ဂျာနယ်တွေမှာရော ၊လူမှုရေးကွန်ယက်တွေမှာပါ အသုဘတစ်ခုအရင်းပြုနေကြတာတွေ့တော့ သတိရဆက်စပ်တွေးမိတာလေးပါ။
ကျွန်တော်တို့ မြို့လေးမှာ ကျော်ထူးဆိုတဲ့ အရူးတစ်ယောက်ရှိတယ်။သူကဒီပြင် အရူးတွေလို ဖိနပ်စုတ်၊အ၀တ်စုတ်၊ပလပ်စတစ်စုတ်တွေ ဆာလာအိတ်တို့ ကျွတ်ကျွတ်အိတ်တို့နဲ့ ကောက်တာတွေ မလုပ်ဘူး။ပါးစပ်ကနေ တတွတ်တွတ်ရွတ်ပြီး လက်ဟန်ခြေဟန်နဲ့ ပြောချင်ရာပြောတာတွေ မလုပ်ဘူး။မြန်မာပြည်ရဲ့ အပူပြင်းဆုံးဒေသမှာ ဖိနပ်ဗလာနဲ့ ချောင်ကြိုချောင်ကြားအနှံ့တော့ သွားတယ်။တစ်ချို့အယူသည်းတဲ့ သူတွေကသူနဲ့တွေ့ရင် အမင်္ဂလာလို့ သတ်မှတ်ကြတယ်။ဘာလို့လဲဆိုတော့ သူကတွေ့တဲ့ လူတွေကို ဘယ်နားမှာ အတ်ဘ(အသုဘ)ရှိလဲ မေးတတ်သလို ရပ်ကွက်တွေထဲထိ သူရောက်လာရင် တစ်အိမ်အိမ်မှာ နာရေးရှိနေပြီ။
ဒါပေမယ့်သူက ဘယ်သူကိုမှ ဒုက္ခမပေးပါဘူး။နာရေးအိမ်နားမှာ ထိုင်တယ်။သဒ္ဓါလို့ ကျွေးမွေးတဲ့ ထမင်းလေးစားတယ်။ ဆေးပေါ့လိပ်သောက်တယ်။ဒီလောက်ပဲ။အဲ အလောင်းမြေချမယ့်နေဆို ကြေးစည်ဝင်ထမ်းတယ်။အလောင်းစင်ဝင်ထမ်းတယ်။အလောင်းစင်ခေါင်းရင်းက ပန်းအိုးကိုင်တယ်။သူတတ်နိုင်တာ သူကူတယ်ပေါ့။
ခုဦးဝင်တင်အသုဘမှာ ကျော်ထူးတွေ တော်တော်များနေတာ တွေ့ရတယ်။ခါတော်မီ ကျော်ထူးတွေပေါ့။
မီဒီယာသမားတွေကတော့ သူတို့ဂျာနယ်တိုက်ရောင်းအားတက်ဖို့က အဓိကဆိုတော့ ထားပါ။ဒီထဲမှာမျက်နှာပြောင်တိုက်၊အချောင်နှိုက်တဲ့ ဟီးရိုးတစ်အုပ်တစ်မက ဟန်ဆောင်ပန်ဆောင် လုပ်ပြကိုင်ပြရှုပ်ပွနေတာတွေ့မိသဗျ။ အေးပေါ့လေ။လက်ရှိမြန်မာပြည်မှာ ဂျော်တကီးနဲ့ ထောင်ထွက်
/ပြည်ပြေးကြီးတွေ ကောင်းစားနေတော့လည်း သူတို့ခေတ်ပေကိုး။
ကျွန်တော်ကြားဖူးတာ ကြွက်သေတစ်ခု အရင်းပြုတဲ့။ခုတော့ အသုဘတစ်ခု အရင်းပြုပေါ့။ဒဂုံတာရာတုန်းကလည်း သင်းတို့ပဲ မသာရှင်။သင်းတို့ပဲ အလောင်းစင်ထမ်း။သင်းတို့ပဲ ကြွက်မြီးတန်းကြတာ။သင်းတို့တွက်က မျက်ဖြူစိုက်လေ ဆရာကြိုက်လေထင်ပါ့။အတိုက်အခံ ဆယ်လစ်ဗျစ်တီကြီးများ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါ။ နောက်မို့ဆို လုပ်စားကိုင်စား မသာရှင်ကြီးများက လင်းတထက်ဆယ်စဆိုးတာမို့ အသေဆိုးနဲ့ သေပါစေ ဆုတောင်းနေကြတယ်ပဲ သတိပေးရတော့မလို။ရယ်စရာလည်း အကောင်းသား။ယိုသူမရှက် မြင်သူရှက်စရာ။
ကျွန်တော်တို့ မြို့က ကျော်ထူးနဲ့ နှိုင်းတာသူသာသိရင် ကျွန်တော့်ကို အသုဘချချင်နေမလားမိသိပါ။ သူကအရူးပေမယ့် ပရဟိတအရူး။နာရေးကို စေတနာသန့်သန့်နဲ့ ကူညီတဲ့ အရူး။
ဒီကအရူးတွေက မယားတရူး၊အသပြာရူး၊ဥစ္စာရူး၊အာဏာရူး၊ပေါ်ပင်ရူးတွေ။အရူးချင်တူပေမယ့် ကျော်ထူးက တစ်မူးသာတယ်။ကျော်ထူးက ပိုမြတ်တယ်။
သြော်..ကျော်ထူး …ကျော်ထူး…မင်းဒီ အတ်ဘ(အသုဘ)ကို မြင်ဖူး၊ကြုံဖူးလိုက်စေချင်တယ်။
အောင်ဇေ

OppositEye

No comments:
Post a Comment