Saturday, April 26, 2014

သက်တမ်း ၃၀ ကျော် အသုံးပြုခဲ့သည့် ရေနွေးငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အပြီးတိုင်ရပ်ဆိုင်း



မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ ရေနွေးငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို သက်တမ်း ၃၂ နှစ်ကြာ အသုံးပြုခဲ့ပြီးနောက် ပြုပြင်ထိန်းသိမ်းရန် အခက်အခဲများ ရှိလာခြင်းကြောင့် ဧပြီလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စက်ရုံ လည်ပတ်မှုကို အပြီးတိုင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးနိုင်လဝီအောင်က ပြောကြားသည်။

ငန်းတေး လျှပ်စစ်မီးစက်သည် ရေနွေးငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီး ဖြစ်ပြီး စက်ရုံသက်တမ်း ကြာရှည်ခဲ့ပြီ ဖြစ်ရာ ပြုပြင်ထိန်းသိမ်းရန် ငွေကြေး ကုန်ကျစရိတ် များပြားခြင်းကြောင့် စက်ရုံလည်ပတ်မှုကို ရပ်နားလိုက်ခြင်း ဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

ရပ်ဆိုင်းလိုက်သည့် စက်ရုံဝင်းအတွင်း ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် Myanmar Lighting ကုမ္ပဏီကို လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုထားခြင်းကြောင့် ကုမ္ပဏီဘက်က ယင်းစက်ရုံနေရာတွင် တူရကီနိုင်ငံထုတ် ကမ်းလွန်သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက် ဂက်စ်တာဘိုင် (Gas Turbine) များဖြင့် အစားထိုး လည်ပတ်မည် ဖြစ်ကြောင်း ဦးနိုင်လဝီအောင်က ရှင်းပြသည်။

ငန်းတေး ရေးနွေးငွေ့ ဓာတ်အားပေးစက်ရုံ (GT1, GT2) ကို ၁၉၇၇-၁၉၇၈ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး၊ ယင်းစက်ရုံတွင် အစိုးရ လျှပ်စစ်ဝန်ထမ်း ၃၆ ဦး ရှိကြောင်းနှင့် စက်ရုံ ရပ်နားခဲ့ခြင်းကြောင့် ဝန်ထမ်းများကို ပင်စင်ပေးခဲ့ပြီး ဝန်ထမ်းအချို့ကို Myanmar Lighting ကုမ္ပဏီတွင် အလုပ်ဆက်လက် လုပ်နိုင်ရန် ကုမ္ပဏီဘက်က ရွေးချယ်သွားမည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ပုဂ္ဂလိက လျှပ်စစ်မီးကို မေလအတွင်း စတင်ဖြန့်ဖြူးနိုင်ရန်အတွက် ဧပြီလ ၂၄ ရက်နေ့တွင် ဂက်စ်တာဘိုင် စက်အသစ်များကို စမ်းသပ် လည်ပတ်စေခဲ့ကြောင်း စက်ရုံလုပ်သားများထံမှ သိရှိရသည်။

The Voice Weekly

No comments: