Friday, April 25, 2014

မြိတ်ခရိုင် (၄) မြို့နယ် NLD အဖွဲ့နှင့်ွ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်တို့ တွေ့ဆုံပွဲ ရန်ဖြစ် ဆဲဆို ထိုးကြိတ်မှုများဖြင့် အဆုံးသတ်

(ဓာတ်ပုံ - မြိတ် NLD လူငယ် အဖွဲ့ အစည်းအဝေး ပြုလုပ်နေစဉ် )

(၂၄-၄-၂၀၁၄) ရက်နေ့ နေ့လည် (၁)နာရီ အချိန် မြိတ်မြို့ ကန်ခေါင်းရပ် ရွှေကျောင်း ဘုန်းကြီးကျောင်းလမ်းရှိ မြိတ်မြို့နယ် NLD ပါတီရုံး တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးရာနှင့် စီးပွားရေးရာ ဌာန တာဝန်ခံ မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်၊ ဗဟို အလုပ်အမှုဆောင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ဌေးကြွယ် ၊ တနင်္သာရီတိုင်း ဒေသကြီး NLD ပါတီဥက္ကဋ္ဌ လောင်းလုံး မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး တို့နှင့် မြိတ်ခရိုင် (၄)မြို့နယ် NLD ပါတီ ကော်မတီဝင်များ၊ လူငယ်အဖွဲ့များနှင့် ရပ်/ကျေး ပါတီဝင်များ တွေ့ဆုံပွဲတွင် အစည်းအဝေး ကျင်းပပြုလုပ်သည့် နေရာနှင့် ပတ်သက်ပြီး ငြင်းခုံရာမှ အငြင်းပွားကာ ဆဲဆို ရန်ဖြစ် ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အစည်းအဝေး စတင်တာနဲ့ ပြသနာ စဖြစ်တာပါ ။ အဓိက အချက်က ဒီအစည်းအဝေးကို မြိတ်ခရိုင် NLD ရုံးမှာ မလုပ်ပဲ မြိတ်မြို့နယ် NLD ရုံးမှာ ပြုလုပ်မှုအပေါ် မေးမြန်းရာက စပြီးတော့ ငြင်းခုံရန်ဖြစ်တာပါ။ ပိုဆိုးတာက ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ငြင်းခုံနေတဲ့ လူငယ်တွေကို အစည်းအဝေး ခန်းမက နေပြီး နှင်ထုတ် လိုက်တဲ့ အတွက် လူငယ်တွေ (၁၅) ယောက်လောက်က ပေါက်ကွဲပြီး ရုံးအောက်ထပ်က နေပြီး အော်ဟစ် ဆဲဆို ကြတာပါ။ ဟု အစည်းအဝေး တက်ရောက်သူ NLD လူငယ် အဖွဲ့ဝင် တစ်ဦးက ပြောကြားပါတယ်။

ထိုရန်ပွဲကို မျက်မြင်တွေ့ရှိသူ တစ်ဦးကတော့``` ကျွန်တော်ကတော့ ဘယ်က စဖြစ်မှန်း မသိဘူး လူတွေ ၀ိုင်းအုံနေလို့ ဆိုင်ကယ်နဲ့ သွားကြည့်မိတော့ လူ (၁၅) ဦးလောက်က ရုံးအပေါ်ထပ်ကို ကြည့်ပြီး -ီး ၊တို့ ငါ-ိုးမသားတို့ သတ္တိရှိရင် ဆင်းလာခဲ့လို့ အော်ဟစ် ဆဲဆိုနေတာ တွေရပါတယ်။ လူအချို့ကလည်း ၀ိုင်းအုံကြည့်နေ ပါတယ်။ ဆဲဆိုနေတဲ့ အထဲက လူလေး ငါးယောက်လောက်က လှေကားပေါ်ကို ပြေးတက်ထိုး ပါတယ်။ အ၀င် ပေါက်လှေကားရင်းမှာ စောင့်နေတဲ့ သူတွေကလည်း ပြန်လည် တွန်းထိုးပါတယ်။ တော်တော်ကို ရုန်းရင်း ဆံခတ် ဖြစ်နေတာ တွေ့ရပါတယ်။ ဟု ပြောပါတယ်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မြိတ်မြို့နယ် NLD ပါတီ လူငယ်တာဝန်ခံ ကိုဥက္ကာမင်းက `` ရင်မောယုံကလွဲ၍ ဘာမှ မတတ်နိုင်တော့ပြီ။ လူငယ်တွေနဲ့ ပြန်စယုံမှ တစ်ပါး အခြားမရှိ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်တာပဲ၊ ဒေါသထွက်တယ်။ ရှက်တယ်။ ပေါက်ကွဲပစ် ချင်တယ်။ အားမလို အားမရ ဖြစ်တယ် သည်းခံနေ ရတယ်။ အလိုမကျဘူး။ စသဖြင့် စသဖြင့် ခံစားနေရတာကို ပြောနေလို့ စာဖွဲ့လို့ မကုန်နိုင်ဘူး ဒါပေမဲ့ ဒါတွေ အကုန်လုံးကို သိမ်းကြုံး ခံစားပြီး လက်တွေ့ ငါတကယ်လုပ် ရမှာက "ပြန်လည် တည်ဆောက်ဖို့" ဟု ၄င်း၏ FB စာမျက်နှာတွင် ရင်ဖွင့် ရေးသားခဲ့သည်။

ကျွန်းစုမြို့နယ် NLD ပါတီ အတွင်းရေးမှူး ပြန်ကြားရေး တာဝန်ခံ ကိုကျော်လှိုင်က ပါတီထဲမှာ ခေါင်းဆောင်ဖြစ်စေ၊ အချင်းချင်ုးဖြစ်စေ၊ လက်အောက် ငယ်သားဖြစ်စေ၊ အပြုသဘော ဆောင်သော ဝေဖန်ထောက်ပြ ခြင်းသည် ပါတီရဲ့ မူဝါဒတစ်ရပ် လည်းဖြစ်တယ်။ မှိုချိုးမျှစ်ချိုး သွားပုတ်လေလွှင့်၊ ဂုဏ်သိကာ ကျဆင်းအောင်ပြောသူ ပါတီဝင် များ၊ အရက်မူး၊ အကြမ်းဖက် ပါတီ ၀င်များကို ထုတ်ပစ်ရမယ်။ ဒီမို ကရေစီဝါဒကို အသုံးမပြုတတ် သောသူ၊ အရည်အချင်းဘယ် လောက်ရှိရှိ ထုတ်ပစ်ရမယ်။ မနေ့က ဗဟိုနှင့် တိုင်း တာဝန်ရှိသူ များကို ရိုင်းစိုင်းစွာ ပြောဆိုပြုမူ တင်ပြ သောပါတီဝင်တွေဟာ ဒီမိုကရေစီ ၀ါဒကို ပျက်စီး မှေးမိန် ပျောက်ကွယ်အောင် လုပ်နေတာဖြစ် ပါတယ်။ ဒီမိုကရေစီသမားတွေကို ထောင်ချ ဖမ်းဆီးစဉ် အချိန်က ငြိမ်၊ ပုန်း၊ ကြောက်နေတဲ့ကောင် တွေပါ၊ ယခုအခြေအနေမှာ ဆူပူသောင်း ကျန်းမှု မပြုလုပ် သင့်ပါ။ ပါတီ စည်းကမ်းထိန်းသိမ်းရေး အနေနဲ့ ထိရောက်စွာ အရေးယူသင့်ပါတယ်ဟု ၄င်း၏ FB စာမျက်နှာတွင် ရေးသား ထားသည်။

မြိတ်ခရိုင်အတွင်းရှိ NLD အဖွဲများ အတွင်း လူကြီး အဖွဲ့နှင့် လူငယ်အဖွဲ့ ၊ လူသစ်နှင့် လူဟောင်း အဖွဲ့များ သဘောထား ကွဲလွဲလျက် ရှိပြီး ပြီးခဲ့သည့် လကလည်း ကျွန်းစုမြို့နယ် ဥက္ကဋ္ဌ ဦးကိုလေးနှင့် မြိတ်ခရိုင် NLD ကော်မတီဝင် ဦးသိန်းဇော်မင်းတို့ လူငယ်ညီလာခံ ကျင်းပရေး ကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ ရန်ဖြစ် ထိုးကြိတ် ခဲ့ပြီး ဦးကိုလေးက ဦးသိန်းဇော်မင်းအား တရားစွဲဆိုထားကြောင်း သိရပါတယ်။

NLD ပါတီတွင် ယခင် နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့သည့် ပုဂ္ဂိုလ်အချို့မှာ ယခုလက်ရှိတွင် ပါဝင်ခဲ့ခြင်း မရှိတော့ပဲ ဦးဝင်းကြည်မှာ မြိတ်မြို့နယ် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ယခင် ကျွန်းစုမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးဖိုးကြည့်မှ ကျွန်းစုမြို့နယ် ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ အဖြစ် လည်းကောင်း ခွဲထွက် ခဲ့ကြောင်း သိရသည်။

မြိတ် သတင်း

No comments: