ကမ္ဘာကျော် ဂျာမန်စစ်ပညာရှင် ကာဗွန်ကလော့ဝဇ်က စစ်ဆိုတာ “မရသေးတဲ့ နိုင်ငံရေး ရည်မှန်းချက်ကို စစ်ရေးနည်း လမ်းနဲ့ ရအောင်လုပ်တာ” ဟု ပြောခဲ့ဖူးသည်။ ယခုလည်း အရှေ့အလယ်ပိုင်းတွင် စစ်သွေးကြွများက ၎င်းတို့ရလိုသည်များကို စစ်ရေးနည်းဖြင့် ကြိုးပမ်းနေသည်။ အထူးသဖြင့် အီရတ်တွင် ဖြစ်သည်။ အီရတ်တွင် အစွန်းရောက် ဆွန်နီဘာသာဝင်များက ရှီးယားအများစုပါဝင်သော အီရတ်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းနေသည်။ ၎င်းတို့က အီရတ်နှင့် ဆီးရီးယားရှိ သိမ်းပိုက်ထာျးသော နယ်မြေများတွင် ဘာသာရေး ဥပဒေများဖြင့် အုပ်ချုပ်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်နိုင်ရန် လက်နက်ကိုင် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။
၂၀၀၃ ခုနှစ်ကစတင်ရေတွက်ပါက အမေရိကန်သမ္မတ ဂျော့ဘုရှ်အစိုးရ ဦးဆောင်သည့် မဟာမိတ်တပ်များ အီရတ်ကို ၀င်ရောက်သိမ်းပိုက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်သွားပြီဖြစ်သည်။ ဆာဒမ်ဟူစိန်ကို ဖြုတ်ချ။ အီရတ်လူအုပ်ကြီးက ဆာဒမ်ဟူစိန်အရုပ်ကြီးကို ဆွဲချကြသည်။ အရုပ်ကြီးအလဲမှာ လူတွေက ဟေးခနဲ အော်လိုက်ကြသည်။ ဒါက အီရတ်ကို အမေရိကန်ဝင်တိုက်သည့် အစောပိုင်းကာလ မြင်ကွင်းများ ဖြစ်သည်။
အီရတ်ကို ၀င်တိုက်ခါနီးတွင် ကမ္ဘာကျော်ပညာရှင်ကြီး ဟန်တင်တန်က ယခုလို သတိပေးဖူးသည်။ “မွတ်စလင်ကမ္ဘာတွင် အနောက်တိုင်း နိုင်ငံရေးတန်ဖိုးများ မပြည့်စုံသေး။ ဘာသာရေးနှင့် နိုင်ငံရေး ခွဲခြားကျင့်သုံးမှု၊ တရားဥပဒေ ရှေ့မှောက်တွင် လူသားတိုင်း တန်းတူညီမျှမှု၊ ပုဂ္ဂလိက ပိုင်ခွင့်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းစသော တန်ဖိုးအခြေခံများ မရှိ။ ဤအခြေအနေတွင် ဒီမိုကရေစီ ဇာတ်သွင်းခြင်းကို ဇွတ်အကောင်အထည်ဖော်ပါက မလိုလားအပ်သော ဆိုးကျိုးများပင် ဖြစ်လာနိုင်သည်” ဟု သတိပေးခဲ့သည်။
ယခု ၁၀ နှစ်ကျော်ကြာပြီး လည်ပြန် ငဲ့ကြည့်ပါက ယခု အီရတ်သည် သွေးတ ရဲရဲ၊ အလဲလဲအကွဲကွဲနှင့် ကျည်ဆန်တွေ ဝေနေသော အီရတ်ဖြစ်နေသည်။ အီရတ်တွင် ရှီးယားက ၆၀ ရာခိုင်နှုန်းနှင့် ဆွန်နီက ၃၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ ထို့အပြင် အီရတ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး လိုလားသော ကာ့ခ်မျိုးနွယ်စုများကလည်း ရှိသေးသည်။ ကာ့ခ်များက အီရတ် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့် ရှိသည်။ လူဦးရေအားဖြင့် ခြောက်သန်းခန့်ရှိသည်။ ဆွန်နီများက အီရတ်တွင် ၎င်းတို့သည် ခေတ်အဆက်ဆက် နှိမ့်ချဆက်ဆံခြင်းခံနေရကြောင်း ပြောဆိုနေသည်။ ဆာဒမ်ဟူစိန် ပြုတ်ကျပြီးနောက် အီရတ်တွင် ဆွန်နီနှင့်ကာ့ခ်များ ပြည်လည် ခေါင်းထောင်လာသည်ကို တွေ့ရသည်။
အထူးသဖြင့် ဆွန်နီ စစ်သွေးကြွများ ဖြစ်သည့်ခေါ် အစ္စလာမ်မစ် အီရတ်နိုင်ငံတော်နှင့် မြေထဲပင်လယ်အနီးအနားရှိ နိုင်ငံများအဖွဲ့က ထိုးစစ်များဆင်နွှဲ ကာ အီရတ်ရှိမြို့များကို သိမ်းပိုက်နိုင်သည်အထိ အင်အားကောင်းနေသည်။ ၎င်းတို့ က ဇွန်လအတွင်းက ဆာဒမ်ဟူစိန် မွေးရပ် မြို့ဖြစ်သော တီခရစ်မြို့ကိုပင် သိမ်းပိုက်ကာ မြို့တော် ဘဂ္ဂဒက်ကိုပင် ချီတက်သိမ်းပိုက်ရန် ပြင်ဆင်နေသည်။ အထူးသဖြင့် ၎င်းတို့က ၀န်ကြီးချုပ် မာလီကီခေါင်းဆောင်နေသည့် ရှီးယားအစိုးရကို ဆန့်ကျင်သူများ ဖြစ်သည်။ ယင်း ဆွန်နီစစ်သွေးကြွ သူပုန်များသည် နယ်မြေအချို့ကို သိမ်းပိုက်နိုင်ခဲ့သော ထိုးစစ်များအပြီးတွင် သိမ်းပိုက်နယ်မြေများတွင် အစ္စလာမ်မစ် နိုင်ငံတစ်ခုအဖြစ် ကြေညာခဲ့သည်။ ထို့အပြင် အစ္စလာမ်မစ် အီရတ်နိုင်ငံတော်နှင့် မြေထဲပင်လယ်အနီးနားရှိ နိုင်ငံများအဖွဲ့မှ ခေါင်းဆောင်တင်မြှောက်ထားသူ အာဘူဘာ့ခ်အယ်လ် ဘာဂ်ဒါဒီက အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့ရှိ နယ်မြေများသိမ်းပိုက်ကာ တိုင်းပြည်သစ်အဖြစ် ၎င်းတို့ ကြေညာထားသည့်နေရာ သို့ မွတ်စလင်အားလုံး လာရောက်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်သင့်ကြောင်း ပြောကြားလိုက်သည်။ ယင်း လက္ခဏာများက အီရတ်နိုင်ငံ နှစ်ခြမ်းကွဲရေးကို ဦးတည်နေသည့် လမ်းစများပင် ဖြစ်သည်။
အီရတ်နှင့် ဆီးရီးယားရှိ ဆွန်နီများကို ဆော်ဒီအာရေးဗီးယားနှင့် ဘာရိန်းကဲ့သို့သော ဆွန်နီနိုင်ငံများက ငွေကြေးနှင့် လက်နက်အကူအညီများ ပေးနေသည်။ ထို့အပြင် ဆွန်နီများက ရှီးယားများသည် အစ္စလာမ် ဘာသာကို သစ္စာဖောက်သူများ ဖြစ်သည်ဟူသော အိုင်ဒီအိုလော်ဂျီအပေါ် အခြေခံကာ တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် အီရတ်ရှိ ဆွန်နီများအနေဖြင့် အရှေ့အလယ်ပိုင်းရှိ အခြားသော ဆွန်နီ ဘာသာဝင်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိနေခြင်း ဖြစ်သည်။ အကယ်၍ အီရတ်ဆွန်နီများက သိမ်းပိုက်နယ်မြေများကို ထိန်းချုပ်ကာ ဆော်ဒီကဲ့သို့သော အင်အားကြီး ဆွန်နီနိုင်ငံများ၏ ထောက်ခံမှုကို ရရှိပါက အီရတ်တွင် ရှီးယားဘာသာဝင်အများစု နေထိုင်ရာနိုင်ငံနှင့် ဆွန်နီများနေထိုင်ရာ နိုင်ငံအဖြစ် ကွဲပြားမည့် ပုံပေါ်နေသည်။ ထို့အပြင် အကယ်၍ ဆွန်နီများက ဘာသာရေး အခြေခံနိုင်ငံတော်တစ်ခုကို တည်ထောင်နိုင်ပါက အရှေ့အလယ်ပိုင်းရှိ အခြား ဆွန်နီများကလည်း ခေါင်းထောင်လာနိုင်သည်။ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင် ၁ ဒသမ ၅၇ ဘီလီယံရှိရာတွင် ၇၅ ရာခိုင်နှုန်းကျော်သည် ဆွန်နီ မွတ်စလင်များဖြစ်သည်။ ၂၀ ရာခိုင်နှုန်းကျော်သာ ရှီးယားမွတ်စလင်များ ဖြစ်သည်။
ထို့ကြောင့် အမေရိကန်က အရှေ့အလယ်ပိုင်းရှိ ဆော်ဒီအာရေးဗီးယားနှင့် တူရကီကဲ့သို့သော မဟာမိတ်များနှင့် လက်တွဲပြီး ဆွန်နီသူပုန်များကို နှိမ်နင်းရမည်။ စစ်ရေးနည်းလမ်းအရသာမဟုတ် နိုင်ငံရေးအရလည်း ကြိုးပမ်းရမည် ဖြစ်သည်။ သို့မဟုတ်ပါက အီရတ်မှ စ၀င်လာသော ဆွန်နီအကြမ်းဖက်မှုမီးပွားသည် အရှေ့အလယ်ပိုင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားမည်မှာ သေချာသလောက် ရှိနေသည်။
ထို့အပြင် ဆွန်နီများက အစ္စလာမ်မစ်နိုင်ငံ တည်ထောင်နိုင်ခဲ့ပါက ကာ့ခ်မျိုးနွယ်စုများကလည်း တစ်စင်ထောင်လာနိုင်သည်။ ကာ့ခ်မျိုးနွယ်များသည် အီရတ်မြောက်ပိုင်းရှိ ပြည်နယ်သုံးခုတွင် အများဆုံး နေထိုင်ကြသည်။ ထို့အပြင် ဘဂ္ဂဒက်တွင် သုံးသိန်းခန့်၊ မိုဆူတွင် ငါးသောင်းခန့်နှင့် ကာကူခ်မြို့များတွင်လည်း နေထိုင်ကြသည်။ တောင်ပိုင်းတွင်လည်း တစ်သိန်းခန့် နေထိုင် ကြသည်။
၎င်းတို့ကလည်း မကြာမီ လူထုဆန္ဒခံယူပွဲ ကျင်းပပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ရယူတော့မည်ဟု ဆိုနေသည်။ ထို့သို့ ဆက်ဖြစ်လာပါက အီရတ်နိုင်ငံသည် ပိုမိုပြိုကွဲမည့်လမ်းသို့ ဦးတည်သွားသလို ဖြစ်နေမည် ဖြစ်သည်။ အီရတ်တွင် ယခုဖြစ်နေသည့် ဂိုဏ်းဂဏကွဲပြားသည့် ပြဿနာတွင် အခြေတည် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများက အရှေ့အလယ်ပိုင်းတွင် ဂိုဏ်းဂဏကွဲပြား ည့်ကိစ္စများကို ကိုင်တွယ်ရန် ထိရောက်သည့် မူဝါဒများကို အကောင်အထည်ဖော်ရမည် ဖြစ်သည်။ ထို့အပြင် အီရတ်အစိုးရကလည်း အားလုံးလက်ခံနိုင်သော၊ အခွင့်အရေး သာတူညီမျှပေးသော ဖက်ဒရယ်နိုင်ငံတော် တည်ထောင်နိုင်ရန် ကြိုပမ်းရမည် ဖြစ်သည်။ သို့မဟုတ်ပါက အီရတ်မှ မီးသည် အရှေ့ အလယ်ပိုင်းတစ်ခုလုံးသို့ ကူးစက်တောက်လောက်တော့မည်ဖြစ်ပြီး ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ကြီး ဘာထရန် ရပ်ဆယ်က ပြောခဲ့သလို စစ်ပွဲသည် အမှားအမှန်မဆုံးဖြတ်ဘဲ၊ အရှုံးအနိုင်သာ ဆုံးဖြတ်ပေးသည်ဟူသော စကားကဲ့သို့ ဖြစ်တော့မည် ဖြစ်သည်။
Messenger
No comments:
Post a Comment