Jun 3, 2014
ရဲကျော်သူရ
အခုတလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့ ဦးဆောင်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လှုံ့ဆော်ဟော ပြောပွဲတွေ၊ လက်မှတ်ထိုးပွဲတွေ လှုပ်ရှားဆောင် ရွက်နေကြတာ တွေ့ရမှာပါ။
ကမ္ဘာပေါ်မှာ အကြွင်းမဲ့ ပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘူးဆိုတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်စရာ မလိုလောက်အောင်ပြီးပြည့်စုံနေတဲ့ အခြေခံဥပဒေလို့မယူဆပါ။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို မူအားဖြင့် ကျွန်တော်သဘောတူပါတယ်။ ဒါပေမဲ့ လက်တွေ့ဆောင်ရွက်နေတဲ့ ပုံစံကိုတော့ ကျွန်တော် သဘောမကျပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာ အပြုသဘော ဆောင်တဲ့ လှုပ်ရှားမှုထက် ရန်လိုတဲ့ပုံပေါက်နေပါတယ်။ တပ်မတော်သားတွေကို စည်းရုံးသိမ်းသွင်းတဲ့ပုံစံမျိုးမဟုတ်ဘဲ စိန်ခေါ် တဲ့ပုံစံ ၊ ပြက်ရယ်ပြုတဲ့ပုံစံပေါက်နေပါတယ်။
ပုဒ်မ ၄၃၆ ကိုပြင်ချင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဒီပုဒ်မထဲ က ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေး ပိုင် ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဆိုတဲ့ အချက်ကို အဓိက ပြင်ချင်တာ ဖြစ်ပါတယ်။
ချစ်စေလိုလည်း လက်နှစ်သစ် မုန်းစေလိုလည်း လက်နှစ်သစ်ဆိုတဲ့စကားရှိပါတယ်။ ကိုယ်လိုချင်တဲ့အရာအတွက် ချိုသာ ကြည် မွေ့စွာ ပြောဆိုသင့်တယ်၊ ဘာပဲပြောပြော ဆင်ခြင်သင့်တယ်လို့ ဆိုလိုတာပါ။ လက်ရှိအနေအထားရောက်အောင် ကာလ အတန် ကြာ ဖြတ်သန်းလာခဲ့ရတာဖြစ်ပါတယ်။
အတိုက်အခံတွေရဲ့ သံခင်းတမန်ခင်း လိမ်မာပါးနပ်ကျွမ်းကျင်မှု နည်းပါးတဲ့ အတွက်ကြောင့် လက်ရှိအနေအထားလေးပျောက်သွား မှာ ကျွန်တော် အင်မတန် စိုးရိမ်ပါတယ်။
ပုဒ်မ ၄၃၆ ပြီးတော့ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကိုပြင်ဆင်ဖို့ ဆန္ဒပြတောင်းဆိုပွဲတွေ လုပ်နေတာတွေ့ရပါတယ်။ အကြောင်းပြချက်က တော့ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင်ကန့်သတ်တားဆီးထားတဲ့ ပုဒ်မတွေဖြစ်လို့ပါ လို့ ပြောကြပါတယ်။
Facebook စာမျက်နှာတွေပေါ်မှာတော့ အတိုက်အခံအဖွဲ့တွေက ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ပြင်ဆင်ရေးကို ထောက်ခံ ပြောဆိုနေကြပြီး တပ်မတော်အသိုင်းအဝိုင်းနဲ့ အမျိုးသားရေးဝါဒီတွေကတော့ အဲဒီပုဒ်မတွေ ပြင်ဆင်ရေးကို ထောက်ခံတာ မတွေ့ ရပါဘူး။ ကျွန်တော့်သဘောပြောရရင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စကို ဘာမှမဝေဖန် လိုပေမဲ့ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကတော့ မပြင်သင့်ဘူး လို့ ယုံကြည်ပါတယ်။
ပုဒ်မ ၅၉ (ဃ) မှာ “နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များရှိရမည်။” လို့ ဖေါ်ပြထားပြီး ပုဒ်မ ၅၉ (စ) မှာ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦး ဦး သော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦး ဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံ သားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံ သားသော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။
အတိုက်အခံအဖွဲ့ဘက်က ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင်လို့ စစ်တပ်ကရည်ရွယ်ပြီးရေးထားတာလို့ စွပ်စွဲ ပါတယ်။ ဒါ့အပြင် အကြောင်းပြ ချက် နောက်တစ်ခုက အရင်ရှိခဲ့တဲ့ အခြေခံဥပဒေတွေမှာတောင် ဒီလိုပြဌာန်းချက်တွေ မပါဘူးလို့ ဆိုပါတယ်။
ဟုတ်ကဲ့ အရင်တုန်းက အချိန်မရလို့သော်လည်းကောင်း၊ မလိုသေးလို့သော် လည်းကောင်း ထည့်မဆွဲခဲ့တာနေမှာပါ။ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေတောင် ၁၉၈၂ မှဆွဲရတာဖြစ်တဲ့အတွက် လက်ရှိအငြင်းပွားနေတဲ့ ပုဒ်မတွေကိုလည်း လိုအပ်တဲ့ အချိန်မို့ ဆွဲရတာလို့ ပြောနိုင်ပါတယ်။။ ၁၉၄၇ အခြေခံဥပဒေဆွဲတုန်းက လူဦးရေ သန်း ၂၀ တောင်မပြည့်သေးပါဘူး။ ဒီလိုပဲ ၁၉၇၄ အခြေခံဥပဒေဆွဲတော့လည်း လူဦးရေ သန်း၃၀ မကျော်သေးပါဘူး။ အခု လူဦးရေ သန်း ၆၀ ဝန်းကျင်ဖြစ်တဲ့အတွက် ၄၇ နဲ့ ၇၄ အခြေခံဥပဒေတွေကို တရားသေကိုးကားပြီးပြောလို့မရပါဘူး။
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက အတိုက်အခံအဖွဲ့ကလူတွေဟာ ပုဒ်မ ၅၉ (ဃ) မှာ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ရေးထားတော့ စစ်ဗိုလ်ချုပ်တွေပဲ သမ္မတ လုပ်လို့ ရတော့မှာပေါ့ဆိုပြီး ရောကြိတ်နေကြတာ တွေ့ရပါတယ်။
ပုဒ်မ ၅၉ (ဃ) မှာ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ဖေါ်ပြထားတာ လုံးဝ (လုံးဝ) မပါပါဘူး။ “နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များရှိရမည်။” လို့သာ ဖေါ်ပြထားတာဖြစ်ပါတယ်။ ဒီလိုဖေါ်ပြ ထားပါ လျက်ကနဲ့ ကိုယ်လိုရာကိုယ်ဆွဲပြောနေတာဟာ မရိုးသားတာပါ။
ပုဒ်မ ၅၉ (စ) ကို ပြင်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်သာမက နောင်မှာ တရုတ်၊ ကုလားနဲ့ တခြားနိုင်ငံခြားသွေးပါသူတွေဟာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာနိုင်ပါတယ်။ ပုဒ်မ ၅၉ (စ) ဟာ ဒီလိုမဖြစ်အောင်ကာကွယ်ထားတာပါ။
ပုဒ်မ ၅၉ (စ) ကို လူတစ်ဦးတစ်ယောက် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းကို ရည်ရွယ်ပြီး ရေးဆွဲထား တာလို့ ကျွန်တော်တော့မယုံကြည်ပါဘူး။
အေဒီ ၂ ရာစုကပဲ စစ၊ အေဒီ ၁၁ ရာစုကပဲ စစ မြန်မာပြည်ကို ဗမာမင်းနဲ့ ရှမ်းဗမာ ကပြားမင်း (ငါးစီးရှင်ကျော်စွာတို့ ညီအစ်ကို တစ်သိုက်) တွေက အုပ်ချုပ်ခဲ့ကြတာပါ။ ဘယ်သူပဲ အုပ်ချုပ်ခဲ့ အုပ်ချုပ်ခဲ့ မင်းတိုင်းဟာ ဗုဒ္ဓဘာသာဝင် မင်းတွေချည်းဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ လွတ်လပ်ရေးကြေညာစာတမ်း Independence Declaration အပိုဒ် ၂ မှာကိုက All men are created equal နဲ့ စတာ ပါ။ နိုင်ငံတော်ဆောင်ပုဒ်က ဒေါ်လာငွေမှာထည့်သွင်းပုံနှိပ်ထားတဲ့ In God We Trust ပါ။ သမိုင်း မတူသလို ယဉ်ကျေးမှုလည်းမတူပါဘူး။
အငြင်းပွားဖွယ်ရာအချက်တွေရှိနေပေမဲ့၂၀၀၈ ဖွဲ့စည်းပုံဟာ မြန်မာတွေရဲ့ အမျိုးသားရေး ဝါဒကို ကာကွယ်ထားတာပါ။ ကျွန်တော် တို့ မြန်မာတစ်မျိုးသားလုံးရဲ့ အနာဂတ်မျိုး ဆက်တွေအတွက်ပါ။
၅၉ (ဃ) နဲ့ (စ) ကိုပြဌာန်းထားတာဟာ ကျွန်တော်တို့ သားသမီး၊ မြေးမြစ်တွေက စလို့ နောင်မျိုးဆက်အားလုံးအတွက် ကာကွယ် ထားတာပါ။ ဒီပုဒ်မတွေ ကို ပြင်လိုက် တာဟာ ကျွန်တော်တို့ မျိုးဆက်တွေရဲ့လည်ကိုလှီးမယ့်ဓားကို ကိုယ်တိုင်သွေးပြီး အနာ ဂတ် ရန်သူ့လက် အပ်လိုက်တာနဲ့အတူတူပဲ။ ထရွိုင်ဇာတ်ကားထဲကလို ထရိုဂျင်မြင်း ရုပ်ကြီးကို ပျော်ပျော်ပါးပါး မြို့ထဲဆွဲသွင်းလာတာနဲ့ အတူတူပါပဲ။ ထရိုဂျင်မြင်းရုပ်ကြီးရဲ့ ဗိုက်ထဲမှာ ပုန်းအောင်းပြီးပါလာတဲ့ သူတွေကတော့ ဓားတသသနဲ့ ပြုံးနေကြမှာပေါ့။
ကျွန်တော့်အရင်အလုပ်မှာ လူငယ်တစ်ယောက်ရှိတယ်။ သူကအရင်က NLD က ပါ။ နောက်မကြိုက်လို့ဆိုပြီး သူ့ဘာသာထွက် လာတယ်။ တလောက ၅၉ (စ) ပြင်ဖို့ သူနေတဲ့မြို့နယ်မှာ ဆန္ဒပြပွဲလုပ်တာကြည့်ပြီး ဒေါသတွေထွက်နေတယ်။ “ဘယ့်နှယ်ဗျာ ကုလားတွေက သူတို့ဝင်လို့ရမယ့် အပေါက်ပွင့်အောင်ကြိုးစားနေကြတာ ကို မြန်မာတွေ က သောက်မှန်းကမ်းမှန်းမသိဘဲ လိုက်ပြီး သူများမြှောက်ပေးတိုင်း ဆန္ဒပြနေကြ တယ်… ” တဲ့။ တကယ်ဆိုသူက တရုတ်သွေးအတော်ပါပါတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ မြန်မာ လို့ပဲ ခံယူထားသူပါ။
ပြင်ချင်တဲ့အဖွဲ့က အသည်းအသန်ကြိုးစားနေကြသလို မပြင်ချင်ဘူးဆိုတဲ့အဖွဲ့ကလည်း အခြေအနေစောင့်ကြည့်နေကြတာ တွေ့ရ ပါတယ်။ ဒါဆို ပုဒ်မ ၅၉ (ဃ) နဲ့ (စ) တို့ကို မပြင်ရတော့ဘူးလား။
ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကိုပြင်ချင်တဲ့အဖွဲ့ရဲ့ ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် ပိတ်ဆို့တားဆီးထားတဲ့ အဟန့်အတားကို ဖယ်ရှားချင်နေတာလို့ ယူဆရပါတယ်။ မပြင်ချင်တဲ့အဖွဲ့ကလည်း အဲဒီပြင်ဆင်ချက်ကြောင့်အနာ ဂတ် မြန်မာ နိုင်ငံမှာ တိုင်းရင်းသား မဟုတ်တဲ့သူတစ်ယောက်ယောက် သမ္မတဖြစ် လာနိုင်ပြီး အမျိုး၊ ဘာသာ၊ သာသနာ ပျောက်ကွယ်သွားမှာ ကို စိုးရိမ်လို့ မပြင်ချင်တာပါ။
ဒီအခြေအနေမှာ ကြားထဲက နည်းလမ်းတစ်ခုခုမရှိတော့ဘူးလား။ ရှိပါတယ်။
ပထမနည်းလမ်းက ဒေါ်အောင်ဆန်းစုကြည်သားတွေ မြန်မာနိုင်ငံသားခံယူလိုက်ဖို့ပါ။ ခံယူလိုက်မယ်ဆိုရင်တော့ ဥပဒေနဲ့ညီသွား ပါပြီ။ ဒီနည်းလမ်းဟာ သိပ်တော့မလွယ် ပါဘူး။ လူတစ်ယောက်ချင်းရဲ့ လွတ်လပ်ခွင့်နဲ့ပတ်သက်နေပါတယ်။
ဒုတိယနည်းလမ်းကတော့ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကို ပြင်စရာမလို ဘဲ နိုင်ငံတော် ရဲ့အကျိုးငှာ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် ပြီး ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းအတွက် အထူးအခွင့်အရေးအဖြစ် သမ္မတလောင်းအရည်အချင်း ထဲက ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကို ယာယီလျှော့ပေါ့ပေးလိုက်တာပါ။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်အနေနဲ့ရော၊ ကမ္ဘာကလေးစားနေတဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှု ခေါင်းဆောင်တစ်ယောက် အနေ နဲ့ရော၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလော လိုအပ်ချက်တစ်ခုအနေ နဲ့ ရော ဒေါ်အောင်ဆန်းစုကြည်ကို အထူးအခွင့်အရေးပေးမယ်ဆို ပေးလို့ရပါတယ်။
တစ်ဦးတစ်ယောက်တည်းအတွက် ပြင်မပေးနိုင်ဘူးဆိုသူတွေကိုပြောချင်တာက အခုကျွန်တော်ပြောတဲ့ ကိစ္စဟာ ၅၉ (ဃ) နဲ့ (စ) ကို ပြင်စရာမလိုဘူး ဆိုတာပါပဲ။
အနာဂတ်အတွက်လည်း စိတ်မပူရ၊ ပစ္စုပ္ပန်အတွက်လည်း နိုင်ငံရေးအရ အကျိုးအမြတ်ရှိနိုင် တယ်လို့ ယုံကြည်ပါတယ်။
ဥပဒေနဲ့ မညီဘူးလို့ဝေဖန်ထောက်ပြမယ့်သူများကို ပြောချင်တာက အမေရိက န်ပြည်ထောင်စုရဲ့ ၃၂ ယောက်မြောက် သမ္မတ ဖြစ်တဲ့ ဖရန်ကလင် ဒီလာနိုရုစဗဲ့ (Franklin Delano Roosevelt) ဟာ အမေရိကန်သမိုင်းမှာ သမ္မတသက်တမ်း နှစ်ကြိမ် ထက် ပိုပြီး အရွေးမခံရဆိုတဲ့ အစဉ်အလာကို ကျော်လွန်ပြီး လေးကြိမ်တိတိ သမ္မတဖြစ်ခဲ့ တဲ့သူဖြစ်ပါတယ်။
၅၉ (ဃ) နဲ့ (စ) ပြင်စရာမလိုဘဲနဲ့ အတိုက်အခံအုပ်စုတွေဖြစ်စေချင် တဲ့ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်မယ့်အခွင့်အရေး တံခါးလည်းပွင့် အမျိုးသားရေးဝါဒီတွေစိုးရိမ်နေတဲ့ ပုဒ်မအချို့ကိုလည်း ပြင်စရာမလိုဆိုတဲ့ လမ်းကြောင်းတစ်ခုပါ။
တိုင်းပြည်အတွက်လိုအပ်လာရင် အမျိုးသားနိုင်ငံရေးကို အပွန်းပဲ့မခံဘဲ ဆောင်ရွက်နိုင် တဲ့နည်းလမ်းတွေ ဘာရှိမလဲလို့ စဉ်းစားမိ သမျှ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

No comments:
Post a Comment