Tuesday, June 24, 2014

အလတ်စားနှင့် အငယ်စားရေတပ်များအတွက် ဘက်စုံသုံးစစ်ရေယာဉ်များ အပိုင်း(၁)



Jun 24, 2014
နေရာထိုင်ခင်းကျယ်ပြန့်ခြင်း၊ ရဟတ်ယာဉ်တင်ဆောင်နိုင်သည့် ကုန်းပတ်ကြီးများ ပါရှိခြင်းနှင့် ရေ ယာဉ်များ ကောင်းမွန်စွာ တင်ဆောင်နိုင်ခြင်းတို့ကြောင့် ကုန်းရေနှစ်သွယ်သွားစစ်ရေယာဉ်ကြီးများသည် လည်း တာဝန်မျိုးစုံ ထမ်းဆောင်နိုင်စွမ်းရှိပါသည်။


ယခု ဆောင်းပါးတွင် တည်ဆောက်ရေးစီမံကိန်း အသစ်များအတွက် ဘက်စုံသုံး စစ်ရေယာဉ်များ၏ အခြေခံသဘောတရား များကို လေ့လာဆန်းစစ် သုံးသပ်ထားပြီး ရေယာဉ် တည်ဆောက် သူများ၏ အစီအမံများ၊ နည်းပညာများနှင့် လက်ရှိ စစ်ရေယာဉ်ဖွံ့ ဖြိုးတိုးတက် မှုများမှ ပြန်လည် အကြံပြုချက်များ ပါဝင်ပါသည်။ 

နဂိုမူလကရှိပြီးဖြစ်သော ဖရီးဂိတ်စစ်ရေယာဉ်များ၊ ကော်ဗက် စစ်ရေယာဉ်များ၊ ကမ်းလွန်ကင်း လှည့် ရေယာဉ်များ စသည့်စစ်ရေယာဉ် များသည် ရှိရင်းစွဲစွမ်းဆောင်ရည်ထက် ပိုမိုစွမ်းဆောင်ရန် လိုအပ် လျက်ရှိပါသည်။ ထို့ကြောင့် ရေယာဉ်တည်ဆောက်သူများသည် ကဏ္ဍမျိုးစုံတွင်အသုံးပြုနိုင်သော ဘက်စုံသုံးရေယာဉ်များ သို့မဟုတ် တိုက်ခိုက်ရေးရေယာဉ်များအား အဓိက အာရုံစိုက် ဒီဇိုင်းရေးဆွဲလာ ကြပါသည်။ 

လက်တွေ့ကျကျလုပ်ကိုင်ဆောင်ရွက်ခြင်း 

ဘက်စုံသုံးစစ်ရေယာဉ်ဆိုသည်မှာ ရေယာဉ်၏အပိုင်းလိုက် တည်ဆောက်မှုပုံစံနှင့် တန်ချိန်ပမာဏများစွာ တင်ဆောင်နိုင်မှုတို့ကြောင့် အမျိုးမျိုးသောမတူညီသည့် အခန်းကဏ္ဍများကို စွမ်းဆောင်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်များကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ဒိန်းမတ်တော်ဝင်ရေတပ်သည် အပိုင်းလိုက် တည်ဆောက်မှုစနစ်ကို စတင်အသုံးပြုခဲ့သည့် ပထမဆုံးသော ရေတပ်ဖြစ်ပါသည်။


Flyvefisken အတန်းအစား (StanFlex 300) စစ်ရေယာဉ် ၁၄ စီးသည် ကွန်တိန်နာအရွယ်အစားရှိ အစိတ်အပိုင်း များဖြင့် ပြောင်းလဲ တပ်ဆင်နိုင်စွမ်းရှိစေရန် ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားပြီး ရေပြင်ရန် စစ်ဆင်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်မှုစစ်ဆင်ရေး၊ မိုင်းတန်ပြန် စစ်ဆင်ရေး၊ ရေငုပ်သမား အထောက်အကူပြုရေး၊ ရေကြောင်းတိုင်းတာရေးနှင့် ရေထုညစ်ညမ်းမှုထိန်းချုပ်ရေး စသည့်မတူညီသော တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိပါသည်။ ၂ဝဝ၄ ခုနှစ်တွင် ၄င်းအစီအစဉ်အား ပြန်လည် သုံးသပ်ခဲ့ပြီး အစိတ်အပိုင်းအမျိုးမျိုးကို မူသေတပ်ဆင်၍ အစိတ်အပိုင်းအနည်းငယ်ကိုသာ ပြောင်းလဲ တပ်ဆင်နိုင် စေရန် ကန့်သတ်ထားခဲ့ပါသည်။ အဆိုပါရေယာဉ်အားလုံး သက်တမ်း(၁၅)နှစ်မှ(၂ဝ)နှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် တပ်တော်ဝင် ဖျက်သိမ်းခဲ့ပါသည်။ 

သို့သော်လည်း အဆိုပါ Stanflex အယူအဆ သဘောတရားသည် အစစ်အမှန်ဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ လက်ခံအသုံးပြုနေကြပါသည်။ ဒိန်းမတ် ရေယာဉ်စုတစ်ခုလုံးရှိ စစ်ရေယာဉ် အရွယ်အစားမျိုးစုံတွင် Stanflex ကွန်တိန်နာ များ တပ်ဆင် အသုံးပြုလျက်ရှိပါသည်။ အဆိုပါရေယာဉ်များတွင် ကွန်တိန်နာ ၅ ခု တပ်ဆင်ထားသော Absalon အတန်းအ စားထောက်ပံ့ရေးရေယာဉ် ၂ စီး Iver Huitfeldt အတန်းအစား ဖရီးဂိတ်စစ်ရေယာဉ် ၃ စီး၊ ကွန်တိန်နာ ၄ ခုတပ်ဆင်ထားသော Knud Rasmussen အတန်းအစား အာတိတ်ကင်းလှည့် ရေယာဉ် ၂ စီး၊ ကွန်တိန်နာတစ်ခု တပ်ဆင်ထားသော Holm အတန်းအစား ဘက်စုံသုံးရေယာဉ် ၆ စီး၊ Diana အတန်းအစား အပေါ့စားကင်းလှည့်ရေယာဉ် ၆ စီးနှင့် မိုင်းစစ်ဆင်ရေးရေယာဉ် ၄ စီးတို့ ပါရှိပါသည်။

၎င်းကွန်တိန်နာများတွင် ၁၂၇ မီလီမီတာ ရေတပ်အမြောက် ၁ လက်၊ ၇၆ မီလီမီတာ(သို့မဟုတ်) ၃၅ မီလီမီတာ အမြောက်များ၊ HARPOON II အပိုင်းများနှင့် ESSM လောင်ချာများ၊ မိုင်းတန်ပြန် စစ်ဆင်ရေးပစ္စည်းများနှင့် ရေငုပ်အထောက်အကူပြု ပစ္စည်းများအပါအဝင် ကွဲပြား ခြားနားသောစနစ်မျိုးစုံ တပ်ဆင်ထားပါသည်။ အချို့သော စစ်ရေယာဉ်များတွင် ပေ ၂ဝ အရှည်ရှိ TEU ကွန်တိန်နာများအတွက် ကုန်းပတ်များပါရှိပြီး ဆေးဝါး အထောက်အပံ့ပေးခြင်းနှင့် အထူး စစ်ဆင်ရေး တပ်ဖွဲ့များအတွက် ယာယီနားနေနိုင် သည့်အခန်းများ၊ အချုပ်ခန်းများနှင့် ပစ္စည်းကိရိယာ သိုလှောင်ရုံ များလည်း ပါရှိပါသည်။ 

BAE Systems ကုမ္ပဏီသည် အိုမန်တော်ဝင်ရေတပ်သို့ လွှဲပြောင်း ပေးခဲ့သော AL-Shamikh အမျိုးအစား သမုဒ္ဒရာ ကင်းလှည့်ရေယာဉ်(၃)စီးအား တည်ဆောက်ခဲ့သည့်ကုမ္ပဏီဖြစ်သည်။ ၂ဝဝ၄ ခုနှစ်တွင် ပွဲထုတ်ခဲ့သော ကမ်းလွန် ကင်းလှည့်ရေယာဉ်နှင့်ပုံစံတူသော ဒီဇိုင်းများကို VT ရေယာဉ်တည်ဆောက် ရေး (ယခု BAE Systems) ကုမ္ပဏီမှ လက်ခံရရှိခဲ့သည်။ သီးသန့်စီးပွားရေး ဇုန်အတွင်း ရေပြင်နှင့် လေကြောင်းရန် ကာကွယ်ရေးများ ပြုလုပ်နိုင်ရန် အတွက်(၉၉) မီတာရှိသောရေ ယာဉ်များအား ဘက်စုံသုံးရေယာဉ်များအဖြစ် နယ်သာလန်နိုင်ငံ၏ SMART-S ရေဒါနှင့်အခြားကိရိယာများ တပ်ဆင်အသုံးပြု နိုင်သည်။

အစပိုင်းတွင် RHIB လှေငယ်(၄)စီး သို့မဟုတ် မောင်းသူမဲ့ရေယာဉ်များ၊ စစ်ဆင်ရေးအတွက် သင့်တော်သော ပေ(၂ဝ)ကွန်တိန်နာ(၂)ခုနှင့်၊ AW 101 MERLIN အမျိုးအစား ရဟတ်ယာဉ်(၁)စီးအတွက် လုံလောက်သောနေရာ များဖြင့် ပြန်လည်ဖွဲ့စည်းထားသည့် ရေယာဉ်ပုံစံတစ်ခုအား ရေးဆွဲခဲ့သည်။

ဒုတိယရေယာဉ်ဖြစ်သော AL Rahmani (Q 41) အား ပို့စ်မောက်တွင် အိုမန်ရေတပ်သို့ လွှဲပြောင်းပေးခဲ့သည်။ ပထမရေယာဉ် AL Shamikh (Q 40) အား ၂ဝ၁၃ ခုနှစ်၊ ဇွန်လတွင် လွှဲပြောင်းပေးခဲ့ပြီး အိုမန်တွင်ယခု တည်ဆောက်လျက်ရှိသော တတိယမြောက်အစီး AL Rasikh (Q 42) အား ၂ဝ၁၄ ခုနှစ် ပထမနှစ်ဝက် အတွင်း လွှဲပြောင်း ပေးရန်စီမံထားသည်။ 

ကမ်းခြေစောင့်ရေယာဉ်များ၏အကျိုးသက်ရောက်မှုများ 

အမေရိကန်ရေတပ်၏ ကမ်းခြေစောင့်တိုက်ရေယာဉ် အစီအမံများ သည် ပိုမိုကွဲပြားခြားနားသော ပုံစံဖြင့် ပြုလုပ်လျက်ရှိသည်။ ၄င်းအခြေခံ အယူအဆသဘောတရားမှာ အခြေခံနှင့် ပုံသေစွမ်းဆောင် ရည်များ ပေးစွမ်း နိုင်သည့် Sea Truck အမျိုးအစားတစ်ခုဖြစ်သော Sea Frame ခေါ် ဘုံ တည်ဆောက်မှု တစ်မျိုးကို အခြေခံထားခြင်းဖြစ်ပါသည်။



အမေရိကန်ရေတပ် ကန်းရိုးတန်းရေပြင်တိုက်ရေယာဉ် USS Freedom(LCS 1) အား တွေ့ မြင်ရစဉ်

Sea Frame တွင် ရေယာဉ်နှင့်အတူတပ်ဖွဲ့ဝင်အင်အား ၄ဝ ဦး၊ ၅၇ မီလီမီတာ အမြောက်တစ်လက်၊ အာရုံခံကိရိယာများ၊ တိုက်ပွဲအချက်အလက်စနစ်တို့နှင့် တပ်ဖြန့်စေလွှတ် နိုင်သော ယာဉ်များ(မောင်းသူပါ/မောင်းသူမဲ့)အပြင် MH - 60S အမျိုးအစား ရဟတ်ယာဉ်များကဲ့သို့သော အခြေခံ စွမ်းဆောင်ရည်အချို့ ပေါင်းစပ်ပါဝင်ပါသည်။

အမေရိကန်ရေတပ်၏ ကမ်းရိုးတန်းရေပြင်တိုက်ရေယာဉ်များတွင် ရည်မှန်းချက်တာဝန်တစ်ခုမှ အခြား တစ်ခုသို့ လွှဲပြောင်း တာဝန်ထမ်းဆောင် နိုင်စေရန်အတွက် ကွဲပြားခြားနားသော ရည်မှန်းချက် အမျိုးမျိုးကို တိကျစွာ သတ်မှတ်ဆောင်ရွက်နိုင်သည့် သွင်ပြင်လက္ခဏာများ ထည့်သွင်းတည်ဆောက် ထားပါသည်။ ရည်မှန်းချက်တာဝန်စနစ်များ (Mission Systems) တွင် ယာဉ်များ၊ အာရုံခံစနစ်များနှင့် လက်နက်များပါဝင်ပြီး ရည်မှန်းချက်တာဝန်အမျိုးအစား တစ်ရပ်အတွက် ပေါင်းစပ်ထားပါသည်။

ထို့နောက် Mission Modules တွင် မတူညီသော ရည်မှန်းချက်တာဝန်စနစ်များ၊ ၄င်းတို့၏ အထောက်အကူပြုပစ္စည်း ကိရိယာများ၊ အထောက်အပံ့များ၊ ဆက်သွယ်မှုများကို ပေါင်းစပ်ထားပါသည်။ Mission Modules နှင့် ရည်မှန်းချက်တာဝန်သီးသန့်ပေးအပ်ထားသည့်လူများ၊ ရဟတ်ယာဉ်များနှင့် VTOL UAS တို့သည့် Mission Packages များကို ဖွဲ့စည်းပါသည်။ စီမံကိန်းနှောင့်နှေးမှုများစွာရှိနေခြင်းကြောင့် Mission Package ၃ ခုကို ပြန်လည်စဉ်းစားသုံးသပ်ရေးဆွဲရန် လိုအပ်စေခဲ့ပါသည်။ MCM Mission Package သည်ယုံကြည်အားထားရမှု ပြဿနာရပ်များကြောင့် အနှောင့်နှေးဆုံး ဖြစ်ခဲ့ရသော်လည်း ယခုအချိန်တွင်ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါသည်။

ထို့အတူ Mission Package သည်လည်း MH-60S ရဟတ်ယာဉ်များတွင် တင်ဆောင် Rapid Airborne Mine Clearance System (RAMICS) နှင့် AQS-20A မိုင်းရှင်းစနစ်များကြောင့် သိသိသာသာ ပြောင်းလဲခဲ့ရပါသည်။ ပထမဆုံး သော MCM Mission Package အား ၂ဝ၁၅ ခုနှစ်အတွင်း ထွက်ပေါ်လာသည် နှင့်တစ်ပြိုင်နက် နောက်ထပ်တိုးတက်ဖွံ့ဖြိုးမှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့် ရပါသည်။ ဒုတိယအချက်အဖြစ် VTOL UAS တွင်တပ်ဆင်ထားသော မောင်းသူမဲ့ ရေပြင်မိုင်းစစ်ဆင်ရေးများသည် ပြီးခဲ့သောဆယ်စုနှစ်တစ်ခုထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ နောက်ဆုံးဖြည့်စွက်ချက်မှာ ရေမြုပ်မိုင်းများ ရှာဖွေသည့် KNIFEFISH ရေအောက် မောင်းသူမဲ့ရေယာဉ်ဖြစ်သည်။ 

ရေပေါ်တန်ပြန်စစ်ဆင်ရေးရည်မှန်းချက်သည် LAM / PAM ဒုံးပျံ စနစ်များဖျက်သိမ်းမှုကြောင့် အခက်တွေ့ လျက်ရှိသည်။ Raytheon ၏ GRIFFIN ဒုံးပျံသည်အကွာအဝေး ၂.၇ မိုင်အထိသာ ထိရောက်ပြီး ၅၇ မမ အမြောက် ထက်နည်းသည့်အတွက် ယာယီလိုအပ်ချက်များကို ဖြည့်ဆည်းရမည်ဖြစ်ပါသည်။ 

ရေအောက်တန်ပြန်စစ်ဆင်ရေး ရည်မှန်းချက်သည် ကနဦးအစတွင် စီစဉ်ခဲ့သော လိုအပ်ချက် အမြောက်အမြားအား ပယ်ဖျက်ပြီးသောကြောင့် အားလုံးနီးပါး ပြန်လည်ရေးဆွဲခဲ့ရသည်။ အနာဂတ်တွင် ဥရောပရေတပ်များ သည်ပိုင်ဆိုင်ထားသော ဆိုနာများ၊ ဆိုနိုဘွိုင်များ၊ MK 54 တော်ပီဒိုများ၊ အပေါ့စား တော်ပီဒိုဖျက် ပစ္စည်းများဖြင့် ပါဝင်ဖွဲ့စည်းသွားမည်ဖြစ်သည်။ 

မူလပုံစံများမှ ဆင့်ကဲတိုးတက်ပြီး ဟာကွက်မရှိအကောင်းမွန်ဆုံးပုံစံအား မည်သည့်နိုင်ငံမျှ မပိုင် ဆိုင်နိုင်သေးဘဲ ကမ်းခြေစောင့်တိုက်ရေယာဉ်များအပေါ် ထင်မြင်ချက်များဖြင့် စိန်ခေါ်ပြိုင်ဆိုင်လျက်ရှိ ပါသည်။ မည်သို့ပင်ဆိုစေကာမူ ရည်မှန်းချက်အမျိုးမျိုးအတွက် လိုအပ်ချက်များရှိသော်လည်း ရည်မှန်းချက် များအလိုက် စမ်းသပ်မှုများ၊ ပြောင်းရွှေ့မှုများ ပြုလုပ်မည်ဖြစ်သည့်အတွက် အမေရိကန်ရေတပ်အတွက် ဆုံးရှုံးမှုများဖြစ်ပေါ် လာနိုင်သည်။ ထို့ကြောင့် မည်သည့်ရေတပ်မှ ၄င်းကမ်းခြေစောင့် တိုက်ရေယာဉ် အမျိုးအစား(၂)မျိုးအား ရွေးချယ်ခြင်းမရှိပေ။

အပိုင်း(၂)အား ဆက်လက်ဖော်ပြသွားပါမည်....

No comments: