Saturday, July 12, 2014

တောင်ကုတ်လူသတ်မှု စွဲချက်ပြောင်းလဲရန် ပြည်နယ်တရားလွှတ်တော်၌ အပြီးသတ်လျှောက်လဲ

ထိုက်သူဇော်၊ စစ်တွေ၊ ဇူလိုင်-၁၁ 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုကို သံတွဲခရိုင် တရားရုံးမှ စွဲချက်တင်မှုကိုပြင်ဆင်ရန် ပြည်နယ်တရားလွှတ်တော်၌ ဇူလိုင် ၁၀ ရက်က အပြီးသတ်လျှောက်လဲမှုတင်သွင်းပြီးဖြစ်ကြောင်း လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ်က ခရီးသည်တင်ယာဉ်ပေါ်မှ ဆွဲချသတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် တစ်နှစ်ခန့်အကြာ၌ မင်းသိုက်ထွန်းအပါ ခုနစ်ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကာ သံတွဲခရိုင်တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂/၃၄ ဖြင့် စွဲချက်တင်ထားပြီး တစ်နှစ်ခန့် စစ်ဆေးခဲ့သည်။


" အကြံတူနဲ့ လူသတ်မှုကျူးလွန်တယ်ဆိုပြီးတော့ စွဲချက်တင်တာကိုအမှုရင်ဆိုင်နေရတဲ့ မင်းသိုက်ထွန်းပါ ခုနစ်ဦးက မကျေနပ်လို့ ပြည်နယ်တရား လွှတ်တော်ကိုပြင်ဆင်မှုတင်တာ။ဇူလိုင် ၁၀ ရက်က ပြည်နယ်တရား လွှတ်တော် မှာအပြီးသတ်လျှောက်လဲချက်ပေးခဲ့
တာပါ " ဟုဒေါ်အေးနုစိန်ကပြောဆိုသည်။

တရားရင်ဆိုင်နေရသော ခုနစ်ဦးသည်တစ်ဦးနှင့်တစ်ဦး သိနေခြင်းမဟုတ်သည့်အတွက်အကြံတူဆိုသည့် ပုဒ်မကို လက်မခံနိုင် ကြခြင်းကြောင့် ပြင်ဆင်မှု တင်သွင်းခြင်ဖြစ်ကြောင်း၊ပြင်ဆင်မှုတင်သွင်းရာတွင် အပြီးသတ် လျှောက်လဲချက်ပေး ပြီးနောက်ပြည်နယ် တရားလွှတ်တော်က ဆုံးဖြတ်ချက်အမိန့်ကိုချမှတ်မည်ဟု၎င်းကပြောဆိုသည်။

" သံတွဲခရိုင်ကစွဲချက်ကိုမကျေနပ်လို့ ပြည်နယ်တရားလွှတ်တော်ကိုတင်တာ။စွဲချက်ကိုပယ်ဖျက်သင့်လား။ဆီလျော်တဲ့ အခြား ဥပဒေ ပုဒ်မ တစ်ခုကိုပြောင်လဲသင့်လားဆိုတာကိုပြည်နယ်တရားလွှတ်တော်က အမိန့်ချမှာ။ အမိန့်ကိုဘယ်နေ့ချမလဲဆိုတာတော့မသိဘူး။တစ်ရက်အလိုမှပဲသိရမှာ " ဟု ၎င်းက ပြောဆိုသည်။

ပြည်နယ်တရားလွှတ်တော်မှ အမိန့်ချမှတ်ပြီးပါက မင်းသိုက်ထွန်းအပါ အ၀င်ခုနစ်ဦးသည် သံတွဲခရိုင်တရားရုံးတွင် ဆက်လက် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။


စံတော်ချိန်

No comments: