇ္ဈတ္တတာ စေတသိတ်/Equanimity) ဆိုတဲ့ လောဘစွန်း၊ဒေါသစွန်းကိုမရောက်စေတဲ့
(ဓမ္မစက္ကပဝတ္တနသုတ္တန် မှာဟောတဲ့ မဇ္ဈိမပဋိပဒါ)တရားတွေဟာ ဘယ်ဘာသာမှာမှမရှိတဲ့၊ဗုဒ္ဓ မှတစ်ပါး
ဘယ်ဘုရားမှမဟောကြားခဲ့တဲ့ တရားတွေဖြစ်ပါတယ်။ ဒီလို ကမ္ဘာပေါ်မှာ ဘယ်ဘာသာမှာမှမရှိတဲ့ ဗုဒ္ဒရဲ့
တရားတော်မြတ်တွေကို ပေထက်အက္ခရာမတင်နိုင်ခင်ကတည်းက နှုတ်နဲ့ အာဂုံဆောင်ကျက်မှတ်ထိန်းသိမ်းပြီး လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြတဲ့ သံဃာတော် အရှင်သူမြတ်တွေရဲ့ ကျေးဇူးကြောင့်သာ ကျွန်တော်
တို့ ခုလို သင်ယူလေ့လာခွင့်ရပြီး ကျင့်ကြံအားထုတ်ခွင့်ရကြကာ ရဟန္တာမဆိတ်သုဉ်းတဲ့တိုင်းပြည်ရယ်လို့
ခုချိန်ထိ ကမ္ဘာ့အလယ်မှာ ထည်ဝါစွာရပ်တည်နေတာလည်းဖြစ်ပါတယ်။ ဒီနေရာမှာအလျဉ်းသင့်လို့
ပြောချင်တာတစ်ခုက ၂၀၁၃ နောက်ပိုင်းကစပြီး Online Social Network တွေမှာ အချို့ ဗုဒ္ဓဘာသာဝင်
တွေကပါ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သံဃာတော်တွေအပေါ် မိုက်ရိုင်းစွာ ရေးသားဝေဖန်လာကြတာ
တွေ့ရပါတယ်။ တည်ဆဲနိုင်ငံ့ခေါင်းဆောင်တွေကိုလည်း မူဝါဒအပေါ်အချက်အလက်နဲ့ စနစ်တကကျ
အပြုသဘောဝေဖန်တာမျိုးမဟုတ်ဘဲ ယုတ်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ အောက်တန်းကျစွာ
ရေးသားနေကြတာတွေ့ရပြီး ပိုဆိုးတာက သံဃာတော်များအပေါ် မှာပါ အဲဒီလို ပြောဆိုရေးသားလာကြတာ
တွေ့ရတာတော့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ အချို့ ဘာသာခြား အစွန်းရောက်တွေက Account အတု
တွေနဲ့ ရေးသားကြတာကို အတုယူပြီးဘာမှဝေဖန်ပိုင်းခြားစိစစ်မှုမပြု ကြဘဲ မိမိတို့ မြန်မာဗုဒ္ဓဘာသာဝင်တွေ
ကပါ ဝင်ရောက်ရေးသားနေကြတာတွေ့ရတဲ့အတွက် သာသနာအတွက်လည်းရင်လေးမိရပါတယ်။
တကယ်တော့ ရဟန်း မပြောနဲ့ ရှင်သာမဏေ(ကိုရင်)လေးတွေတောင် ဆံချပြီးလို့ သင်္ဃန်းရုံလိုက်တာနဲ့
သိက္ခာပုဒ် (၁၁၉) ပါး နဲ့ ပြည့်စုံနေတဲ့အတွက် မိခင်၊ဖခင်တွေအပါအဝင် လူတွေကရှိခိုး ဦးချကြရတာဖြစ်ပါ
တယ်။ သာမန်လူပုဂ္ဂိုလ်တွေတောင် ငါးပါးသီလကို အနိုင်နိုင်ထိန်းနေကြရချိန်မှာ ရှင်သာမဏေလေးတောင်
လူတွေထက် သီလပိုမိုပြည့်စုံနေတာကိုသတိပြုရမှာပါ။ ရဟန်းတွေရဲ့ သီလသိက္ခာဆိုရင်တော့ ပြောမနေနဲ့
တော့။ ၂၂၇ သွယ်သောသိက္ခာပုဒ် ဆိုတာ ဝိနည်း မာတိကာမျှသာရှိပါသေးတယ်။ အကျယ်သိက္ခာပုဒ်
အားဖြင့် (၉၁၈၀၅၀၃၆၀၀၀) ရှိပါတယ်။ ၅ ပါးသီလတကယ်လုံပါတယ်ဆိုတဲ့ လူတွေထက် အဆပေါင်း
(၁၈၃၆၁၀၀၇၂၀၀) သာလွန်မြင့်မြတ်နေတယ်ဆိုတာ သတိပြုကြရပါလိမ့်မယ်။ သဘောကတော့
လူတစ်ဦးက သံဃာတော်တစ်ပါးအပေါ် ပြစ်မှားစော်ကားမိရင် ငါးပါးသီလနဲ့ ပြည့်စုံနေတဲ့ လူပုဂ္ဂိုလ်တစ်ဦးကို
ပြစ်မှားစော်ကားမိလို့ ပြန်ခံရမယ့် အကုသိုလ်အကျိုးရဲ့ အဆပေါင်း (၁၈၃၆၁၀၀၇၂၀၀) ဆ ကိုယ်ပြန်ခံရမှာ
ဖြစ်တယ်ဆိုတာပါ။ နောက်တစ်ခုက ပဉ္စာနန္တရိယ ကံထဲမှာတစ်ပါးအပါအဝင်ဖြစ်တဲ့ သံဃဘေဒက ကံကြီး
ထိုက်ခြင်းဖြစ်ပါတယ်။ မိမိတို့ဟာ သံဃာကို သံဃာလို့ သဘောမထားဘဲ သံဃာကို ကိုယ်လိုသလိုခွဲခြား
ဆက်ဆံမိမယ်ဆိုရင် သံဃဘေဒကကံကြီးထိုက်ပါတယ်။ မဂ်ဖိုလ်တရားထူးမရနိုင်တဲ့အပြင် နောင်ဘဝ
အပယ်ငရဲကျမှာအသေအခြာပါ။ ကျွန်တော် နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ထောင်ထဲမှာ ၂ကြိမ်(၁၀)နှစ်ကျော်
နေခဲ့ရစဉ် ထောင်ထဲမှာ သံဃာတော်တွေနဲ့လည်းဆုံခဲ့ရပါတယ်။ ထောင်ထဲလိုအစားအသောက်ဒုက္ခရောက်
တဲ့နေရာမျိုးမှာ အချို့ သံဃာတော်တွေ ညနေစာစားကြပါတယ်။ အာဟာရအတွက်ပါ။ အဲဒီအတွက်သင့်တဲ့
အာပတ်က သေးငယ်ပါတယ်။ထောင်ကလွတ်လို့ သိမ်ပြန်ဝင်ပြီး အာပတ်ဖြေလို့ရပါတယ်။ ဒါပေမယ့်
အဲဒီလို သေးငယ်တဲ့အာပတ်သင့်မှုမျိုးကိုတောင် မချိုးဖေါက်ဘဲ အစားဆင်းရဲ၊အနေဆင်းရဲတဲ့ အခြေအနေ
မျိုးမှာ ဝိနည်းနဲ့ အညီ ကျင့်ကြံနေထိုင်သွားတဲ့ သံဃာတော်တွေကို တွေ့ဖူး၊ကြားဖူးခဲ့ပါတယ်။
ပျံ်လွန်ခဲ့ပြီဖြစ်တဲ့ မဟာဂန္ဓာရုံဆရာတော်ကြီး၊ယခု မဘသ ဥက္ကဌ ရွာမဆရာတော်ကြီး၊မဂ္ဂင်ဆရာတော်ကြီး
နဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူ တို့ဖြစ်ကြပါတယ်။ မဂ္ဂင်ဆရာတော်ကြီးနဲ့ ၂၀၀၇၊
၂၀၀၈ အမိန့်ချတဲ့အထိ အင်းစိန်၊သီးသန့်ထောင် က ကျွန်းတိုက်မှာ အတူနေခဲ့ရပါတယ်။ မဂ္ဂင်ဆရာတော်
ကြီးက ဝိနည်းကိုဘယ်လောက်လေးစားလဲဆိုရင် ဆရာတော်ကြီးရဲ့ ကွပ်ပြစ်မှာ ကြမ်းပိုးတွေ ထောင်ချီရှိနေ
တာကို ဒီအတိုင်းသည်းခံနေခဲ့တယ်။ ကျွန်တော်တို့က မနေနိုင်လို့ ဆရာတော်ကြီးအပြင်ထွက်ချိန် ကွပ်ပြစ်
ကို ဆရာတော်ကြီးမသိအောင် သန့်ရှင်းရေးလုပ်ပေးခဲ့ရတယ်။ အဲဒီလို သံဃာတော်တွေရဲ့ သီလဂုဏ်တွေ
ကို ဂဃနဏ မသိဘဲ ပြစ်မှားစော်ကားနေခြင်းအတွက် ပြန်ခံရမယ့် အကုသိုလ်အကျိုးဆက်က ဘယ်လောက်
ကြီးမားတယ်ဆိုတာ သိစေချင်ပါတယ်။ တကယ်တော့ သံဃာတော်တွေဟာ ဘုရားရှင်လက်ထက်ကတည်းက
ဘုရားရှင်ရဲ့ သာသနာတော်ကို အဆင့်ဆင့် လက်ဆင့်ကမ်းထိန်းသိမ်းသယ်ဆောင်လာခဲ့တဲ့ စီနီယာသံဃာ
တော်ကြီးများရဲ့ တာဝန်ကို ဆက်လက်ထမ်းရွက်နေတာသာဖြစ်ပါတယ်။
ဝင်းမော်(ရွှေသံစဉ်)

Win Maw 
  ၂၆-၄-၂၀၁၆

No comments: