Friday, July 11, 2014

မြန်မာနိုင်ငံတွင် မထုတ်ယူရသေးသော ဓာတ်ငွေ့ ဒေါ်လာ ၇၅ ဘီလီယံဖိုး ရှိကြောင်း ဗြိတိန်ပြော


ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်ကို ဝေဟင်မှမြင်တွေ့ရစဉ် (ဓာတ်ပုံ − Rio Helmi) 

Jul 11, 2014
မြန်မာနိုင်ငံတွင် ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံ(ဒေါ်လာသန်း ၇၅၀၀၀)တန်ဖိုးရှိ ထုတ်ယူမသုံးစွဲရသေးသော သဘာဝဓာတ်ငွေ့ပမာဏတွေ့ရှိမှုကို အတည်ပြုထားကြောင်း ဗြိတိန်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာန (UKTI) က ဆိုသည်။ 


လက်ရှိအချိန်ထိ ထုတ်ယူသုံးစွဲမှု မပြုလုပ်ရသေးသော အဆိုပါသဘာဝဓာတ်ငွေ့ပမာဏ၂၇၅ ကုဗမီတာအပြင် အတည်မပြုရသေးသောပမာဏမှာ ၎င်းထက်နှစ်ဆထိ ရှိနိုင်ကြောင်း အထက်ပါ ဗြိတိန်အစိုးရအဖွဲ့အစည်းက သုံးသပ်ထားသည်။ 

မြန်မာနိုင်ငံသည် ကမ္ဘာ့ပေါ် ရှိ သဘာဝဓာတ်ငွေ့အများဆုံး ထုတ်လုပ်သော နိုင်ငံစာရင်းတွင် အဆင့် ၁၀ နေရာ၌ ရပ်တည်နေ သည်။ 

ဗြိတိန်ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းအခွင့်အလမ်းအကြောင်း လမ်းညွှန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။ ဗြိတိန်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာနက လမ်းညွှန်ရာတွင် ဗြိတိန်ကုမ္ပဏီများအနေဖြင့် စွမ်းအင်ကုမ္ပဏီကဏ္ဍ၌ ကုန်စည် ထောက်ပံ့မှုလုပ်ငန်းအခွင့်အ လမ်းများရရှိနိုင်မည်ဖြစ်ကြောင်း အကြံပြုထားသည်။ 

လက်ရှိချိန်တွင် မြန်မာနိုင်ငံရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်များ၌ ရတနာ၊ ရဲတံခွန်၊ဇောတိကနှင့် ရွှေသဘာဝဓာတ် ငွေ့စီမံကိန်းများ ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချလျက်ရှိသည်။ 

မကြာသေးမီက မြန်မာ့ကမ်း လွန်ပင်လယ်ပြင်ရှိ ရေတိမ်နှင့် ရေနက်ပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေး ဆောင်ရွက်ရန် အိန္ဒိယ၊ သြစတြေးလျ၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်စသည့်နိုင်ငံတို့မှ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ တင်ဒါ အောင်မြင်ထားသည်။ 

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေခြင်းကြောင့် လက်ရှိအခြေအနေသည် ဗြိတိန်ကုမ္ပဏီများအတွက် ကဏ္ဍပေါင်းစုံတွင် အခွင့်အလမ်းများရှိနေသလို စိန်ခေါ်မှု ရှိသော ဈေးကွက်တစ်ခုဖြစ်နေကြောင်း ဗြိတိန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာနက သုံးသပ်ထားသည်။ 

ဗြိတိန်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာ၌ စွန့်စားရမှုများ ကို သတိပြုသင့်ကြောင်းနှင့် ရေ ရှည်စီးပွားရေးအစီအစဉ်များကို ဖွံ့ဖြိုးအောင် ဆောင်ရွက်သင့် ကြောင်း ဗြိတိန်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာနက ဗြိတိန်လုပ်ငန်းရှင်များကို အကြံပြုထားသည်။

7days

No comments: