Thursday, July 10, 2014

စစ်​​သွေးကြွ များ၏ ခိုးယူခြင်းခံရသော နျူကလီးယား ဆက်စပ်ပစ္စည်းများသည် လက်နက်များ ထုတ်လုပ်နိုင်လောက်အောင် အရည်အသွေးမြင့်မားမှု မရှိကြောင်းေ

စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ခုတွင် တွေ့ရသည့် အီရတ်စစ်သားများ 



အီရတ်နိုင်ငံတွင် စစ်သွေးကြွများ ခိုးယူသွားခြင်းကို ခံခဲ့ရသည့် နျူကလီးယား ဆက်စပ်ပစ္စည်းများသည် အရည်အသွေး အနိမ့်စားများသာ ဖြစ်ကြပြီး လုံခြုံရေးအရ ကြီးမားသည့် ခြိမ်းခြောက်မှုမျိုး မရှိနိုင်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ 

အီရတ်အစိုးရက ဇူလိုင် ၈ ရက်တွင် အစ္စလာမ်မစ် နိုင်ငံတော် (ယခင် ISIS) စစ်သွေးကြွ အဖွဲ့များက ဘဂ္ဂဒက်မြို့ အနီးရှိ တက္ကသိုလ် တစ်ခုမှ နျူကလီးယားနှင့် ပတ်သက်သည့် ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ အက်တမ်စွမ်းအင် အေဂျင်စီထံ ဆက်သွယ် အသိပေးခဲ့သည်။ 

ဇူလိုင် ၁၀ ရက်တွင်မူ အေဂျင်စီက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ အဆိုပါ ခိုးယူခံရသော နျူကလီးယား ဆက်စပ်ပစ္စည်းများသည် လက်နက်များ ထုတ်လုပ်နိုင်လောက်အောင် အရည်အသွေးမြင့်မားမှု မရှိကြောင်း ဖော်ပြပါရှိသည်။ ထို့အပြင် နျူကလီးယားဗုံးတစ်လုံး ဖန်တီးထုတ်လုပ်ရန်မှာ အဆင့်များစွာ ဖြတ်သန်းရသဖြင့် လက်တွေ့ ခြိမ်းခြောက်နိုင်မည့် အခြေအနေ မရှိကြောင်း အေဂျင်စီ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂီးလ်တူဒေါက ပြောကြားခဲ့သည်။ 


“ကနဦး စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ခိုးယူခံလိုက်ရတဲ့ ပစ္စည်းတွေဟာ အရည်အသွေး အညံ့စား အဆင့်သာဖြစ်ကြောင်း ကျွန်မတို့ အတည်ပြုနိုင်ပါတယ်။ လုံခြုံရေး ကဏ္ဍအတွက် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မရှိနိုင်သလို နျူကလီးယား လက်နက်တစ်ခုခု ထုတ်လုပ်နိုင်လောက်တဲ့ အခြေအနေလည်း မရှိပါဘူး”ဟု တူဒေါက ဆိုသည်။ 

ယူရေနီယမ် သတ္တုအချို့ ပါဝင်သည်ဟု ယူဆရသော အဆိုပါ ပစ္စည်းများကို မိုဆူးလ်တက္ကသိုလ်မှတစ်ဆင့် စစ်သွေးကြွများက ပိုင်ဆိုင်ရယူသွားခြင်း ဖြစ်သည်။ နျူကလီးယားလက်နက်ဆိုင်ရာ ကျွမ်းကျင်သူ အချို့က ယူရေနီယမ် သန့်စင်မှု နည်းပညာများကို လက်လှမ်းမမီသဖြင့် စစ်သွေးကြွတို့ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်မည် မဟုတ်သော်လည်း အဆိုပါ ပစ္စည်းများကို သမားရိုးကျ လက်နက်များတွင် ထည့်သွင်းပြီး ညစ်ညမ်းသည့် ဓာတုလက်နက်သဖွယ် အသုံးပြုလာနိုင်ကြောင်း သတိပေးထားသည်။ 

_Ref: Dailystar

No comments: