Wednesday, April 23, 2014

အင်ဂျင်ပါဝါ ၁၈၀၀ စီစီအောက်ကားများ ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည်

 April 22, 2014

အင်ဂျင်ပါဝါ ၁၈၀၀ စီစီအောက်ကားများ အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကို ယခင်ရာခိုင်နှုန်း ၂၅ ပေးဆောင်နေရမှုမှ ယခုအခါ ၅ ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း နေပြည်တော်ရှိ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၂ ရက်က အတည်ပြု ပြောကြားသည်။


ယခင်က ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ အထူးကုန်စည် အုပ်စုဇယား (၆)တွင် အင်ဂျင်ပါဝါ မခွဲခြားဘဲ အပေါ့စား ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် အပေါ့စား ၀က်ဘ်ဂွန်ကားများ၊ ကူပေးကားများကို ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားသည်။

ထို့အတွက် တင်သွင်းလာသည့် အဆိုပါ ကားအမျိုးအစားများကို ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင် ဆိပ်ကမ်း၌ ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရသည်။

သို့သော် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ပြီး ဧပြီ ၄ ရက်တွင် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းထုတ်ပြန် ကြေညာခဲ့ရာ၌ ယခင်သတ်မှတ်ထားသည့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပါ အခွန်နှုန်းထားအချို့ကို ပြင်ဆင်သတ်မှတ်ခဲ့သည်။

ပြင်ဆင်သတ်မှတ်ချက်အရ ယခင်က ‘အပေါ့စားဘင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် အပေါ့စား ၀က်ဘ်ဂွန်ကားများ၊ ကူပေးကားများကို ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း’ ဆိုသော နေရာတွင် ‘အင်ဂျင်ပါဝါ ၁၈၀၀ စီစီအထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ၀က်ဂွန်ကားများ၊ ကူပေးကားများအား ၂၅ ရာခိုင်နှုန်း’ ဟု ပြင်ဆင်လိုက်သည်။

အထူးကုန်စည်အုပ်စုတွင် မပါဝင်သည့် ကုန်စည်များအားလုံးသည် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်သည်။ ထို့အတွက် ၁၈၀၀ စီစီကားများ အပါအ၀င် ၁၈၀၀ စီစီအောက် ကားများအားလုံးသည် ယခင်ကကဲ့သို့ ဆိပ်ကမ်းတွင် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်းအထိ ပေးဆောင်ရန်မလိုတော့ဘဲ ငါးရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည်ဖြစ်သည်။

ပေးဆောင်ရမည့်အပေါ် ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “၁၈၀၀ စီစီနဲ့အောက်က ငါးရာခိုင်နှုန်းပဲ ပေးရတော့မှာပါ။ ဧပြီ ၁ ရက်ကစပြီး အသက်ဝင်ခဲ့တာ။ ၁၈၀၁ စီစီကစပြီး အထက်ကို ၂၅ ရာခိုင်နှုန်း ပေးရပါမယ်’ ဟု ပြောကြားခဲ့သည်။

ထို့အတွက် ၁၈၀၀ စီစီအောက် ကားများသည် ယခင်ကထက် ကုန်သွယ်လုပ်ငန်းခွန် ၂၀ ရာခိုင်နှုန်း ပိုမိုသက်သာသွားမည်ဖြစ်ပြီး အများစု ၀ယ်ယူစီးနင်းသော ၁၃၀၀ စီစီကားများမှာ ယခုထက် ပိုမိုဈေးသက်သာသွားမည် ဖြစ်သည်။
Eleven Media Group

No comments: