Thursday, April 24, 2014

သေသူတွေကို ချမ်းသာပေးပါ





နိုင်ငံရေး လောက (တည့်တည့်ပြောရရင် နိုင်ငံရေးလုပ်စား လောက) က ကြာလေ ကြာလေ ရွံဖို့ကောင်းလာလေပဲ။အသက်ရှင်သန်နေတုန်းကတော့…ယောင်လို့တောင်..တိုင်မှတ်ပီး နှပ်မသုတ်ခဲ့သူ
တွေက..သေသွားတော့မှ အသံဗြဲကြီးနဲ့ ငိုပြ ဆိုသလို..မြင်တွေ့ရတာတွေကတော့
မျက်စိနဲ့သိပ်ပသာဒ မဖြစ်လှဘူး။ကျွဲကူးရင် ရေပါဆိုတဲ့ ထုံးနှလုံးမူလို့ နိုင်ငံရေးလုပ်စားကိုယ်တော် တို့ကလည်း ပါးနပ်ကြပါပေ့။ မြင်သာမယ့် နေရာမှာ ၊ လူသိမယ့် နေရာတွေမှာ အသင့်နေရာယူလို့ ခန့်ခန့်ကြီး ဓါတ်ပုံတွေ အရိုက်ခံ ၊ ပြီးတော့…သူဘယ်လို ပါဝင်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေပြော ၊ ပြောလိုက် ဟောလိုက်တဲ့တရားတွေ နောက်တော့..ခွက်ကလေး
တဒေါက်ဒေါက်နဲ့ ဆေးမြစ်တွေ ရောင်းတဲ့ မြွေအလ္လပါယ် ပြတဲ့ ပွဲလို လုပ်ကွက်တွေပြ အလှူတွေခံနဲ့ သူဟာနဲ့သူကတော့ ဟန်နေတာပါပဲ။



  ဆရာကြီး ဒဂုန်တာရာ ဈာပန တုန်းကလည်း ဘာမဆိုင်ညာမဆိုင် (ဆရာကြီးဘယ် ပါတီဝင်မဟုတ်) ခေါင်းတလားကို ခွပ်ဒေါင်းအလံကြီး ခြုံပြီး ကမ္ဘာမကြေ တွေ ထဆိုလို ဆိုကြ (ဆရာကြီးက သူရောဂါနဲ့သူ ဆုံးပါးတာ) ၊ ဈာပန အခမ်းအနားမှာ ခွပ်ဒေါင်းအလံတွေ တလူလူ လွင့်ပြီး ပဏာဝင်ယူကြတာတွေဟာ ကာယကံရှင် မိသားစုတွေကတောင် နာရေး မှာအတော်လေး စိတ်ပျက်ကြရသတဲ့။ပြီးတော့ ဓာတ်ပုံ အရိုက်ခံရမယ့် နေရာတွေမှာ အခန့်သားဝင်ရပ်ရင်း လုပ်ကွက်တွေ ထုတ်ပြကြတဲ့ နိုင်ငံရေး အချောင်စား ကြောင်ပါးတွေလည်း များစွာတွေ့ရပါရဲ့။ဒီလို လူမျိုးတွေ ကို အဟုတ်ကြီး ထင် ကိုးကွယ်နေကြသူတွေအတွက်တော့ စာနာမိပါတယ်။



   အခုလည်း ဘဘဦးဝင်းတင်ကို ရေချိုးပေးနေပုံ တွေ့ရတော့ အမေရိကားမှာနေတဲ့ Dr ဝင်းမြင့်သန်း ပြောတာလေးသွားသတိရပါတယ်။ကျွန်တော့်GMရဲ့အမ ရင်း ပါ။ မယ်တော်ဆေးခန်းက ဒေါ်စင်သီယာမောင်တို့ ကိုအများဆုံး အကူအညီပေးနေသူ တစ်ယောက်ပါ။ ကိုမိုးသီးဇွန်တို့နဲ့လဲ မိတ်ဆွေတွေပါ။ သူပြောတာက ကိုမိုးသီးဇွန်ကတော့ ဘယ်သွား ဗီဒီယို ကင်မရာသမားပါတယ်တဲ့ ။ အန်တီတို့နဲ့ ဒုက္ခသည်စခန်းတွေ အကူအညီသွားပေးရင် ကားပေါ်က ဆန်အိတ်ဝင်ထမ်းပါတယ် ကင်မရာသမားကို ဟေ့ကောင် အမြန်ရိုက် ရိုက်...ငါမနိုင်ဘူး ဆိုပြီး အော်ပါသေးတယ်တဲ့။ စိတ်ကြိုက် သုံး လေးပုံလောက် ရရင် သူအလုပ်ပြီးပါပြီတဲ့။ ဒါသူအကျင့်ပါတဲ့။ ဒုက္ခသည်စခန်းမှာဆန်တစ်အိတ်ထမ်းတဲ့ပုံ ဓာတ်ပုံ ရိုက်တင်တာ ရယ်ရပေမဲ့ ဘဘရဲ့ပုံတွေ ဒီလိုသုံးတာတော့ ရွံ့ဖို့ကောင်းပါတယ်။ ခင်ဗျားက သူ့လောက် အနစ်နာခံဘူးလားလို့ နာတဲ့သူတွေက မေးရင်တော့ နိုင်ငံရေးမှာ ဘယ်လောက်ပဲ အနစ်နာခံတယ်ပြောပြော မရိုးသားရင်တော့ အထင်ကြီးစရာ မရှိပါဘူးလို့ပဲ ဖြေချင်ပါတယ်။ သေဆုံးသူတွေကို ခုတုံး လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်တာတော့ အတော့်ကို ရွံ့စရာကောင်းပါတယ်။ ဘဘ ဦးဝင်းတင် ကောင်းရာသုဂတိ လားပါစေ။
               


ဖိုးသီ 

No comments: