Friday, July 11, 2014

နိုင်ငံခြားဘဏ်တွေ ၀င်လာလျှင်?


Jul 11, 2014
နိုင်ငံခြားဘဏ်များမြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ခွင့်ပြုရေးနှင့် ပတ်သက်၍ ပြည်တွင်း ပုဂ္ဂလိကဘဏ်များက ၀န်ထမ်းများ ရွှေ့ပြောင်းကြမည့်အရေး၊ ဈေးကွက်ဝေစု လျော့ကျမည့် ကိစ္စ၊အရင်းအနှီးနှင့် နည်းပညာ ကွာခြားသည့် ကိစ္စ စသည်ဖြင့် စိုးရိမ်ပူပန်မှုများ ရှိကြသည်ကို တွေ့ရသည်။

ဤအချိန်တွင် တရုတ်နိုင်ငံရောက် နိုင်ငံခြားဘဏ်များ၏ အခြေအနေကိုဖတ်ရှုရသည်။ တရုတ်နိုင်ငံတွင် ၂၀၀၇ ခုနစ်မှ စ၍ နိုင်ငံခြားဘဏ်များကို တည်ထောင်ခွင့်ပြုခဲ့ရာဘဏ် ၄၂ ခု ၀င်ရောက်ခဲ့ပြီးနောက် ဘဏ်ခွဲပေါင်း ရာချီ ဖွင့်လှစ်ခဲ့သည်။ ယခင်နှစ်က တရုတ်ဘဏ်များ၏အမြတ် ၁၅% တက်ခဲ့စဉ် တရုတ်နိုင်ငံရောက် နိုင်ငံခြားဘဏ်များက အမြတ် ၁၄% ကျဆင်းခဲ့သည်။ထို့အပြင် ၂၀၀၇ ခုနစ်က နိုင်ငံခြားဘဏ်များ၏ ပိုင်ဆိုင်မှုသည် တရုတ်နိုင်ငံတွင် ၂.၄%ရှိခဲ့ရာမှ ယခုအခါ ၁.၇၃% အထိ ကျဆင်းခဲ့သည်ကို တွေ့ရသည်။ တရုတ်ဘဏ်တွေက အပ်ငွေတွေ နှစ်စဉ်၁၃.၅% တိုးတက်နေချိန်တွင် နိုင်ငံခြားဘဏ်များ၌ ၅.၅% သာ တိုးသည်။ တရုတ်ဘဏ်များ အရင်းအနှီးပေါ်မှအကျိုးအမြတ် ၁၉.၂% ရနေချိန်တွင် နိုင်ငံခြားဘဏ်များက ၅.၆% သာ ရသည်။

ယခုကဲ့သို့ ဖြစ်ရခြင်းမှာ ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်းကြောင့် လုပ်ငန်းချဲ့ထွင်ရန်ထက် အမြတ်နည်းရန် ပြင်ဆင်နေကြခြင်းကြောင့်လည်းဖြစ်နိုင်သည်။ သို့သော် အဓိက ပြဿနာမှာ တရုတ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများကြောင့်ဖြစ်သည်။ တရုတ်နိုင်ငံတွင် နိုင်ငံခြားဘဏ်များသည် ပြည်တွင်းဘဏ်များ၌ အစုရှယ်ယာ ၂၀%ထက် ပို၍ ပါဝင်ခွင့် မရကြသောကြောင့် ပြည်တွင်းဘဏ်များကို ၀ယ်ယူနိုင်ခြင်းမရှိပေ။ HSBC သည် တရုတ်တွင် ဘဏ်ခွဲ ၁၆၀ ရှိရာ HSBC ရှယ်ယာ ၁၉% ပါဝင်သော တရုတ် ပြည်တွင်းဘဏ်၊ဆက်သွယ်ရေးဘဏ်သည် ဘဏ်ခွဲပေါင်း ၂၆၉၀ ရှိသည်။ ပြည်တွင်းဘဏ်တွေက ဘဏ်ခွဲပေါင်း ထောင်သောင်းချီရှိနေချိန်တွင် နိုင်ငံခြားဘဏ်တွေက သုညမှ စနေရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘဏ်များကိုပြည်တွင်းဘဏ်များ၏ ၄၉% ကို ၀ယ်ယူခွင့်ပြုသည်။

ထို့အပြင် ပြည်တွင်းတွင် တည်ထောင်သော စီးပွားရေး လုပ်ငန်းများပြည်ပမှ နိုင်ငံခြားငွေဖြင့် ချေးယူနိုင်သော ချေးငွေ အချိုးအစားကို ကန့်သတ်ထားသည်။

သတ်မှတ်တင်ပြရမည့် အစီရင်ခံစာတွေကလည်း များပြားသည်။ တရုတ်နိုင်ငံတွင်ဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ်လုပ်ငန်းခွဲ တစ်ခုသည် နှစ်စဉ် အစီရင်ခံစာ ၆၃၀၀ ခန့်တင်ပြရရာ မိမိ၏ ရုံးချုပ်က သက်ဆိုင်ရာ အဖွဲ့အစည်းသို့ အစီရင်ခံစာ ၄၀၀ သာ တင်ပြရသည်။

အကယ်၍ နိုင်ငံခြားဘဏ်များက ချေးငွေတွေအားတက်သရော ထုတ်ပေးနေကြလျှင် ပညာပေး ဆွေးနွေးမှု ခံရသည်။

တရုတ်အစိုးရက တရုတ်ပြည်တွင်းဘဏ်များကို အဆင့်မြင့် နိုင်ငံခြားဘဏ်များ၏ပြိုင်ဆိုင်မှုမှ အကာအကွယ် ပေးထားသည်။ တရုတ်ဘဏ်များသည် လွန်ခဲ့သည် ဆယ်နှစ်ကထက် အင်အားတောင့်တင်းလျှက်ရှိပြီး အစိုးရက ဈေးကွက်ကို ပို၍ လွှတ်ပေးပြီး အခြေခိုင်ကာ တိုးတက်စေမည်ဟုဆိုရာ နိုင်ငံခြားဘဏ်များ အမှတ်တကယ် ပြိုင်ဆိုင်ခွင့်ရရေးကို မျှော်လင့်နေကြသည်။

ထိုအချိန်တွင် မြန်မာနိုင်ငံ ဘဏ်လောကသို့ နိုင်ငံခြားဘဏ်များအပါအ၀င် ဘဏ်အားလုံးနှင့် ပတ်သက်သော ခေတ်မီ စည်းမျဉ်းစည်းကမ်းများ ချမှတ်အကောင်အထည်ဖော်ရန် ဇွန်လတွင် လာရောက်ခဲ့သော အိုင်အမ်အက်ဖ် ကိုယ်စားလှယ်အဖွဲ့က အကြံပြုခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ဘဏ်ကဏ္ဍ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်နေသည်ကို ငြင်းပယ်စရာ မရှိပေ။ သို့သော နိုင်ငံခြားဘဏ်များ၏အခန်းကဏ္ဍနှင့် ပတ်သက်၍မူ အငြင်းပွားစရာတွေ ရှိသည်။ နိုင်ငံခြားဘဏ်များကိုခွင့်ပြုလိုက်လျှင် ပြည်တွင်းဘဏ်တွေ ထိခိုက်နိုင်မည့် အလားအလာ ရှိ၊ မရှိ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အမှန်တကယ် အထောက်အကူ ပြုနိုင်မည့် အလားအလာတွေ ရှိ၊ မရှိကို တွက်ဆကြသည်။

ပြည်တွင်းဘဏ်စနစ် အပေါ် အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ ပြည်တွှုးဘဏ်များ အရည်အသွေး မြင့်ကာ၊ စရိတ် သက်သာအောင် ဆောင်ရွက်စေမည်။စာရင်းကိုင်၊ စာရင်းစစ်နှင့် အဆင့်အတန်း သတ်မှတ်သော အဖွဲ့အစည်းများ အရည်အသွေး မြင့်မားလာစေမည်။အစိုးရက ဘဏ္ဍာရေး လုပ်ငန်းများ အပေါ် ကြီးကြပ်ထိန်းကျောင်းမှုမြင့်မားလာစေရန် ဖိအားပေးရာ ရောက်မည်ဟု ဆိုသည်။

နိုင်ငံခြားဘဏ်များနှင့် ပတ်သက်၍ အဆိုးမြင်ကြရာတွင်လူနည်းစုကိုသာ အကျိုးပြုမည် သို့မဟုတ် ဈေးကွက်ကြီး တစ်ခုလုံးကို လွှမ်းမိုးသွားစေနိုင်သည်ဟူသော ရှုမြင်သုံးသပ်ချက်များ ရှိသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုတွင် နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များ ပိုင်ဆိုင်မှု၏၁၀% အောင်၌သာ ခွင့်ပြုလေ့ ရှိသဖြင့် နိုင်ငံခြားဘဏ်များက လွှမ်းမိုးသွားမည်ဟု စိုးရိမ်စရာမလိုပေ။ တဖန် နိုင်ငံခြားဘဏ်များ မျက်စိကျသော ဈေးကွက်နှင့် လုပ်ထုံးလုပ်နည်းများကလည်းကွာခြားသည်။ နိုင်ငံခြားဘဏ်များက ပြည်တွင်းမှ အရင်းအနှီးတွေ ဆွဲထုတ်သွားနိုင်သည် ဟူသောပူပန်မှုနှင့် ပတ်သက်၍လည်း ဘဏ်တွေနှင့် မဆိုင်၊ ပြည်တွင်း မူဝါဒများနှင့်သာသက်ဆိုင်သည်။

အမှန်စင်စစ် ပြည်တွင်းဖောက်သည်များ၏ အကြောင်:ကို သိရှိကျွမ်းဝင်ရာတွင်ပြည်တွင်းဘဏ်များက တစ်ပမ်းသာနေပြီ ဖြစ်သည်။ ပြည်တွှုး လုပ်ငန်းများ အကြောင်း၊ စီးပွားရေးအခြေအနေနှင့် မူဝါဒ အပြောင်းအလဲတွေကို ပြည်တွင်း လုပ်ငန်းတွေက ပို၍ သိရှိနိုင်ကြသည်။

သို့ဖြစ်ရာ ဘဏ္ဍာရေးစနစ်ကို လုံခြုံမှု၊ ခိုင်မာမှု၊ မြင်သာထင်သာရှိမှုတို့ပီပြင်စေမည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားနိုင်လျှင် အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများကဲ့သို့နိုင်ငံခြားဘဏ်များကြောင့် ထိခိုက်နစ်နာမှုတွေ လျော့ပါးကာ အကျိုးကျေးဇူးတွေကိုသာ ရရှိစေနိုင်ပါသည်။

တစ်ဘက်တွင် နိုင်ငံခြားဘဏ်များကို ၀င်ရောက်ခွင့်ပြုလိုက်ခြင်းအားဖြင့်ချက်ချင်း လျင်မြန်စွာ စီးပွားရေး တိုးတက်လာမည်ဟု မျှော်လင့်၍ မရပေ။နိုင်ငံတကာ ဈေးကွက်နှင့် ချိတ်ဆက်နိုင်ခြင်း၊ ပြိုင်ဆိုင်မှုကို အထောက်အကူ ပြု၍ ဘဏ်များ၏ ၀န်ဆောင်မှု အရည်အသွေး မြင့်မားလာနိုင်ခြင်း၊ ပြည်တွင်းဘဏ်များ၏စွမ်းရည်၊ စီမံခန့်ခွဲမှုနှင့် နည်းပညာ မြင့်မားလာနိုင်ခြင်း၊ ပြည်တွင်း ဘဏ္ဍာရေး မူဝါဒနှင့်ဘဏ္ဍာရေး အခြေခံ အဆောက်အအုံများ ပိုမို ကောင်းမွန်ကာ ပြည်တွင်း ဘဏ္ဍာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာခြင်းဟူသော အကျိုးကျေးဇူးများ ရရှိလာနိုင်ပါသည်။ အသေးစားနှင့် အလတ်စား လုပ်ငန်းများ မျှော်လင့်စောင့်စားနေကြသောအရင်းအနှီး ရရှိရေး အိပ်မက်များလည်း တစ်စိတ်တစ်ဒေသ အကောင်အထည် ပေါ်လာနိုင်သည်။

ခင်မောင်ညို (ဘောဂဗေဒ)

No comments: