Thursday, July 10, 2014

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် အမျိုးသမီးများ နေရပ်စွန့်ခွာမှု မြင့်တက်လာ


Jul 10, 2014
ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာခြင်းကြောင့် အမျိုးသမီးများ နယ်ရပ်စွန့်ခွာမှု မြင့်တက်လာကြောင်း သတင်းရရှိသည်။ယင်းသို့ နေရပ်စွန့်ခွာ အလုပ်လုပ်ရန် သွားရောက်သည့် နေရာများမှာ ကချင်ပြည်နယ်နှင့် ထိုင်းနယ်စပ်ဘက်သို့ များနေကြောင်း သိရသည်။ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း နေရပ်စွန့်ခွာမှု ပိုများလာပြီး လူငယ်လူရွယ်များသာမက သက်ကြီးရွယ်အိုများပင် ပါဝင်ကြောင်း သိရသည်။

“ပွင့်လင်းရာသီမှာဆို ခရီးသွားတွေများပေမယ့် အများစုက နိုင်ငံခြားထွက်မယ့်သူတွေ များတယ်။ တောကလူတွေ ပိုများတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက အမျိုးသမီးတွေ စသွားကြတယ်လို့ ဆိုပေမယ့် ဒီနှစ်တွေမှာ ပိုများလာတာ တွေ့ရတယ်။ ဒီမှာ အမျိုးသမီးတွေအတွက် အလုပ်ဆိုလို့ လယ်ဆင်းတာနဲ့ ပျိုးစိုက်တာလောက်ပဲ ရှိတယ်။ တချို့က လမ်းလုပ်ငန်းတွေမှာ ၀င်လုပ်ကြတယ်။ တစ်နေကုန်နေပူထဲမှာ အလုပ်လုပ်ရပေမယ့် လုပ်ခက စားလောက်ရုံဆိုတော့ အမျိုးသမီးတွေလည်း ဆွေမျိုးအဆက်အသွယ်တွေနဲ့ နိုင်ငံခြားထွက်လာကြတာ ဖြစ်တယ်” ဟု မြောက်ဦးမြို့မှ ကားဂိတ်မှူးတစ်ဦးက ဆိုသည်။

“ကျွန်မတို့ဘက်က ရွာတွေမှာက အရင်တုန်းကဆိုရင်  အမျိုးသမီးတွေ ရက်ကန်းရက်ကြတယ်။ အခု ရက်ကန်းလုပ်ငန်းလည်းပျက်တော့ အလုပ်မရှိ ဖြစ်လာတယ်။ အဲဒီမှာ လင်လုပ်တဲ့သူက နိုင်ငံခြားမှာဆိုရင် မယားကလည်း လိုက်သွားကြတယ်။ နောက်ပြီး ဖုန်းအဆက်အသွယ် ရှိနေတော့ စိတ်ချရတဲ့ မိသားစုလည်းရှိတော့ လူကြီးတွေလည်း ခွင့်ပြုရတာပေါ့။ အများဆုံး သွားကြတာကတော့ ထိုင်းဘက်ကို သွားကြတာများတယ်” ဟု စစ်တွေမြို့နယ် ကျောက်တန်းချေကျေးရွာသူ တစ်ဦးက ဆိုသည်။

လွန်ခဲ့သည့်နှစ်ကလည်း လမ်းဆောက်လုပ်ရေးတွင် လုပ်ကိုင်နေကြသည့် မင်းပြားမြို့နယ်မှ အမျိုးသမီးငယ်များ အုပ်ထိန်းသူမသိဘဲ နယ်ရပ်စွန့်ခွာမှု ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။

ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရရှိနိုင်ကြောင်း သိရသဖြင့် မြောက်ဦးမြို့နယ် ကျေးရွာများမှ အမျိုးသမီးကိုးဦးနှင့် အမျိုးသားတစ်ဦးတို့ ရန်ကုန်သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာစဉ် မိဘတချို့က သဘောမတူသဖြင့် အမ်းဂိတ်သို့ အကြောင်းကြားခဲ့ရာမှ ပါလာသောအုပ်စုအား မိဘများထံ ပြန်လည်အပ်နှံလိုက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

“ရွာမှာလည်း အလုပ်မရှိတော့ သွားကြတာပါ။ ကိုယ့်အစီစဉ်နဲ့ ကိုယ်သွားကြတာ။ အဲဒါကို ပူးပေါင်းစိတ်ဆေးရေးဂိတ်မှာ အဖွဲ့ပေါင်းစုံနဲ့ စစ်တာပေါ့။ လူကုန်ကူး တားဆီးရေးအဖွဲ့၊ လ၀က၊ ရဲ စတဲ့အဖွဲ့တွေက ပူးပေါင်းစစ်ဆေးတာပါ။ အရေးမယူပါဘူး။ မိဘတွေကို ပြန်အပ်ပြီး လွှတ်ပေးပါတယ်” ဟု အမ်းစစ်ရေးရေးဂိတ်မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒေသတွင်း အလုပ်အကိုင်ရှားမှုကို အခြေခံပြီး တစ်ဖက်နိုင်ငံတွင် သွားရောက်အလုပ်လုပ်သူ များပြားလာသည့်အတွက် ဒေသခံများကလည်း စိုးရိမ်မှုများ ရှိလာကြောင်းနှင့် ကျေးရွာများသို့ ကွင်းဆင်းခေါ်ယူခြင်းများ ရှိနေပြီး ဒေသခံအုပ်စုလိုက် ခေါ်ဆောင်သွားခြင်းများကိုလည်း တွေ့ရှိနေရကြောင်း သိရသည်။

စစ်တွေ-ပုဏ္ဏား-ကျောက်တော်-မြောက်ဦး-မင်းပြား-အမ်း-ရန်ကုန် ခရီးသည်တင်ယာဉ်များတွင် အများဆုံးတွေ့ရသော ခရီးသည်များမှာ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ထွက်ခွာလာသူများဖြစ်ကြောင်း လေ့လာသူများက ပြောဆိုနေကြသည်။

No comments: