Sunday, May 25, 2014

အခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD က လူထုကို လမ်းပေါ်ဆွဲတင်လျှင် မြန်မာနိုင်ငံတွင် ထိုင်းမှာကဲ့သို့ အာဏာသိမ်းမှုဖြစ်နိုင်

ထိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံးစစ်အုပ်ချုပ်ရေးကြေညာထားချိန်တွင် အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကို စစ်တပ်က ခေါ်ယူပြီး စေ့စပ်ဆွေးနွေး ညှိနှိုင်းပေးခဲ့သော်လည်း ထိုညှိနှိုင်းမှုများ မအောင်မြင်သည့်အတွက် အမျိုးသားငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ National Peacekeeping Committee ကို ဖွဲ့စည်းကာ အာဏာသိမ်းလိုက်ပြီဟု ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာက မေ ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ကြေညာလိုက်သည်။ ယခုကဲ့သို့ အာဏာသိမ်းခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရန် အတွက်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ပရာယု က ဆိုပါသည်။

ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုသည် ရှပ်နီနှင့် ရှပ်ဝါများအကြား စေ့စပ်ညှိနှိုင်း၍ မရနိုင်လောက် အောင် သဘောထားကွဲပြားမှုများကြောင့် ဖြစ်ပေါ်လာသည့်နိုင်ငံရေးအကျပ်အတည်းသည် အကြမ်းဖက် တိုက်ခိုက်မှုတစ်ချို့ဖြစ်လာခဲ့ကာ နှစ်ဖက် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြမည့်အခြေအနေသို့ရောက်ရှိလာ သည့်အတွက် တပ်မတော်က ဝင်ရောက်ထိန်းသိမ်းခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း NLD ပါတီနှင့် ၈၈ မျိုးဆက်များ ဦးဆောင်ကာ အခြေခံဥပဒေပြင်ဆင်ရေး စည်းရုံး ဟောပြောမှုများဆောင်ရွက်လျက်ရှိပြီး ၄င်းတို့တောင်းဆိုသည့်အတိုင်း အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်းမှ မဆောင်ရွက်နိုင်ပါက လူထုအားဖြင့် လမ်းပေါ်တက်ဆန္ဒပြကြမည်ဆိုလျှင် ထိန်းမနိုင်၊ သိမ်းမရဖြစ်ပြီး နောက်ဆုံးတွင် စစ်တပ်က အာဏာသိမ်းပြီး မြန်မာ့နိုင်ငံရေး နောက်ကြောင်း ပြန်လှည့် မည်ကို နိုင်ငံရေးလေ့လာသူများစိုးရိမ်မှုများ ရှိကြောင်း ပြောကြပါသည်။

''ထိုင်းနိုင်ငံရေးကတော့ အဓိက အုပ်စုကြီးနှစ်စုကြားမှာ ပဋိပက္ခကြီး မားခဲ့တော့ နောက်ဆုံးညှိမရတဲ့အဆုံး ဒီလိုအခြေ အနေဖြစ်လာတာပါပဲ။ မြန်မာနိုင်ငံမှာလဲ အဆိုးဆုံးကိုတွေးရရင် နိုင်ငံရေးက နောက်ကြောင်း ပြန်လှည့်မှာ စိုးရိမ်တယ်''ဟု မြန်မာ့ နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက ဒီမိုကရေစီတူဒေး သတင်းစာ ကို ပြောကြားခဲ့သည်။

ဦးကျော်လင်းဦးက ''အတိုက်အခံတွေက လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချချင် တယ်။ စစ်တပ်ပါဝင်မှုမရှိရင် ပြည်သူတွေအတွက် ပိုကောင်းမယ်လို့ စဉ်းစားတယ်။ စစ်တပ်ကို နိုင်ငံရေး ထဲက ဖယ်ထုတ်ဖို့စဉ်းစားတယ်။ ဒါကနေ့ချင်း၊ ညချင်း လုပ်လို့မရဘူး။ စစ်တပ် ဘက်မှာလည်း စိုးရိမ်မှုတွေ ရှိတယ်။ အရင်ကအမှားတွေကို ပြန်ပြီး အရေးယူမှာလား။ စစ်တပ်ရဲ့အကျိုးစီးပွားတွေကို ထိန်းချုပ် သွားမှာ လားဆိုတာ စိုးရိမ်တဲ့ပုံရတယ်။ ဒါကို နှစ်ဖက် စလုံးကနားလည် လက်ခံနိုင်တဲ့အဖြေ တစ်ခုကိုရှာရမှာ ဖြစ်တယ်။ မရှာနိုင်ရင်တော့ ထိုင်းနိုင်ငံလို မဖြစ်ဘူးလို့ ပြောလို့မရဘူး''ဟု ဆက်လက်ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ''နိုင်ငံရေးတည် ငြိမ်မှုကင်းမဲ့သွားအောင်၊ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ ပျက်စီးသွားအောင်၊ ၂၀၁၅ ရွေးကောက်ပွဲ လုပ်လို့ မရအောင်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ရှိလာလို့ရှိရင် အာဏာသိမ်းမှုဆိုတာဖြစ်လာမှာပဲ။ တပ်ကို အာဏာသိမ်းပါလို့ သိမ်းနိုင်အောင် လုပ်ကိုင်ပေးတဲ့ အဆင့်တွေပေါ်လာနိုင်လို့ရှိရင် လုပ်တဲ့လူက တရားခံပဲလေ။ အဲဒီလို အခု တော့ မဖြစ်သေးဘူး။ ဒီထက်ပိုပြီးတော့ လမ်းမပေါ် တက်ပြီး အော်တာ၊ ဟစ်တာတွေ၊ သတ်တာ၊ ဖြတ်တာ တွေဖြစ်လာမယ်ဆိုရင်တော့ မလွဲမသွေအာဏာသိမ်းတဲ့အောက် ရောက်သွားမှာပဲ'' ဟု ပြောကြားသည်။

စာရေးဆရာကျော်ဝင်းက "မြန်မာနိုင်ငံမှာ အာဏာသိမ်းစရာမလိုပါဘူး။ အရေးပေါ် အခြေအနေဖြစ်လာရင် သမ္မတက မာရှယ်လော အရေးပေါ်ကြေညာပြီး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အခြေခံဥပဒေအရ အကာအကွယ်ပေးရုံပါပဲ။ ဆိုလိုတာက အခြေခံဥပဒေထဲမှာတင် ကာကွယ်ရေးဦးစီးချုပ်က ထိန်းချုပ်နိုင် တယ်လို့ပါထားပါတယ်။ ဒါကိုတော့ စဉ်းစားရမှာပေါ့" ဟု မဇ္ဇိမ သတင်းစာကို ပြောကြားခဲ့သည်။

"အာဏာသိမ်းတယ်ဆိုတာတော့ မဆန်းပါဘူး။ အခုလည်း ထိုင်းမှာ ဒီလိုအနေအထားမျိုးဖြစ်သွားပြီ။ ဒါပေမဲ့ (မြန်မာပြည်မှာ) ၈၈ လိုတော့ ထပ်အဖြစ်ခံမယ် မထင်ဘူး။ အရင်တုန်းကတော့ တပ်က ဒီအတိုင်းပဲ အာဏာသိမ်းတာပေါ့။ အခုကတော့ဖြစ်ရင် ဥပဒေနဲ့ကို သိမ်းမှာ။ သိမ်းဖို့ဥပဒေလည်း ရှိပြီးသားပဲ။ ရန်ကုန် မှာ ဖြစ်ရင် ရန်ကုန် သိမ်းမယ်။ မန္တလေးဖြစ်ရင် မန္တလေးပဲ" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသော တပ်မတော် အရာရှိကြီးတစ်ဦးက မြန်မာနိုင်ငံတွင် စစ်ဘက်မှ အာဏာသိမ်းမှုမျိုး မဖြစ်ပေါ်စေရန် အရေးပေါ်အခြေအနေ အဆင့်ဆင့်တွင် လုပ်ဆောင်နိုင်မည့် လုပ်ထုံးလုပ်နည်းများကို အခြေခံဥပဒေတွင် ထည့်သွင်းထားကြောင်း၊ ထို့ကြောင့် လမ်းပေါ်တွင် ရုန်းရင်း ဆန်ခတ်ဖြစ်လာပြီး လူထု၏ အသက်အိုးအိမ်၊စည်းစိမ်ကို ထိခိုက်လာနိုင်သည့်အချိန်မျိုးတွင် တပ်မတော် အနေဖြင့် အာဏာသိမ်းရန်မလိုပဲ အခြေခံဥပဒေနှင့်အညီ သမ္မတက အရေးပေါ် အခြေအနေကြေညာကာ တပ်မတော် က အုပ်ချုပ်ရေးကို အကူအညီပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့်မူ ၈၈ အရေးအခင်း ကာလက မင်းမဲ့စရိုက်မျိုး ပြည်သူလူထု ထပ်မံမကြုံတွေ့စေရန် ကာကွယ်သွားရမည့် တာဝန် ရှိကြောင်း ပြောကြားခဲ့ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည်က အမှန်တရားကို သတ္တိရှိရှိ ရင်ဆိုင်ပြီး စစ်တန်းလျားပြန်ရန် တပ်မတော်အပေါ် စိန်ခေါ်တိုက်တွန်းပြုခြင်းကို သတ္တိမရှိဘဲနဲ့တော့ စစ်သား မလုပ်ပါဘူးဟု တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးပြောသလို တပ်မတော်နဲ့ ထိပ်တိုက် ရင်ဆိုင်မလား။ မဆိုင်ဘူးလား ဆိုတာကတော့ သူ့ (ဒေါ်အောင်ဆန်းစုကြည်) အပိုင်းပါပဲ ဟု တပ်မတော်သား ကိုယ်စားလှယ်ဗိုလ်မှူးကြီး မြင့်ကိုကိုက ပြောသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီးဦးရဲထွဋ်က ''ထိုင်း နိုင်ငံရဲ့ ဖြစ်စဉ် ကိုကြည့်ရင် အခြေခံဥပဒေဘောင်အတွင်းက မဖြေရှင်းလုပ်တဲ့အတွက် ဒီလို အခြေအနေ ရောက်သွား တာပါ။ မြန်မာနိုင်ငံမှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်သွားရင် အသွင်ကူး ပြောင်းရေး က ချောချော မွေ့မွေ့ဖြစ် သွားမှာပါ''ဟု ဒီမိုကရေစီတူဒေးကို ပြောခဲ့ပါသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ လက်ရှိအနေအထားအရ အစိုးရနှင့် အတိုက်အခံတို့ အကြား ကြီးမားသည့် ပဋိပက္ခ ဖြစ်ပွားနိုင်သည့် အခြေအနေမရှိသေးကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ လွှတ်တော်တွင်း၌ ကော်မတီဖွဲ့၍တရားဝင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ လူပေါင်းစုံ၏ အမြင်မျိုးစုံ ဆန္ဒမျိုးစုံ တောင်းဆိုချက်မျိုးစုံ ရှိနေမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးတန်းတူရရှိရေးကဲ့သို့ အရေးကြီးသော အမျိုးသားရေးအကျိုးစီးပွားနှင့် သက်ဆိုင်သည့်ကိစ္စများ ကို ဦးစားပေးသင့်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုသည်မှာ တစ်ကြိမ် တည်းနှင့်ပြီးမည့် ကိစ္စမဟုတ်ဘဲ ရေရှည်စဉ် ဆက်မပြတ်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း၊ ထို့ကြောင့် လွယ်ကူ၍ မြန်ဆန်မည့်ကိစ္စမှ စတင်ကာ ခက်ခဲ၍ သိမ်မွေ့သော ကိစ္စများကို သတိထား၍ ကိုင်တွယ် သွားသင့်ကြောင်း ပြောကြားသွားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ သက်တမ်းနုနယ်သေးပြီး အတိမ်းအစောင်း မခံသည့် အခြေအနေရှိရာ အားလုံးက အပြန်အလှန် နားလည်မှု ရှိရှိဖြင့် ညှိနှိုင်းဆောင်ရွက်သွားကြရန် အရေးကြီး ပါသည်။ နိုင်ငံရေး တည်ငြိမ်မှုမရှိက အခြားလူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှု များကိုပါ ထိခိုက်သွားနိုင် သည်ကို ပါဝင်ပတ်သက်သူအားလုံး သတိထားသင့်ပါသည်။ စိတ်လောကြီးပြီး ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကို ဇွတ်တိုးခဲ့လျှင် မြန်မာ့ဒီမိုကရေစီရေး ရှေ့မတိုးနိုင်သည့်ပြင် နောက်ကြောင်းပြန်လှည့် သည့် အခြေအနေအထိ ဆိုက်ရောက်သွားနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရ ပါသည်။

From:ပြည်သူ့အာဏာ

No comments: