နေပြည်တော် မေ ၂၆
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CPG Consultants Pte., Ltd. ဦးဆောင်သော အကြံပေးကုမ္ပဏီများ အုပ်စုတို့အကြား အကြံပေးဝန်ဆောင်မှု သဘောတူစာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုလားတန်စီမံကိန်း အကောင်အထည်ဖော်ခြင်းဖြင့် စစ်တွေဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေခြင်းဖြင့် မြောက်ဦးနှင့် သံတွဲဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးစေခြင်းဖြင့် မောင်တောဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ခြင်းဖြင့် ကျောက်ဖြူ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက်လေးခု ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ယခုသဘောတူစာချုပ်ကိုရခိုင်ပြည်နယ်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အောင်မြင်စွာ အကောင်အထည်ပေါ်လာစေရန်ရည်ရွယ်ချက်ဖြင့် ဘက်စုံမဟာဗျူဟာမြောက်သော ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တစ်ရပ်ရေးဆွဲအကောင်အထည်ပေါ်လာစေရန်အတွက် ဈေးကွက်နေရာရယူခြင်းနှင့် စီးပွားရေးပုံစံတည်ဆောက်ခြင်း၊ ဘဏ္ဍာရေးဖြစ်နိုင်ခြေကိုလေ့လာ၍ အသေးစိတ် အကောင်အထည်ဖော်မည့်အစီအစဉ်နှင့် တင်ဒါလုပ်ငန်းစဉ် စီမံခန့်ခွဲလုပ်ဆောင်ခြင်းစသည့် ဝန်ဆောင်မှုတို့ကို ဆောင်ရွက်ရန်အတွက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ (BEAC) က အကြံပေးကုမ္ပဏီများအုပ်စုကို စီမံကိန်းအတိုင်ပင်ခံ ကုမ္ပဏီအဖြစ် ရွေးချယ်ချုပ်ဆိုခြင်းဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်နှင့်သင့်တော်မှန်ကန်သည့် ဈေးကွက်ရရှိရန်တို့အတွက် အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် အဆင့်အလိုက် အသေးစိတ်လေ့လာမှုများနှင့် အကောင်အထည်ဖော်မှုတို့ကို ဆောင်ရွက်လျက်ရှိသည်။
CPG Consultants Pte., Ltd. ဦးဆောင်သော အကြံပေးကုမ္ပဏီများအုပ်စုတွင် DTZ- Debe- nham Tie Leung (SEA) Co., Ltd. ၊ Ernst & Young Solutions LLP ၊ Global Maritime and Port Services Pte., Ltd. နှင့် PM Link Pte., Ltd. တို့ ပါဝင်ပြီး စင်ကာပူနိုင်ငံ၌ အခြေစိုက်ကာ အခြေခံအဆောက်အအုံများနှင့် အဆောက်အအုံများပုံစံရေးဆွဲခြင်း၊အကောင်အထည်ဖော်တည်ဆောက်ခြင်းတို့တွင် အကြံပေးလုပ်ဆောင်နေသည့် Creative Professional Group (CPG) အပါအဝင် ကမ္ဘာတစ်လွှားမှ ရင်းနှီးမြှုပ်နှံသူများ၊ ရင်းနှီးတည်ဆောက်သူများနှင့် အစိုးရအဖွဲ့အစည်းများသို့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ၊ စီမံကိန်းများစီမံခန့်ခွဲမှု၊ Master Plan နှင့် ဆိပ်ကမ်းတည်ဆောက်မှုအပိုင်းတို့တွင် အကြံပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
အဆိုပါအကြံပေးဝန်ဆောင်မှုသဘောတူစာချုပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကိုယ်စား ဒုတိယဝန်ကြီး ဦးမြင့်သိန်းနှင့် CPG Con- sultants Pte., Ltd. ကိုယ်စား Ms. Tan Chui Ching ၊ PM Link Pte., Ltd. ကိုယ်စား Mr. Tan Kok Siong ၊ Ernst &Young Solutions LLP ကိုယ်စား Mr. Toh Sern Andre၊ DTZ- Debenham Tie Leung (SEA) Co., Ltd. ကိုယ်စား Ms. Koh Choon Fah နှင့် Global Maritime and Port Services Pte., Ltd. ကိုယ်စား Mr. Sng Tze Sen တို့က လက်မှတ်ရေးထိုးကြသည်။
အခမ်းအနားသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ (BEAC) ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ (BEAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးမြင့်သိန်း၊ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်နှင့် ဒေါ်လဲ့လဲ့သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ CPG Consultants Pte., Ltd. ဦးဆောင်သော အကြံပေးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူများတက် ရောက်ကြသည်။
(သတင်းစဉ်)
မြန်မာ့အလင်း
No comments:
Post a Comment