Monday, June 23, 2014

ယူကရိန်းအစိုးရ အပစ်အခတ်ရပ်ရေးကြေညာအပြီး အစိုးရတပ်နှင့် စစ်သွေးကြွတွေကြား ပတ်ခတ်မှု


ဓာတ်ပုံ – ရိုက်တာ

ယူကရိန်းအစိုးရက ၇ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို တဖက်သတ်ကြေညာအပြီး ဇွန် ၂၂ ရက်နေ့က ယူကရိန်းအစိုးရတပ်တွေနဲ့ ဒေသခံ စစ်သွေးကြွတွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ၂ ဖက်လုံးက အစီရင်ခံပါတယ်။

ဥဇဘက် ကစ္စတန်ကနေ တိုက်ခိုက်ဖို့လာခဲ့တယ်ဆိုတဲ့ စစ်သွေးကြွတယောက်ကတော့ ယူကရိန်း အစိုးရဟာ အပစ်အခတ်ရပ်တယ်လို့ ပြောပေမယ့် တိုက်နေဆဲပဲ ဘ၀မှာ ပထမဆုံးအနေနဲ့ ဒရုမ်းလေယာဉ်ကိုတောင် မြင်ဖူးပြီလို့ ပြောပါတယ်။
ရုရှလိုလားသူ ခွဲထွက်ရေးသမားတွေက ဆက်တိုက်မယ်လို့ ကတိပြုခဲ့ကြပါတယ်။ လူဟန့်စ် ခရိုင်တွင်း ဇွန်လ ၂၂ ရက်နေ့ တိုက်ခိုက်မှုအတွင်း ယူကရိန်းတပ်တွေက ရုရှနယ်စပ်နားက ရွာကို မော်တာတွေနဲ့ ပစ်ခဲ့တယ်လို့ ခွဲထွက်ရေးအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
ဇွန် ၂၀ ရက်နေ့က ပဋိပက္ခကြောင့်ပိတ်ခဲ့ရတဲ့ လူဟန့်စ်ဒေသက ယူကရိန်း-ရုရှ နယ်စပ် စစ်ဆေးရေးစခန်းကို ဇွန်လ ၂၂ ရက်နေ့ကပြန်ဖွင့်ပြီး ပုံမှန် ၀န်ဆောင်မှုတွေ ပြန်စနေပါပြီ။ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲ အတော်များများ ဒဏ်ရာရခဲ့ပါတယ်။
အစ်ဇ်ဗာရီနိုစစ်ဆေးရေးဂိတ်မှာ ပဋိပက္ခဖြစ်လို့ ရုရှရဲ့ပိုင်နက်ကို ယူကရိန်း စစ်တပ်က ပစ်ခတ်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ရုရှ အစိုးရက ပြောပါတယ်။ ကျူးကျော်မှု လုပ်ရပ်ကို ချက်ချင်းစုံစမ်း စစ်ဆေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
လူဟန့်စ်ဒေသခံတချို့ကတော့ ရုရှက်ို ထွက်သွားခဲ့ပြီး ယူကရိန်းကို ရာသက်ပန်စွန့်ခွာတာ မဟုတ်ဘဲ ဇာတိမြေကိုသေချာပေါက် ပြန်လာမယ်လို့ ပြောပါတယ်။
စစ်ဆေးရေးစခန်းကို ထိန်းချုပ်ထားတဲ့ ဒေသခံစစ်သွေးကြွတွေကတော့ အခြေအနေ ဘယ်လိုဖြစ်လာမယ်ဆိုတာ မသေချာဘူးလို့ ပြောပါတယ်။ လူဟန့်စ်ဒေသတွင်း နယ်စပ် စစ်ဆေးရေး စခန်း ၃ ခုလုံး ဒေသခံစစ်သွေးကြွတွေက လောလောဆယ် ထိန်းချုပ်ထားပါတယ်
DVB

No comments: