Wednesday, April 26, 2017

ကျောင်းသားအခွင့်အရေးများ ချိုးဖောက်ခံရသည့်အတွက် မန္တလေးမြို့တွင် လာရောက် ဆန္ဒထုတ်ဖော်သည့် စစ်ကိုင်းပညာရေး ကောလိပ်မှ ကျောင်းသားတစ်ဦးနှင့် ဝန်းရံသည့် ဗကသ ကျောင်းသားများအား ဆန္ဒဖော်ထုတ်နေစဉ် ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး

Image may contain: 1 person, outdoor 
 
ဓာတ်ပုံ - မင်းမင်းစိုး
ကျောင်းသား အခွင့်အရေးများ ချိုးဖောက်ခံရသည့်အတွက် မန္တလေးမြို့၊ လမ်း ၈၀၊ ၃၅x၃၄ လမ်းကြားရှိ အဆင့်မြင့်ပညာ ဦးစီးဌာနရှေ့တွင် လာရောက် ဆန္ဒထုတ်ဖော်သည့် စစ်ကိုင်းပညာရေး ကောလိပ်မှ ကျောင်းသားများအား ဆန္ဒဖော်ထုတ်နေစဉ် ရဲတပ်ဖွဲ့မှ ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်တပ်သဏ္ဍာန် ဖိနှိပ်အုပ်ချုပ်သော ကျောင်းအုပ်ချုပ်မှု အလိုမရှိ၊ လွပ်လပ်စွာ ပညာသင်ကြားခွင့် ရရှိရေး ဒို့အရေး၊ ဒီမိုကရေစီ အလေ့အကျင့်များ သင်ကြားလေ့ကျင့်ပေးရေး ဒို့အရေး၊ ကျောင်းသားထု အခွင့်အရေး အပြည့်အဝ ရရှိရေး ဒို့အရေး စသည့်ကြွေးကြော်သံများ ရေးသားထားသည့် ဆိုင်းဘုတ်ကို စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသား ကိုဇော်ရဲထွဋ်က အဆင့်မြင့်ပညာ ဦးစီးဌာနရှေ့တွင် ယနေ့မနက် ဆယ်နာရီခွဲ အချိန်ခန့်က ကိုင်ဆောင်ကာ ကျောင်းအတွင်း ဖိနှိပ်ခံရမှုများကို မီဒီယာများအား ထုတ်ဖော် ပြောကြားနေစဉ် ကိုဇော်ရဲထွဋ်နှင့် ဗကသကျောင်းသား ကိုနှင်းအောင်တို့အား မန္တလေးမြို့၊ ခရိုင်ရဲမှုး ဦးသက်ဝင်း ဦးဆောင်သော ရဲတပ်ဖွဲ့မှ ရဲအင်အား အလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးကာ ရဲကားပေါ်သို့ ဆွဲခေါ်ဖမ်းဆီး သွားခြင်းဖြစ်သည်။
 Image may contain: 1 person, outdoor
“သူတို့ဆန္ဒထုတ်ဖော်မယ်ဆိုရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခွင့်မပြုတာ မရှိပါဘူး။ လုံခြုံရေးတောင် လိုက်ယူပေးမှာ ဖြစ်ပါတယ်။ အခုဟာက သူတို့သည် သက်မှတ်ဥပဒေကို မလိုက်နာတဲ့အတွက် စခန်းကို ခေါ်သွားတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နယ်မြေစခန်းမှုးက လိုအပ်သလို အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ခရိုင်ရဲမှုး ဦးသက်ဝင်းက ပြောသည်။ မည်သည့် ပုဒ်မ၊ မည်သည့် ဥပဒေဖြင့် မည်သို့မည်ပုံ အရေးယူမလဲဆိုသည့် မီဒီယာများ၏ မေးမြန်းချက်ကိုမူ ၎င်းကတိကျစွာ ဖြေဆိုရန် ငြင်းဆိုသည်။
စစ်ကိုင်းပညာရေး ကောလိပ်မှ ကျောင်းအုပ်ကြီးသည် ကျောင်းစာပေါ်တွင် အာရုံစိုက်ရန်ဟု အကြောင်းပြကာ ကျောင်းသား၊ ကျောင်းသူများ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်း အားလုံးကို တနင်္လာနေ့မှ သောကြာနေ့ထိ သိမ်းဆည်းထားခြင်း၊ စနေ၊ တနင်္ဂနွေ အပြင်ထွက်ခွင့်ကိုလည်း မနက်ကိုးနာရီမှ မွန်းလွဲ ၁၂ နာရီ အထိသာ ခွင့်ပြုပေးခြင်း စသည့်ချုပ်ချယ်ခြင်းများ ပြုလုပ်သောကြောင့် ယခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြကျောင်းသားများက ပြောသည်။
“ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းယူထားတဲ့အတွက် ကျွန်တော်တို့မှာ အင်တာနက်ကနေ လေ့လာဖို့ အခွင့်အရေးလည်း မရသလို မိမိရဲ့ ဆွေမျိုးမိဘတွေနဲ့လည်း ဆက်သွယ်လို့မရဘူး ဖြစ်နေပါတယ်။ ပညာရေးကျောင်းကို တက်ရတာနဲ့မတူပဲ စစ်တက္ကသိုလ် တက်ရသလို ဖြစ်နေပါတယ်။ စစ်တပ်တောင် ဒီလောက် တင်းကြပ်မယ် မထင်ပါဘူး။ ကျောင်းသားတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေပါတယ်။ ကျောင်းရဲ့ အုပ်ချုပ်ရေးပုံစံက ကျောင်းသားတွေကို အရမ်းဖိနှိပ်ထားတာ ဖြစ်တဲ့အတွက် ကျောင်းသားထုကိုယ်စား ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းပညာရေး ကောလိပ်မှ ကိုဇော်ရဲထွဋ်က ပြောသည်။
မန္တလေးမြို့၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှေ့တွင် ယနေ့မနက်က ဆန္ဒထုတ်ဖော်သည့် စစ်ကိုင်းပညာရေး ကောလိပ်မှ ကျောင်းသားတစ်ယောက်နှင့် ဗကသကျောင်းသား တစ်ဦးအပြင် ဘေးနားတွင် ရပ်ကြည့်နေသည့် ဗကသကျောင်းသား နှစ်ဦး၊ စုစုပေါင်း လေးဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ ရဲကားပေါ် ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

Writer: 
မင်းမင်းစိုး၊ ရန်ပိုင် Eleven Media Group
 

No comments: