May 26, 2014
(တစ်)
ထိုင်းနိုင်ငံ၏ တောင်ဘက်အကျဆုံး အစွန်အဖျားမြို့တော် ဖူးခက် (phuket)၊ ပြည်မကြီးနှင့် ဆာယက်ဆင် (sarasim)ဟူသည့် တံတားတစ်စင်းတည်းနှင့်သာ ဆက်သွယ်ထားပြီး ထိုတံတားမရှိတော့လျှင် လေကြောင်းမှတစ်ပါး မည်သို့မှ အဆက်အသွယ်လုပ်လို့ မရနိုင်တော့သည့် ဖူးခက် (phu ket)၊ ရေပတ်လည်ဝိုင်းထားသော ပင်လယ်ထဲကကျွန်းဖြစ်သည့်အတွက် ကမ်းခြေ(Beach)တွေက ကျွန်းပတ်ပတ်လည်ကိုဝိုင်းထားပေရာ ပင်လယ်ကမ်းခြေပေါင်း ငါးဆယ်ဝန်းကျင်ပိုင်ဆိုင်ထားသည့် ဖူးခက် (phuket)၊ မြန်မာနိုင်ငံသား လေးသိန်းနှင့်အထက် အလုပ်လုပ်နေကြရာ ဖူးခက် (phuket)၊ ကမ္ဘာလှည့်ခရီးသည်တွေ ကြိတ်ကြိတ်တိုး၊ ဖွေးဖွေးလှုပ် လာရောက်အပန်းဖြေကြရာ ဖူးခက်(phuket)၊ လျှပ်စစ်မီးမပြတ်သော ဖူးခက် (phuket)၊ အဖု၊ အထစ်၊ အချိုင့်အခွက်မရှိ နက်မှောင်တောက်ပြောင်လှစွာသော နိုင်လွန်ကတ္တရာလမ်းတွေ ရစ်ခွေယှက်သိုင်းထားသည့် ဖူးခက် (phuket)၊ ဧရာမ Super Market ကြီးတွေနှင့် ဖူးခက် (phuket)။
ဖူးခက်နေမိတ်ဆွေများက ဖူးခက်ကိုရောက်မှဖြင့် ရှိုးပွဲ(show)ကလေးတော့ ကြည့်သွားဦးဟု ဖိတ်မန္တကပြုလာပါသည်။ ရှိုးပွဲတဲ့။ ဘာရှိုးပွဲများပါလိမ့်။ သူတို့မျက်နှာပေါ်၌ ဖြတ်ပြေးသွားသော ပြုံးရိပ်ပြုံးယောင်အစအနကလေးများကို ဖျတ်ခနဲဖတ်ရှုလိုက်ရုံနှင့် မည်သို့သောရှိုးပွဲမျိုးဖြစ်လေမ
လဲဆိုသည်ကို မှန်းဆ၍ရပြီးဖြစ်ပါသည်။ လူတွေအတွက် အသက်ဘယ်လိုရှင်သန်ကြရရှာလေသလဲ။ တစ်ဝမ်းတစ်ခါး ရပ်တည်နိုင်ရေးအတွက် လူသား၏ဂုဏ်သိက္ခာနှင့် အရှက်တရားကို မည်မျှအထိ အပွန်းအပဲ့ခံကြရရှာလေသလဲ။ သည့်အတွက် ရှိုးပွဲကိုလိုက်ဖို့ ဆုံးဖြတ်မိခြင်းဖြစ်ပါသည်။
(နှစ်)
သည်လိုပွဲတွေ၊ သည်လိုနေရာမျိုးတွေ၌ ရှိတတ်ကြောင်းကို စာတွေ့ကတော့ မကြာခဏဖတ်ဖူးပါသည်။ ဇော်နတ်ဇော်အမည်ဖြင့် ချစ်မိတ်ဆွေ ဒေါက်တာဇော်မင်း အင်္ဂလိပ်ဘာသာမှတစ်ဆင့် ထိုင်းဝတ္ထုတိုတစ်ပုဒ် ဘာသာပြန်ဖူးပါသည်။ ရောင်းရင်းကြီး ကိုမင်းဒင်လည်း သူ့‘မင်းဒင်ရဲ့သက်ခိုင်’စာအုပ်တစ်နေရာ၌ ‘နတ်မိမယ်တို့ပျော်စံရာ’ဟူသော ခေါင်းစဉ်ခွဲဖြင့် ထည့်သွင်းမှတ်တမ်းတင်ခဲ့ဖူးပါသည်။ ခုတော့ဖြင့် နဖူးတွေ့ဒူးတွေ့။
ရှိုးပွဲကျင်းပရာ အဆောက်အအုံက တက္ကသိုလ်ကျောင်းရှိ စာသင်ခန်းတစ်မျိုးဖြစ်သော သီရေတာ (Theatre)နှင့် တော်တော့ကိုဆင်ပါသည်။ နောက်ဆုံးတန်းကအမြင့်၊ ရှေ့ဆုံးတန်းကအနိမ့်။ ဇာတ်ခုံ(stage)က ဆယ်ပေပတ်လည်ခန့်ရှိပြီး နှစ်ပေလောက်ပဲမြင့်သဖြင့် ဇာတ်ခုံပေါ်က ကိစ္စဝိစ္စများကို ကွက်ကွက်ကွင်းကွင်းမြင်နေရသည့် အခင်းအကျင်းဖြစ်ပါသည်။ ထိုင်ခုံများက ဇာတ်ခုံကို ဂ-ငယ် ပုံစံဝိုင်းထားပြီး ရှေ့ဆုံးခုံနှင့် ဇာတ်ခုံကြားမှာ သုံးလေးပေသာခြားပါသည်။ ဇာတ်ခုံ၏ရှေ့မျက်နှာစာတွင် ရေချိုးဇလားကြီးကတစ်ခု။
မမြင်သင့်၊ မမြင်အပ်သည့်အရာများကို ပြစားသည့်ပွဲပေမို့ ဇာတ်ခုံပေါ်မှာ မည်သည့်အကာအရံမှမရှိ။ အသုံးတော်ခံမည့်သူများ ထွက်၍ထွက်၍လာကြရာ ဇာတ်ခုံအနောက်ဘက်အခန်းကိုသာ ခန်းဆီးတစ်ခုဖြင့်ကာထားပြီး ထိုခန်းဆီးကိုဆွဲဖယ်ကာ အဝင်အထွက်လုပ်နေကြခြင်း ဖြစ်ပါသည်။ ဇာတ်ခုံ၏ ဘယ်ညာတစ်ဖက်တစ်ချက်စီ၌ ဇာတ်ခုံမျက်နှာပြင်ပေါ်ကနေ မျက်နှာကြက်ဆီသို့ ဖောက်ဝင်သွားသည့် သံမဏိတိုင်နှစ်ချောင်းရှိပါသည်။ မီးတွေက လင်းချည်မှောင်ချည်။ နောက်ခံတေးဂီတက တိုးတစ်ခါကျယ်တစ်လှည့်။
အဝင်အဝအပေါက်က ဝန်ထမ်းက ပွဲကြည့်သူတိုင်းကို နိုင်ငံကူးလက်မှတ် ပြခိုင်းပါသည်။ သဘောက နိုင်ငံခြားသားများသာ ဝင်ရောက်ခွင့်ရှိသည်ဆိုသည့်သဘော။ ထိုင်းနိုင်ငံသားမှန်လျှင် မဝင်ရဆိုသည့်အဓိပ္ပာယ်။ လက်ကိုင်ဖုံးတွေ အပေါက်ဝမှာထားခဲ့။ ကင်မရာတွေ အပေါက်ဝမှာချန်ခဲ့။ လက်မှတ်ပေါ်၌ ဘတ် ၂,၅၀၀ ရေးထားပေရာ လူတစ်ယောက် မြန်မာငွေ ၇၅,၀၀၀ ကျပ်ပေးမှ ကြည့်ရသည့်ပွဲ။
(သုံး)
ရှက်တတ်လျှင်ကျော်ဖတ်ဖို့ မေတ္တာရပ်ခံလိုပါသည်။ မျက်စိတို့ နားတို့ ခံသာအောင် မည်ကဲ့သို့ရေးပြရမလဲဆိုသည်ကို စဉ်းစားမရနိုင်ပါ။
အမျိုးသမီးငယ်သုံးဦး ထွက်လာကြပါ၏။ အလယ်ကအမျိုးသမီးက ကိုယ်လုံးတီး။ ဝဲယာတစ်ယောက်စီက အတွင်းခံဘောင်းဘီမျှသာ။ ကိုယ့်ကိုယ်ကိုယ် ပွတ်သပ်တွန့်လိမ်လျက်၊ သံမဏိတိုင်ကိုဖက်ကာ ကိုယ်ကာယအလှပေါ်လွင်အောင် တစ်ပတ်လည်ပြလျက်၊ အတွင်းခံဘောင်းဘီဝတ်ထားသူနှစ်ဦးက ဆွဲချွတ်ပြလျက် တင်ဆက်သွားသည့်မြင်ကွင်း။
အမျိုးသမီးငယ်နှစ်ယောက် ကိုယ်လုံးတီးထွက်လာကြပြန်ပါ၏။ ကိုယ်ဟန်ပြကြပြီးနောက် သူတို့၏မိန်းမကိုယ်ထဲ၌ထည့်ထားသည့် ဘလိတ်ဓားများမှာ ကြိုးဖြင့်သီပြီး ထည့်ထားခြင်းဖြစ်ရာ ထိုဘလိတ်ဓားကြိုးတန်းကြီးကို ကျန်လုံးတီးပျိုနှစ်ယောက်က ဆွဲထုတ်ပြီး ပရိသတ်ထဲသို့ဆင်းလာသည့် မြင်ကွင်း။
အမျိုးသမီးနှစ်ယောက်က ကိုယ်လုံးတီးထွက်လာသည်။ ထို့နောက် မိန်းမကိုယ်ထဲသို့ ပိုက်လုံးခပ်ရွယ်ရွယ်ကိုထိုးထည့်သည်။ ထိုပိုက်လုံးထဲသို့ မြားတံကို တစ်ချောင်းပြီးတစ်ချောင်းထည့်ကာ ကော့၍ကော့၍ ညှစ်ပြီးပစ်သည်။ ကျန်သုံးလေးယောက်က ပူဖောင်းများကိုကိုင်ကာ ဇာတ်ခုံတစ်နေရာ၌ရပ်နေရာ မြားမှန်သည့်ပူဖောင်းတို့ တဖောင်းဖောင်းပေါက်သည့် မြင်ကွင်း။ မှန်သည်လည်းရှိ၊ မမှန်သည်လည်းရှိ။
အမျိုးသမီးနှစ်ယောက် ကိုယ်လုံးတီးထွက်လာကြပြန်ပါသည်။ လက်ထဲတွင် ငှက်ပျောသီးကလေးတွေနှင့်။ ပထမတော့ စားပြပါသည်။ ထို့နောက်တွင်ကား မိန်းမကိုယ်ထဲသို့ တစ်လုံးပြီးတစ်လုံးထည့်ကာ ညှစ်၍ပစ်ပြပြန်ပါသည်။ အဖွဲ့သားများက ပစ်လွှတ်လိုက်သော တိုက်ချင်းပစ်ငှက်ပျောသီးများကို ပလတ်စတစ်ခြင်းကလေးများဖြင့် လိုက်လံခံယူသည့်မြင်ကွင်း။ ရသည်လည်းရှိ၊ ကျသည်လည်းရှိ။
အမျိုးသမီးနှစ်ယောက် ကိုယ်လုံးတီးထွက်လာကြပြန်ပါသည်။ မီးခြစ်ကိုယ်စီ၊ စီးကရက်ကိုယ်စီနှင့်။ ကိုယ်ဟန်အမျိုးမျိုးနှင့် စီးကရက်ကိုမီးညှိသောက်ပြပြီးသည့်နောက် ခြေအစုံကိုကားကာ မိန်းမကိုယ်ထဲသို့ စီးကရက်ထည့်ပြီး မီးခိုးထောင်းထောင်းထအောင် ဖွာပြသည့်မြင်ကွင်း။
မိန်းမလျာတစ်ဦးကမူ အနည်းငယ်မှောင်ထားသည့် ဇာတ်စင်ကြမ်းပြင်ပေါ်၌ မီးစုန်းဖြင့်လင်းနေသော စားပွဲတင်တင်းနစ်အရွယ် ဘောလုံးကလေးများကို မစင်ပေါက်ထဲသို့ထည့်ကာ တစ်လုံးချင်းပစ်ပြန်ပါသည်။ ယင်းကို ခြင်းဖြင့်လိုက်ခံသည့်မြင်ကွင်း။
မိန်းမပျိုက ကလေးဆော့သည့်အိုးစည်ကိုကိုင်ထား၊ လုံးတီးယောက်ျားက မတော်သင့်အရာဖြင့် ယင်းအိုးစည်ကို ဗြောင်းဆန်အောင်တီးပြ။ ယောက်ျားတန်ဆာဖြင့် ရှစ်ပေါင်လေးသည့် ကွန်ကရစ်တုံးကိုမ,ပြ။ ကျား၊ မ စုံတွဲထွက်လာကြကာ လင်မယားကိစ္စ ကမ်းကုန်အောင်ဖြစ်နေပုံများကိုပြသ။ ရေချိုးဇလားကြီးထဲတွင် လုံးတီးပျိုက ကိုယ်ဟန်အလှဖော်ကာ ရေချိုးပြ။ အမျိုးသမီးနှင့်မခြား အလှကြွယ်သူက ကိုယ်ဟန်အမျိုးမျိုးပြပြီးကာမှ အတွင်းခံဘောင်းဘီကို ချွတ်ချလိုက်ကာ ယောက်ျားဖြစ်ကြောင်းပြသ။ ဝန်ထမ်းယောက်ျားပျိုနှစ်ယောက်ကမူ ပြကွက်တစ်ခုပြီးသွားလေတိုင်း ဇာတ်ခုံကြမ်းပြင်ကို တလိမ့်တုံးဖြင့်လှိမ့်လှိမ့်ပြီး သန့်ရှင်းရေးလုပ်ပါသည်။
အရေးအကြီးဆုံးတစ်ချက်မှာ ထိုပွဲ၌ ကပြအသုံးတော်ခံနေသူတွေအားလုံး ဇာတ်ခုံပေါ်ရှိ မီးရောင်အောက်၌ မျက်နှာကလေးတွေ ပြုံးချိုနေသော်လည်း ပြကွက်အပြင်သို့ရောက်သွားသည်နှင့် မျက်နှာထားတွေအားလုံး တင်းမာခက်ထန်သွားကြခြင်း ဖြစ်ပါသည်။
ငွေ၊ ငွေ၊ ငွေ။ ထမင်း၊ ထမင်း၊ ထမင်း။ ပျော်လွန်းလို့ အသုံးတော်ခံနေတာမဟုတ်။ စားဖို့၊ သောက်ဖို့၊ အသက်ရှင်ဖို့။ လူတွေဟာ သည်လောက်အထိ အောက်ကိုဆင်းပြီး ကိုယ့်ကိုယ်ကိုယ်ခင်းကျင်းကာ ထမင်းရှာစားကြရကုန်ပြီလား။ မြက်မြက်ကလေးရလို့ဆိုခဲ့ရင်ကော ဘယ်လောက်အထိ ပမာဏများပြားတဲ့ မြက်မြက်ကလေးပါလိမ့်။
(လေး)
ရှိုးပွဲဝန်ထမ်းတို့က ကျားကျား၊ မမ မြန်မာနိုင်ငံကချည်းပဲ များပါသည်။ လက်မှတ်ရောင်း၊ လက်မှတ်သိမ်း၊ ပစ္စည်းစစ်၊ နေရာချ။
ဖိုမကိစ္စ ခင်းကျင်းပြသနေတာ လင်မယားလားဟုမေးမိတော့ ဆရာကလည်း လင်မယားပေါ့တဲ့။ လင်မယားမဟုတ်ဘဲ ဘယ်လိုလုပ်ပြလို့ရမလဲတဲ့။ တစ်နေ့တစ်နေ့ သုံးပွဲမျှပြသနေရခြင်းဖြစ်ရာ ဘယ်လိုလုပ်ပြီး အခုလိုဟု မေးခွန်းကို တန်းလန်းကြီးထားလိုက်လေသောအခါ ဆေးပေါ့ ဆရာရယ်တဲ့။ စားဆေး၊ ထိုးဆေး၊ လိမ်းဆေးတဲ့။
ရင်ထဲမှာပျော်စရာမကောင်းပါဘူး။ ကြေကွဲစရာကြီးပါ။ ဘယ်သူတွေက ဒါကိုအရသာခံလို့ ကြည့်ကြလေသလဲ။
‘‘အနောက်ကမ္ဘာလူတွေနဲ့ ဥရောပသားတွေကတော့ သိပ်မလာဘူးဆရာရဲ့။ လာမိရင်လည်း နည်းနည်းကြည့်ပြီးတာနဲ့ ပြန်ထွက်သွားတာများတယ်’’
ဒါဆို ဘယ်သူတွေ အလာများသလဲဟုမေးမိတော့ ကမ္ဘာ့အင်အားကြီး လက်ဝဲနိုင်ငံနှစ်ခု၏အမည်နှင့် အရှေ့တိုင်းနိုင်ငံတစ်ခု၊ နှစ်ခု၏ အမည်ကိုပြောပါသည်။ အံ့သြစရာကောင်းလိုက်တာ။
ကျွန်းပတ်ပတ်လည်မှာ ပင်လယ်လှိုင်းတွေနဲ့ ဝုန်းဒိုင်းကြဲနေတဲ့ ဖူးခက်ရေ။ ခရီးတစ်ထောက်နားသူ ဧည့်သည်တချို့ရဲ့ ရင်ထဲမှာလည်း ဝုန်းဒိုင်းတွေကြဲခဲ့ပါပေါ့။

No comments:
Post a Comment