Saturday, June 7, 2014

မြောက်ကိုရီးယား သယံဇာတနှင့် ရုရှား ရင်းနှီးမြှပ်နှံမှု ဖလှယ်ရန် သဘောတူ


မော်စကို ဇွန် ၇

အမေရိကန် ရဲ့မြောက်ကိုးရီးယား အပေါ်ပိတ်ဆို့မှုပေါ်လစီကို ရုရှားက အိမ်သာကျင်းထဲ ပစ်ချလိုက်သည့် သဘောမျိုးကို ရုရှားက စတင် ကျင့်သုံးလိုက်သည်။ မြောက်ကိုးရီးယား၏ နယူကလီယား ဖေါက်ခွဲမှုကို ကန့်ကွက်သည့်အနေနှင့် မြောက်ကိုးရီးယားကို အမေရိကန်က ပိတ်ဆို့အရေးယူ ကျင့်သုံးနေခြင်း ဖြစ်ပါသည်

မြောက်ကိုရီးယားနိုင်ငံတွင်း သယံဇာတများ ထုတ်ယူခွင့်ကို ရုရှားကုမ္ပဏီများ အပေါ် ပေးအပ်သွားမည် ဖြစ်ပြီး အပြန်အလှန်အားဖြင့် ရုရှား ရင်းနှီးမြှပ်နှံမှုများ၊ ပို့ကုန်များဖြင့် ဖလှယ်ရန် သဘောတူညီထားကြောင်း ရုရှားအရှေ့ဖျား ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး အလက်ဇန်းဒါး ဂါလူကို၏ ပြောကြားချက်ကို ကိုးကားပြီး RIA သတင်းတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံအရှေ့ပိုင်း ဗလာဒီဗော့စတော့ မြို့တွင် ရုရှားနှင့် မြောက်ကိုရီးယား စီးပွားရေး၊ ကုန်သွယ်မှု၊ သိပ္ပံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲတွင် သယံဇာတနှင့် ရင်းနှီးမြှပ်နှံမှု ဖလှယ်ရန် သဘောတူညီလိုက်ခြင်း ဖြစ်သည်။

“သဘာဝရင်းမြစ်ဆိုင်ရာ စီမံကိန်း များစွာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဘူမိဗေဒ အလားအလာတွေ၊ ရုရှားပို့ကုန်တွေကို ကိုရီးယားက ဘယ်လိုမျိုး ပြန်လည် ပေးချေနိုင်ပုံတွေ၊ ရင်းနှီးမြှပ်နှံမှု မူဘောင်ထဲကနေပြီး ငွေချေးပေးနိုင်မှုတွေကို ဆွေးနွေးခဲ့ပါတယ်” ဟု ရုရှားအရှေ့ဖျား ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး အလတ်ဇန်းဒါး ဂါလူကိုက ပြော ကြားသည်။
အစောပိုင်းကာလ အတွင်းကလည်း ရုရှားနိုင်ငံက ဆိုဗီယက်ခေတ်ကာလ ကိုရီးယား အကြွေးငွေ ဒေါ်လာ ၁၀ ဒသမ ၉၄ ဘီလီယံ၏ ၉၀ ရာခိုင်နှုန်းကို လျှော်ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ကျန်ရှိနေသေးသည့် ၁၀ ရာခိုင်နှုန်း ( ၁ ဒသမ ၀၉ ဘီလီယံ ဒေါ်လာ) ကို နှစ်ပေါင်း ၂၀ အတွင်း အကြိမ် ၄၀ ကျော် ခွဲပြီး ပေးအပ်နိုင်မည် ဖြစ်သည်။
ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား ကုန်သွယ်မှုကိုလည်း လက်ရှိ ဒေါ်လာ ၁၁၃ သန်းမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ အထိ တိုးမြှင့်နိုင်ရန် ရုရှားဝန်ကြီးက မျှော်လင့်ထားသည်။
“အဲဒါက မများပါဘူး” ဟု ၎င်းက ပြောကြားလိုက်ပြီး လက်ရှိ သဘောတူညီထားသည့် စီမံကိန်းများဖြင့်ပင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏကို ဒေါ်လာ သန်း ၄၀၀ မှ ၅၀၀ အထိ တိုးမြှင့်နိုင်သည်ဟု ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံတွင် ကမ္ဘာပေါ်တွင် မြေရှားသတ္တု အများဆုံး တည်ရှိနေပြီး ပမာဏအားဖြင့် တန်ချိန် ၂၁၆ သန်းထိ ရှိကြောင်း ဗြိတိန်အခြေစိုက် သတ္တုလုပ်ငန်း SRE က ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည်။
မြေရှားသတ္တုမှာ အဆင့်မြှင့် နည်းပညာတွင် အသုံးပြုပြီး မိုဘိုးဖုန်းများမှသည် ပဲ့ထန်း ဒုံးကျည်များအထိ ထုတ်လုပ်ရာတွင် အသုံးပြုသည်

No comments: