Friday, June 6, 2014

သမ္မတဆက်လုပ်ရန် KNU တိုက်တွန်းသော်လည်း သမ္မတ ဆက်လုပ်ရေး၊ မလုပ်ရေး ပါတီဆုံးဖြတ်ချက် နာခံရမည်



ရန်ကုန်၊ ဇွန် ၅

ငြိမ်းချမ်းရေး ဖြစ်စဉ်အား စတင် လမ်းဖောက်ခဲ့သူ ဖြစ်သဖြင့် သမ္မတ ဦးသိန်းစိန် (ကြံ့ခိုင်ရေးဥက္ကဋ္ဌ)အား သမ္မတ သက်တမ်း ထပ်ယူရန်အတွက် ကရင်အမျိုးသား အစည်းအရုံး(KNU) ကိုယ်စားလှယ် အဖွဲ့မှ တိုက်တွန်း ခဲ့ သော်လည်း ပါတီအတွင်းသာ ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း အာဏာရ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင်များက မြန်မာသံတော်ဆင့်သို့ ပြောသည်။ KNU ကိုယ်စားလှယ်အဖွဲ့နှင့် သမ္မတ ဦးသိန်းစိန်တို့ ဇွန်လ ၅ ရက်နေ့က တွေ့ဆုံခဲ့စဉ် ယခုကဲ့သို့ နောက်ထပ် သက်တမ်းငါးနှစ် ရယူရန်အတွက် KNU ဘက်မှ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ““ကျွန်တော်တို့ အကြံပြုတာကတော့ သမ္မတကြီးက ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ဆိုတာကို စတင်လမ်းဖောက် ပေးခဲ့တဲ့သူ ဖြစ်တယ်။
သမ္မတကြီး သက်တမ်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ အာမခံချက်ရှိတဲ့ အခြေအနေ တစ်ခုရအောင် ယူပေးခဲ့ပါ၊ နောက်ကြောင်း ပြန်လှည့်လို့ မရအောင် ဆောင်ရွက် ပေးခဲ့ပါဆိုပြီး ပထမအချက် အနေနဲ့ အကြံပြုတယ်။ ဒုတိယအချက် အနေနဲ့ကတော့ သမ္မတကြီးအနေနဲ့ ဒီတာဝန်ကို ဆက်လက် ထမ်းဆောင်ပေးပါ၊ ခေါင်းဆောင် ပေးပါဆိုပြီး အကြံပြုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဖော်ခဲ့တဲ့ ဒီငြိမ်းချမ်းရေး လမ်းစဉ်ကို သူသာ အသိဆုံး ဖြစ်လို့ပါပဲ”” ဟု KNU ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းသို့ KNU ဘက်မှ အကြံပြုမှုနှင့် ပတ်သက်ပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းက ““သမ္မတ ကြီးရဲ့ပင်ကို ရိုးသားဖြူစင် ဖြောင့်မတ်မှုကို အမှတ်တစ်ရာ တောင်းရင် တစ်ရာလုံး ပေးတယ်။ သူ သမ္မတ ဆက်လုပ်မယ်ဆိုရင် သဘောတူ ထောက်ခံတယ်။ ဒါပေမဲ့ နိုင်ငံရေး စကားပြောရမယ်ဆိုရင် ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်းသော အစိုးရ အဲဒီလိုဖြစ်ဖို့ အပိုင်းမှာ အဘ အမြင်မှာ အားမရတာလေးတွေ ရှိတယ်””ဟု ဆိုသည်။

သမ္မတလောင်းအဖြစ် ထပ်မံရွေးချယ်ခံရေး၊ မခံရေးမှာမူ ပါတီဗဟိုကော်မတီဝင်၊ ဗဟိုအလုပ် အမှုဆောင်များ အစည်းအဝေး ထိုင်ပြီးမှသာလျှင် ရွေးချယ်မည်ဟုလည်း ဦးတင်မောင်ဝင်းက ဆက်ပြောသည်။ အခြေခံဥပဒေ ပုဒ်မ ၆၁(ဂ) အရ ““နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရ””ဟု ပြဋ္ဌာန်း ထားသည့်အတွက် ဦးသိန်းစိန်မှာ ပါတီမှ ခွင့်ပြုမည် ဆိုပါက နောက်ထပ် သက်တမ်း ငါးနှစ် ထပ်မံ ထမ်းဆောင်နိုင်ဖွယ် ရှိသည်။

သမ္မတ ဦးသိန်းစိန်အား နောက်လာမည့် သမ္မတ သက်တမ်း ထပ်မံထမ်းဆောင်ရန် KNU ဘက်မှ တိုက်တွန်းမှုအပေါ် ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ““ကျွန်တော်တို့ ကြိုပြီး စီစဉ်ထားတာတွေ မရှိပါဘူး။ ကိုယ်စားလှယ်တွေတောင် အခုမှ စိစစ်တုန်းပဲ ရှိပါသေးတယ်။ ကိုယ်စားလှယ်တွေ စိစစ်ပြီးတော့မှ လူကြီးတွေ၊ အကြီးအကဲတွေ ဆုံးဖြတ်မှာ။ လုပ်နိုင်တဲ့သူ လုပ်ပေါ့။ လုပ်နိုင်တဲ့သူ ပိုကောင်းတာပေါ့။ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆောင်ရွက်နိုင်မယ်ဆိုတာ ဘယ်သူ့ကိုမှ ကန့်ကွက်စရာ မရှိပါဘူး။ အားလုံး ပါတီ ထဲကနေမှ၊ ပါတီထဲကနေ ပြောတာနော်၊ ကျန်တဲ့သူတွေ မဟုတ်ပါဘူး။ ပါတီဝင်တွေထဲက ဘယ်သူတွေ ဖြစ်သင့်တယ်၊ ဖြစ်ထိုက်တယ် ဆိုတဲ့ဟာကတော့ ပါတီထဲကနေ စဉ်းစားကြမှာပေါ့နော်။ အခုတော့ မစဉ်စားကြသေးဘူး”ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

သမ္မတ ရွေးချယ်ခွင့်နှင့် ပတ်သက်၍ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကလည်း ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းတွင်ပင် တရားဝင်ဥက္ကဋ္ဌ ဖြစ်သူနှင့် လက်ရှိ ဒုဥက္ကဋ္ဌမှ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူ တို့ နှစ်ဦးသည်လာမည့် ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်လျှင် ပါတီ၏ ဆုံးဖြတ်ချက်ကို နာခံရမည်ဖြစ်ကြောင်း၊ ပါတီမှ ခွင့်မပြုလျှင် ၀င်ရောက်ခွင့် မရှိကြောင်း၊ ၎င်းတို့နှစ်ဦးအနေဖြင့် သမ္မတလောင်းအဖြစ် ရွေးချယ်ခံချင်ပါက ပါတီတွင်း၌ ပြိုင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ ယခုကဲ့သို့ သမ္မတရာထူးအား နောက်ထပ် သက်တမ်းယူရန် အတွက် KNU မှ တိုက်တွန်းချက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ သမ္မတရာထူးသက်တမ်း တစ်ကြိမ်ထက် ပိုမယူ သင့်ကြောင်း အကြံပြု ထားချိန်နှင့် တိုက်ဆိုင်လျက် ရှိသည်။

အခြေခံဥပဒေ ပုဒ်မ ၆၁ (ဂ) အရ ““နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရ””ဟု ပြဋ္ဌာန်းထားသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ အခြေခံဥပဒေအပေါ် လေ့လာသုံးသပ်ချက် အကြံပြုချက် စာတမ်း၌ အဆိုပါ ပြဋ္ဌာန်းချက်များအား ““ပယ်ဖျက်၍ တစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရဟု ပြင်ဆင်သင့်ပါသည်””ဟု ဖော်ပြထားသည်။ ယင်းကဲ့သို့ ပြင်ဆင်သင့်ရခြင်း အကြောင်းမှာ ““အာဏာရှင်စနစ် ပြန်လည် မထွန်းကားစေရန် ဖြစ်သည်။ ရာထူးအာဏာ အရှည်ဖက်တွယ်သည့် အလေ့အထ မဖြစ်စေရန်ဖြစ်ပါသည်””ဟူ၍ ကျိုးကြောင်း ဖော်ပြချက် အနေဖြင့် ပါရှိသည်။

သဉ္ဇာဆွေ
Myanmartandawsint Newspaper



No comments: