YBS ယာဉ် စောင့်ဆိုင်းနေသည့် ခရီးသည်များအား YBS စနစ် စတင်သည့် ဇန်န၀ါရီ ၁၆ ရက် ညနေက မြို့တော်ခန်းမရှေ့တွင် တွေ့ရစဉ်
“YRTA ရဲ့ ဥပဒေကို ရေးဆွဲလျက်ရှိပါတယ်။ YRTA ဆိုတာက လွှတ်တော် ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးသလို ကျွန်မတို့က ဘတ်စ်ကားတစ်ခုတည်း မဟုတ်ပါဘူး။ YRTA ရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရေလမ်းလည်း ပါပါတယ်။ မီးရထား၊ ဘတ်စ်ကား၊ တက္ကစီ၊ ကိုယ်ပိုင်ကား၊ ကုန်တင်ယာဉ်၊ လေဆိပ် ဒါတွေအားလုံး ပါတဲ့အတွက် သက်ဆိုင်ရာ ဥပဒေတွေကို ပြည့်ပြည့်စုံစုံဖြစ်အောင် ရေးဆွဲလျက် ရှိပါတယ်။ မူလဖော်ပြထားတဲ့ လမ်းကြောင်းတွေနဲ့ ကွဲလွဲသွားတယ်ဆိုတဲ့ အချက်ကတော့ ပြည်သူတွေရဲ့ တောင်းဆိုမှုအရ ယာဉ်လိုင်းအုပ်ချုပ်သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်။ ဦးကျော်ဇေယျရဲ့ ပြည်သူစိတ်ပျက် YBS ဆိုတဲ့ နိမိတ်ပြစကားလုံးမျိုး ရည်ရွယ်ချက်က ဆန့်ကျင်ဘက် ရောက်သွားတဲ့ စကားလုံးမျိုး ကျွန်မတို့ လက်မခံနိုင်ပါဘူး။ ဒါတွေကို အချိန်တန်ရင် ပြည်သူက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်နှင့် ပတ်သက်သည့် အဆိုအား ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ဧပြီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က “ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်အား ယခုထက်ပိုမို ကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သည်။
“တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်ရဲ့ YBS က မအောင်မြင်ဘူး။ ကျဆုံးတယ်ဆိုတဲ့ စကားလုံးကို ကျွန်မအနေနဲ့ လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်စီမံချက်နဲ့ ဆောင်ရွက်နေတာ ယခုအချိန်မှာ သုံးလပဲ ရှိပါသေးတယ်။ ဆောင်ရွက်ဆဲကာလ ဒီလိုမျိုး ဆုံးဖြတ်ချက်စောတဲ့ စကားလုံးတွေကိုတော့ မသုံးစွဲစေချင်ပါဘူး။ ကျွန်မတို့ အနေနဲ့ ဥပဒေနဲ့ ညီညွတ်တာကိုပဲ ကျွန်မတို့ဆီမှာ လာရောက် ဆွေးနွေးနိုင်ပါတယ်။၂၀၁၄ ပုဂ္ဂလိက မော်တော်ယာဉ်များ ပြေးဆွဲခြင်း ဥပဒေထဲမှာ ပါဝင်တဲ့ အချက်အလက်တွေနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ၀န်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောကြားသည်။
ယင်းအဆိုနှင့် ပတ်သက်၍ YBS စီမံချက်ကို တစ်နှစ်တာ စီမံချက်ရေးဆွဲ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ယခုအချိန်တွင် သုံးလပြီးစီး သွားပြီဖြစ်ကြောင်း၊ သို့သော် ကျန်ရှိသည့်ကာလတွင် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များသည် ပြည်သူများ ဖြစ်သည့်အတွက် ၎င်းတို့၏ စားဝတ်နေရေး ထိခိုက်နစ်နာမှု မရှိစေရေးအတွက် စီစဉ်ရပါ ကြောင်းနှင့် ၎င်းတို့အပါအ၀င် ခရီးသွားပြည်သူ တစ်ရပ်လုံးအတွက် အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်အောင် အစွမ်းနိုင်ဆုံး ကြိုးစားသွားမှာ ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။
ဆက်လက်ပြီး အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မှု မရှိဘဲ အတည်ပြုခဲ့သည်။
“ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး တချို့ဟာတွေမှာ ၀န်ကြီးအနေနဲ့ ဖြေရှင်းတာမှာ ကျန်ခဲ့တာတွေ အများကြီးရှိတယ်။ အဲဒါလေးတွေ နည်းနည်းလေး ပါလိုက်ရင်တော့ ပြည့်စုံသွားမှာပေါ့။ ဒီနေ့ဖြေရှင်းတာကိုတော့ ကျွန်တော့်အနေနဲ့ ရာခိုင်နှုန်း ၇၀ လောက် ကျေနပ်အားရပါတယ်။ ကျွန်တော် အဆိုတင်ခဲ့တဲ့ထဲမှာလဲ ပါပြီးသား။ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဆိုကတည်းကိုက အားလုံးသိတဲ့အတိုင်း ကွန်တိန်နာ ကိစ္စတွေ၊ တက္ကစီတွေရမ်းတဲ့ ကိစ္စတွေလည်း ရှိတယ်။ ဒါတွေအားလုံးကို သေသေချာချာ ဒီထက်ပိုကောင်းအောင် လုပ်ဖို့လိုအပ်တယ်။ စည်းကမ်းအပိုင်းကိုလည်း အဆိုထဲမှာ ထည့်ထားတယ်။ စည်းကမ်းဖောက်ရင် ဖောက်တဲ့သူကို ထိထိရောက်ရောက် အပြစ်ပေးဖို့ပါတယ်။ ၀န်ကြီးကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး အချက်အလက်က အားပျော့နေတယ်။ ဒါကြောင့် ပြည်ထောင်စုအဆင့်အထိ တင်ထားတယ်လို့ ပြောတယ်။ ၀န်ကြီးချုပ်က အလုပ်များတဲ့ အတွက်ကြောင့် သူရှိခြင်း မရှိခြင်းက သိပ်ပြီးတော့ အရေးကြီးလှတာ မဟုတ်ပါဘူး။ ဒီကိစ္စက YRTA ဥက္ကဋ္ဌလည်းဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ရှိတဲ့အတွက် ၀န်ကြီးချုပ် ရှိခြင်း မရှိခြင်းဆိုတာ သိပ်ပြီးတော့ အရေးမကြီးပါဘူး။ ကိုယ်စားလှယ်တွေကတော့ ပြည်သူထဲက အသံတွေအတိုင်းပဲ ပြောကြတာပေါ့။ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ကျရှုံးတယ် ပြောပြော၊ မအောင်မြင်ဘူး ပြောပြော၊ မိတ်ကပ်တွေကွာကျတယ် ပြောပြော၊ ဝေဖန်မှုတွေအပေါ်မှာ အစိုးရအနေနဲ့ နားလည်ပြီးတော့ ကျွန်တော်တို့က အစိုးရကို အပြုတ်တိုက်တာ မဟုတ်ဘူး။ တိုက်ခိုက်တာ မဟုတ်ဘူး။ အစိုးရကို လွဲနေရင် ပြန်တည့်လို့ရအောင် ထိန်းကျောင်းတဲ့ သဘောနဲ့ ပြောတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် YBS နှင့်ပတ်သက်ပြီး အဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။
Writer:
ထက်ရှိုင်း၊ ဆန်းထူးအောင် Eleven Media

No comments:
Post a Comment