Wednesday, April 26, 2017

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်အား ပါတီဝင်များဂုဏ်ပြု

Image may contain: 7 people
 ဓါတ်ပုံ - ​ကောင်း​ကောင်း/DMG

ရန်ကုန်၊ ဧပြီလ ၂၆
ကောင်းကောင်း၊ DMG

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဒေါက်တာအေးမောင်အား ရခိုင်အမျိုးသားပါတီဝင်းများက ဂုဏ်ပြုပွဲအခမ်းအနား တစ်ခုပြုလုပ်ပေးခဲ့​ကြောင်း သတင်းရရှိသည်။

ထိုအခမ်းအနားကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ မလွှာကုန်းလမ်းရှိ ရခိုင်အမျိုးသားပါတီ ရန်ကုန်တိုင်းရုံးခန်းတွင် ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၃ နာရီက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီ၏ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးဘဆွေက " ရခိုင်တစ်မျိုးသားလုံးအတွက် အောင်မြင်မှုရခဲ့သလို တိုင်းရင်းသားအရေးအတွက်လည်း အကျိုးရှိလာမယ့် သူဖြစ်တာကြောင့် ဂုဏ်ပြုပေးတာပါ။ ဒီပွဲက ပါတီဥက္ကဌ တစ်ဦးအနေနဲ့ပါတီက ပြုလုပ်ပေးတာပါ။ ဒါပေမယ့် ဒီပွဲဟာ ပါတီတွင်းက ပါတီဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေ စုစုစည်းစည်း တွေ့ဆုံအားပေးဂုဏ်ပြုကြတာလည်း ဖြစ်ပါတယ်။ '' ဟု DMG သို့ ပြောသည်။

ဒေါက်တာအေးမောင်သည် လွှတ်တော်တွင် ပထမဦးစားပေးအဖြစ် ပြည်ထောင်စုဘဏ္ဍာရေးခွဲဝေမှု မမျှတမှုနှင့် အရင်အစိုးရလက်ထက်က ကြိုးစားခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲအပြီး မီဒီယာများသို့ ပြောဆိုခဲ့သည်။

အမ်းကြားဖြတ်ရွေးကောက်ပွဲရလာဒ်အရ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးဇော်လင်းအောင်က ဆန္ဒမဲ ၁၈၂၁ ၊ကြိုတင်မဲ ၅၆ ၊ စုစုပေါင်း ၁၈၇၇ ဖြင့်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ ဦးဇော်ဝင်းမြင့်က ဆန္ဒမဲ ၈၆၃၈ ၊ ကြိုတင်မဲ ၄၅၀ ၊ စုစုပေါင်း ၉၀၈၈ ဖြင့် လည်းကောင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကပါတီက ဦးသောင်းငြိမ်းက ဆန္ဒမဲ ၉၆၀၄ ၊ ကြိုတင်မဲ ၁၉၄၁ ၊ စုစုပေါင်း ၁၁၅၄၉ ဖြင့် ရခိုင်အမျိုး သားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ထံ ရှုံးနိမ့်ခဲ့ကြသည်။

Development Media Group 

No comments: