May 31, 2014
ကိုရွေး
ချစ်ရတဲ့အစ်ကိုရေ
အလွမ်းတွေကို စမ်းရေထဲမှာမျှောလိုက်ပေမယ့်
စမ်းတွေကဆည်တွေဖြစ်တော့ တကယ်ညစ်တယ်အစ်ကို
အစ်ကိုက ပိုသိမှာပေါ့
ဟိုတလောကသတင်းစာထဲ ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုလား
ဆင်းရဲသားပပျောက်ရေးဆိုလား
စကားလုံးလေးတွေတန်းစီထားတာ လှလိုက်တာအစ်ကိုရယ်
ကျွန်မတို့နားထဲ သကြားခဲလေးတွေဝင်လာသလိုပဲ
တီဗွီကြော်ငြာလို ပျော်စရာလိုလို ဘာလိုလို
မစားရ အသားကျကျ ကျွန်မတို့ဘဝတွေပေါ့အစ်ကိုရာ
ဘယ်သူဌေးမှမတက်တဲ့ လမ်းဘေးအိမ်သာ ကျွန်မတို့တက်တယ်
ဘယ်သူဌေးမှမစီးတဲ့ မြို့ပတ်ရထား ကျွန်မတို့စီးတယ်
နိုင်ငံတော်အတွက်ဆို
တစ်ဆယ်လမ်းကို တစ်ရာပေးစီးလိုက်တာလည်းကျွန်မတို့ပါပဲ
ကျွန်မတို့အတွက်စဉ်းစားပေးနေပြီဆိုတော့
ကျွန်မတို့ကလည်း ပြန်ပြီးနားလည်ပေးရတာပေါ့နော်
အမှိုက်တောင်ပစ်စရာမရှိတဲ့ကျွန်မတို့အမှိုက်ခွန်တက်မယ်တဲ့
ရေခွန် လေခွန် မြေခွန် မီးခွန် ဓါတ်ကြီးလေးပါးအခွန်တက်မယ်ဆိုလား
ကျွန်မတော့မယုံပါဘူးအစ်ကိုရယ်
ဘာလို့ဆို အစ်ကိုတို့ကတစ်ခါမှအတည်မပြောခဲ့ဘူးလေ
ဟုတ်တယ်နော်အစ်ကို နောက်နေတာမဟုတ်လား
ကြားလိုက်ပါသေးတယ် ဘာတဲ့
အမေရိကန်မှာအခွန်ဘယ်လိုဆောင်ရတယ်
စင်ကာပူမှာအခွန်ဘယ်လောက်ဆောင်ရတယ်ဆိုလား
သိပ်နားမလည်ပါဘူးအစ်ကိုရယ်
ကျွန်မတို့လည်း နိုင်ငံတကာအဆင့်မီအခွန်တွေဆောင်ရတော့မှာလား
ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ဂုဏ်ယူရမှာလား
ကျွန်မ မသိတော့ဘူးအစ်ကို
လောလောဆယ် ကျွန်မသိတာက
အခွံပဲရှိတဲ့ကျွန်မတို့ အခွန်ထဲမှာကျပ်နေတာပဲ
ဆင်းရဲမွဲတေမှုစီမံကိန်းဆွဲနေတုန်း
ဘယ်သူဌေးမှမတက်တဲ့ လမ်းဘေးအိမ်သာထဲ ဗုံးထကွဲတော့
ဆင်းရဲသားတချို့လျော့သွားတယ်တဲ့အစ်ကို
လျှော့ပါ လျှော့ပါ အစ်ကိုတို့လျှော့လေ ကျွန်မတို့လျော့လေပါပဲအစ်ကို
ဒီစာရေးပြီးမှ ဒီစာမပေးဖြစ်တော့ပါဘူး
ညီမမိုက်ကို ခွင့်လွှတ်ပါအစ်ကို
စာပို့ခတွေက သုံးဆဆိုလား လေးဆဆိုလား ငါးဆဆိုလား
ဒီစာကျွန်မသိမ်းထားလိုက်ပြီအစ်ကို
လွမ်းရေးထက် ဝမ်းရေးခက်နေတဲ့ညီမ။ ။
(2014.5.28 ရွှေအမြုတေ ကဗျာဆုရ ကဗျာ)
ကောင်းကင် လက်ရွေးစင်ကဗျာများ စာအုပ်မှကူးယူသည်။

No comments:
Post a Comment