ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂက အချက်အလက်ရှာဖွေဖော်ထုတ်ရေး အဖွဲ့ အတင်းစေလွှတ်ပါက မြန်မာနိုင်ငံက လက်ခံမည် မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန တွင် ဧပြီ ၂၈ ရက်ကပြုလုပ်သည့် အစိုးရသစ်လက်ထက် ပထမတစ်နှစ်တာ ကာလအတွင်း ၀န်ကြီးဌာနများ၊ ရုံးများ၏ ဆောင်ရွက်ခဲ့မှုများကို သတင်းစာရှင်းလင်း ထုတ်ပြန်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ဖြစ်ပွားသည့် ရခိုင်ပြည်နယ် မောင်တောတိုက်ခိုက်မှု နောက်ပိုင်းတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ လုံခြုံရေး ကောင်စီအထိ ဆွေးနွေးသည့်အဆင့်သို့ ရောက်ခဲ့ပြီး လုံခြုံရေးကောင်စီက Statement ထုတ်ပြန်မှုကို တရုတ်နှင့် ရုရှားက ကန့်ကွက်ခဲ့သည့်အတွက် မထုတ်ပြန်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်သို့ အချက်အလက်ရှာဖွေ ဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ရန် ဆုံးဖြတ်သည့်အပေါ် မြန်မာနိုင်ငံက လက်မခံခဲ့ကြောင်း၊ ယင်းအဖွဲ့ကို အတင်းစေလွှတ်ပါကလည်း လက်ခံသွားမည် မဟုတ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
“ရခိုင်မှာ မောင်တောမှာ ဘာပြဿနာမှ မရှိတဲ့အချိန်မှာ ဒီကိစ္စကဖြစ်လာတယ်။ ဖြစ်လာပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ နောက်လုံခြုံရေး ကောင်စီအထိ ဆွေးနွေးတဲ့အဆင့်ကို ရောက်လာပါတယ်။ ကံအားလျော်စွာပဲ ကျွန်တော်တို့ဘက်ကနေ တရုတ်နဲ့ ရုရှားက လုံခြုံရေးကောင်စီက Statement ထုတ်မှာကို ကန့်ကွက်ခဲ့ပါတယ်။ ဒီအတွက် မထုတ်နိုင်ခဲ့ပါဘူး။ သို့သော် လူ့အခွင့်အရေးကောင်စီမှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မောင်တော ဖြစ်စဉ်နဲ့ပတ်သက်လို့ Fact Finding Mission Team ဖွဲ့မယ်ဆိုပြီးတော့ ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်ပေမယ်လို့ Resolution ကို ချတဲ့အချိန်မှာ မြန်မာနိုင်ငံက Disassociate လုပ်ခဲ့ပါတယ်။ Disassociate ဆိုတာ ဒီဆုံးဖြတ်ချက်အပေါ်မှာ ကျွန်တော်တို့မြန်မာနိုင်ငံက သဘောမတူဘူး လက်မခံဘူး။ အဲဒါကို ကျွန်တော်တို့ ပြသတာဖြစ်ပါတယ်။ ပြသတော့ အခုမေးလာတဲ့ မေးခွန်းတွေက ဘာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံက လက်မခံဘူး။
ကုလသမဂ္ဂမှာက Resolution ကို ချလိုက်တယ်ပေါ့နော်။ အဲဒီတော့ ဒီ Fact Finding Mission Team ကို မြန်မာနိုင်ငံက လက်ခံမှာလားဆိုတာ။ ကျွန်တော်တို့က ပြောပြီးသား။ ဒီ Resolution ကို မြန်မာအစိုးရ မြန်မာနိုင်ငံက လက်မခံဘူး။ လက်မခံတော့ ဒီ Resolution ကို အကောင်အထည်ဖော်လာတဲ့ ဆောင်ရွက်ချက်များကို လက်ခံမှာမဟုတ်ပါဘူး။ ဒါ မီဒီယာတွေကို ရှင်းလင်းအောင် ထပ်ပြောတာ ဖြစ်ပါတယ်။ အဲဒီ Team ကို ဒီကို ဇွတ်လွှတ်လာမယ်ဆိုရင်လည်း ကျွန်တော်တို့က လက်ခံမှာ မဟုတ်ပါဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဆင့်အနေဖြင့်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယင်းကော်မရှင်က တင်သွင်းသည့် ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များကိုလည်း ထိရောက်စွာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်က ဘာလဲဆိုတော့ မောင်တောအပါအ၀င် ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေးကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြဿနာတွေကို အသိအမှတ် ပြုတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘာတွေကို မျက်စိစုံမှိတ်ငြင်းဆန်နေတာ မဟုတ်ဘူး။ ရှိတယ်ဆိုရင် ခိုင်မာတဲ့ အထောက်အထားပေး အရေးယူမယ်။ ဒါကလည်း တပ်မတော် အကြီးအကဲတွေ၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူအဆင့်ဆင့်က ထုတ်ပြန်ထားတဲ့ အချက်ဖြစ်ပါတယ်။ ပေါ်လာရင် အရေးယူသွားမှာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ယင်းကဲ့သို့ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကို ဘက်ပေါင်းစုံမှ အလေးထား ဆောင်ရွက်နေစဉ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်လည်း တိုက်ခိုက်ရန်ရည်ရွယ်သည့် လုပ်ဆောင်မှုများကို ကြိုတင် တားဆီးနှိမ်နင်း နိုင်ခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
ထို့ပြင် မောင်တောဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် အပြုသဘော မဆောင်သည့် အမြင်ဖော်ပြချက်များ ရှိနေကြောင်း၊ မောင်တောဒေသသို့ မီဒီယာများ သတင်းရယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထပ်မံ၍လည်း မြေပြင်အခြေအနေမှန်ကို လက်တွေ့သိရှိကာ မီဒီယာများမှ သတင်းပြန့်နိုင်ရန် ဒေသအေးချမ်းမှုအပေါ် မူတည်ပြီး သတင်းရယူနိုင်စေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
Writer:
စိုးမင်းထိုက်၊ ကျော်မျိုး Eleven Media
No comments:
Post a Comment