Friday, April 25, 2014

အစ္စရေးနိုင်ငံက စိုက်ပျိုးစရိတ် ချေးငွေနှင့် ဈေးကွက် အကူအညီပေးမည့် ဧကငါးထောင်ကျော် စိုက်ခင်းကို မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး မြို့နယ်၌ လာမည့် ၂၀၁၅ ခုနှစ်တွင် စတင်စိုက်ပျိုးမည်

မန္တလေး၊ ဧပြီ ၂၃

အစ္စရေးနိုင်ငံက စိုက်ပျိုးစရိတ် ချေးငွေနှင့် ဈေးကွက် အကူအညီပေးမည့် ဧကငါးထောင်ကျော် စိုက်ခင်းကို မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး မြို့နယ်၌ လာမည့် ၂၀၁၅ ခုနှစ်တွင် စတင်စိုက်ပျိုးမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန နွားထိုးကြီးမြို့နယ်ရုံး တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ စိုက်ခင်းကို မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ရွာကြီးအုပ်စုတွင် စိုက်ပျိုးရန် ရွေးချယ်ထားပြီး ယင်းသို့ စိုက်ပျိုးရန်အတွက် အစ္စရေးနိုင်ငံမှ ပညာရှင်များက လာရောက် လေ့လာလျက် ရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် အစ္စရေးတို့ နားလည်မှု စာချွန်လွာ လက်မှတ်ရေးထိုးအပြီး လာမည့်နှစ်တွင် အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရသည်။

“ဧရာဝတီမြစ် ရေတင်စီမံကိန်းနဲ့ စိုက်ပျိုးမှာပါ။ ရေရအောင်နဲ့ နည်းပညာတွေကို အစ္စရေးက ကူညီမယ်လို့ သိရတယ်” ဟု မန္တလေးတိုင်းဒေသကြီး မြေစာရင်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။

စိုက်ပျိုးရေး ကုန်ကျစရိတ်များကို အစ္စရေးက ထုတ်ချေးပေးမည် ဖြစ်ပြီး နှစ်အလိုက် ကုန်ကျစရိတ်များကို ငါးနှစ်အတွင်းအပြီး တောင်သူများ ပြန်လည် ပေးဆပ်ရမည်ဖြစ်ကာ ဟင်းသီးဟင်းရွက်ကို စိုက်ပျိုးရမည် ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် သီးနှံများကို ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရေး အကူအညီ ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန နွားထိုးကြီးမြို့နယ်ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စိုက်ပျိုးရေးအတွက် နည်းပညာတွေနဲ့ စနစ်တကျလုပ်ရင် အောင်မြင်မှာပါ။ အစ္စရေးက မျိုးစေ့ဆိုတာလည်း ဒီကရေမြေ သဘာဝနဲ့ ကိုက်ညီမှ အဆင်ပြေမှာ။ မဟုတ်ရင် တောင်သူတွေ အကျိုးဖြစ်ထွန်းအောင် မစိုက်နိုင်ဘူး” ဟု မန္တလေးမြို့တော်ရှိ စိုက်ပျိုးရေ ပညာရှင် ဦးမောင်ရှင်က ဆိုသည်။ 

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဂျပန် နည်းပညာ အကူအညီဖြင့် သခွားသီးစိုက်ခင်းများကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် စိုက်ပျိုးခဲ့ဖူးပြီး ရေမြေသဘာဝ မတူသဖြင့် တောင်သူအချို့ ဆုံးရှုံးခဲ့ဖူးကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

No comments: