Wednesday, June 25, 2014

စစ်ရေယာဉ်ကြီးများအား ကာကွယ်လျက်ရှိသော ရေပြင်မှဝေဟင်ပစ် ဒုံးပျံများ (နိဂုံး)

Barak-8 ဒုံးပျံ
အိန္ဒိယနိုင်ငံ၏ Akash နှင့် Trishul ဒုံးပျံစီမံကိန်းများ အဆုံးသတ်ခဲ့ပြီးနောက် Barak-8 SAM ဒုံးပျံ စီမံကိန်းအား စတင် လုပ်ဆောင်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် စွမ်းအားကြီးမားသော ဒုံးပျံအမျိုးအစားတစ်ခု လိုအပ်နေခဲ့ပြီး BrahMos ဒုံးပျံ စီမံကိန်းအောင်မြင် ခဲ့ခြင်းကလည်း စိတ်အားတက်ကြွစေခဲ့ပါသည်။
အိန္ဒိယအနေဖြင့် စွမ်းဆောင်ရည် အပြည့်ရှိသော ရေပြင်မှဝေဟင်ပစ် ဒုံးပျံအမျိုးအစား တစ်ခု ထုတ်လုပ်ရန် လက်တွဲဆောင်ရွက်မည့်သူအား ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် အိန္ဒိယ DRDO နှင့် အစ္စရေး Aerospace Industries တို့ ပူးပေါင်း၍ Barak-8 ဒုံးပျံကို ထုတ်လုပ် နိုင်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ရှင်းလင်းပြီး နှစ်နိုင်ငံစလုံးအတွက် ရေတပ်သုံး အခြေခံလေကြောင်းရန် ကာကွယ်ရေး စနစ်တစ်ခု တီထွင်ထုတ်လုပ်ရန်ဖြစ်ပါသည်။
Barak-8 ဒုံးပျံသည် ကီလိုမီတာ ၇ဝ အကွာရှိ ပစ်မှတ်များအား အပြည့်အဝ တိုက်ခိုက်နိုင်စွမ်းရှိပြီး စစ်ဆင် ရေး အမြင့်အား ၁၆ ကီလိုမီတာ အမြင့် ကန့်သတ်ထားပါသည်။ ဒုံးပျံတွင် Dual-pulse Rocket ပါရှိပြီး အမြန်နှုန်း 2 Mach ထက် ကျော်လွန်စေရန် တွန်းကန် ပေးနိုင်စွမ်းရှိပါသည်။ တည်ဆောက်မှု ပုံစံအရ ရွေ့လျားစစ်ဆင်နိုင်စွမ်း ကောင်းမွန်ပြီး ရေယာဉ်ဖျက် ဒုံးပျံများ၊ လေယာဉ် များနှင့် မောင်းသူ မဲ့လေယာဉ်များ ကဲ့သို့သော ဝေဟင်ပစ်မှတ် မျိုးစုံအား ကာကွယ်ရန်သင့်တော်ပါသည်။

Barak-8 ဒုံးပျံတွင် Active Radar Homing စနစ် ဖြည့်စွက်တပ်ဆင်ထား သောကြောင့် အချက်အလက်ထပ်မံထည့်သွင်းပေးရန်လိုအပ်ချက်ကို လျှော့ချပေးနိုင်ပြီး ပစ်မှတ် ထိမှန်နိုင်စွမ်းကို တိုးမြှင့်ပေး ပါသည်။
လတ်တလော ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ရလျှင် အိန္ဒိယနိုင်ငံသည် Barak-8 ဒုံးပျံစနစ်ကို ၂ဝဝ၉ ခုနှစ်တွင် မှာယူခဲ့ပြီး စာချုပ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁.၁)ဘီလီယံဖြစ်ပါသည်။ ထို့နောက် ၂ဝ၁ဝ ပြည့်နှစ်၊ မေလတွင် အစ္စရေးနိုင်ငံ၌ ဒုံးပျံအား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါသည်။ ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လတွင် အစ္စရေး တပ်မတော်သည် ၄င်း၏ Sa'ar 5 အတန်းအစား စစ်ရေယာဉ်များတွင် Barak-8 ဒုံးပျံများ စတင်တပ်ဆင်ခဲ့ပြီး ဂျာမနီနိုင်ငံမှ မှာယူထားသည့် Meko အတန်းအစား ဖရီးဂိတ်စစ်ရေယာဉ် ၂ စီးတွင် တပ်ဆင်သွားမည်ဟု မျှော်မှန်းထားပါသည်။
ထို့အပြင် အိန္ဒိယရေတပ်သည် လေယာဉ်တင်သင်္ဘော INS Vikramaditya တွင် Barak-8 ဒုံးပျံစနစ် တပ်ဆင် သွားရန် စီစဉ်ထားကြောင်းကြေညာ ခဲ့ပါသည်။ ၂ဝ၁၃ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံ သို့ရောက်ရှိခဲ့သည့် အဆိုပါ လေယာဉ်တင် သင်္ဘောသည် Barak-8 ဒုံးပျံစနစ်ကို ၂ဝ၁၇ ခုနှစ်တွင် လက်ခံတပ်ဆင်သွား မည်ဖြစ်ပါသည်။
RIM-162 ESSM ဒုံးပျံ
ESSM ဟု အတိုကောက်ခေါ်ဝေါ်ကြသည့် Evolved Sea Sparrow Missile သည် အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမနီ၊ ဂရိ၊ နယ်သာလန်၊ နော်ဝေ၊ စပိန်နှင့် တူရကီ စသည့်အဖွဲ့ဝင်နိုင်ငံများမှ ပူးပေါင်း ထုတ်လုပ်သော နိုင်ငံတကာ ဒုံးပျံထုတ်လုပ်မှု စီမံကိန်းဖြစ်ပါသည်။ ESSM ဒုံးပျံ သည် Sea Sparrow Missile စီမံကိန်းကို အခြေခံ၍ အသေးစိတ်တီထွင် ထုတ်လုပ်မှုမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆင့်မြှင့်တင်မှု ပေါင်းစုံပါရှိ ပါသည်
ESSM ဒုံးပျံအား အမေရိကန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Raytheon နှင့် ပူးပေါင်း ထုတ်လုပ် ခဲ့ပါသည်။ RIM-162 ဒုံးပျံသည်မြန်နှုန်းမြင့် ဒုံးပျံအမျိုးအစားဖြစ်ပြီး အမြန်နှုန်း 4 Mach ဖြင့်ပျံသန်းနိုင်ပြီး အကွာအဝေး ၅ဝ ကီလိုမီတာရှိ ပစ်မှတ်များအား တိုက်ခိုက်နိုင်စွမ်းရှိပါသည်။ ESSM ဒုံးပျံတွင် Semi-Active Radar Homing စနစ် တပ်ဆင်ထားခြင်းကြောင့် ဈေးနှုန်းသက်သာပြီး ရိုးရှင်းသော စနစ်တစ်ခုဖြစ်ပါသည်။
ESSM ဒုံးပျံအား စီမံကိန်း အဖွဲ့ဝင်နိုင်ငံများက စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၂ဝ၁၄ ခုနှစ်တွင် စတင် အသုံးပြုခဲ့ပါသည်။ အမေရိကန်ရေတပ်သည် ၂ဝဝ၂ ခုနှစ်၊ ဇူလိုင်လတွင် စစ်ဆင်ရေး ဆန်းစစ်အကဲဖြတ်မှု ပြုလုပ်ခဲ့ပြီး သြစတြေးလျရေတပ်က ၂ဝဝ၃ ခုနှစ်၊ အောက်တိုဘာလတွင် ဒုံးပျံပစ်ခတ် စမ်းသပ်ခဲ့ပါသည်။
ထို့နောက် နယ်သာလန်ရေတပ်နှင့် ဂျာမနီရေတပ်တို့တွင် စမ်းသပ်ခဲ့ကြပါသည်။ ESSM ဒုံးပျံသည် အခြားသော ဒုံးပျံများနှင့် မတူဘဲ ပျံသန်းရာ လမ်းကြောင်းတစ်လျှောက် High-G Manoeuvrings ပြုလုပ်နိုင်စွမ်း ရှိပါသည်။ ၂ဝ၁၃ ခုနှစ်၊ မေလ အတွင်းက အသံထက်အမြန်နှုန်းဖြင့် ပျံသန်း လာသော စမ်းသပ်ပစ်မှတ်ကို အောင်မြင်စွာ ကြားဖြတ် ပစ်ခတ်နိုင်ခြင်းဖြင့် သက်သေပြသနိုင်ခဲ့ပါသည်။
ESSM ဒုံးပျံကို Mk29, Mk41, Mk48, Mk56 စသည့် အမျိုးမျိုးသော ဒေါင်လိုက်ပစ်လွှတ်နိုင်သည့် ဒုံးပျံပစ်စင်များနှင့် ပစ်လွှတ်နိုင်ပါသည်။ ဒုံးပျံအား ပူးပေါင်း စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့သည့် အဖွဲ့ဝင် ၁ဝ နိုင်ငံတွင်သာမက ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်ပါ အသုံးပြုလျက်ရှိပါသည်။ အဆိုပါ ဒုံးပျံသည် ရေယာဉ်ဖျက် ခရုဇ်ဒုံးပျံ၊ Low-velocity and Sea-skimming ခြိမ်းခြောက်မှု အန္တရာယ်များ အပါအဝင် ခြိမ်းခြောက်မှု အများအပြားကို တုံ့ပြန်နိုင်စွမ်းရှိပါသည်။
VL MICA ဒုံးပျံ
MBDA ကုမ္ပဏီမှ ထုတ်လုပ်သည့် ဒုံးပျံများသည် ၄င်း၏နောက်ဆုံးထုတ် MICA ဒုံးပျံအုပ်စုများဖြင့် အဆင့်အတန်းမြင့်မြင့် ဆက်လက် ရပ်တည်နိုင်ဆဲ ဖြစ်ပါသည်။ ဒုံးပျံသမိုင်း ကိုပြန်ကြည့် မည်ဆိုလျှင် ပြင်သစ်ကုမ္ပဏီ Matra သည် ၁၉၈၂ ခုနှစ်တွင် ပထမဆုံး MICA ဒုံးပျံ များဖြင့်နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်လာခဲ့ပါသည်
၁၉၉၁ ခုနှစ်အထိ တီထွင် ထုတ် လုပ်မှုများ ပြုလုပ်ခဲ့ပြီး ထိုနှစ်မှာပင် စမ်းသပ်မှုပြု လုပ်နိုင်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ Rafale နှင့် Mirage 2000 တိုက်လေယာဉ်များတွင် တပ်ဆင်နိုင်ခဲ့ပြီးနောက် Mitra ကော်ပိုရေးရှင်း၏ ဒုံးပျံထုတ်လုပ်မှုအပိုင်းကို MBDA ကုမ္ပဏီက လွှဲပြောင်းရယူ ခဲ့ပါသည်။
MICA ဒုံးပျံအုပ်စု၏ နောက်ဆုံးမျိုးဆက်မှာ VL MICA ဒုံးပျံဖြစ် ပါသည်။ အဆိုပါဒုံးပျံသည် ပုံစံနှစ်မျိုး ရှိပြီး မြေပြင် စစ်ဆင်မှုများအတွက် VL MICA ဒုံးပျံနှင့် ရေတပ်သုံးပုံစံအတွက် VL MICA-M ဒုံးပျံတို့ ဖြစ်ပါသည်။ ပုံစံတစ်ခုစီတွင် IR Seeker သို့မဟုတ် RF Seeker နှစ်မျိုးရွေးချယ်နိုင်ပါသည်။
အဆိုပါရွေးချယ်နိုင်စွမ်းရှိမှုသည် တပ်မတော်အများစု၏ ကွဲပြားခြားနားသော လိုအပ်ချက် များကို ဖြည့် ဆည်းပေးနိုင်စွမ်း ရှိပါသည်။ ဒုံးပျံပုံစံမူ ကွဲအားလုံးကို စုစည်း၍ ခြုံငုံကြည့်မည်ဆိုလျှင် MICA ဒုံးပျံများကို မြေပြင်၊ ဝေဟင်နှင့် ရေပြင် သုံးမျိုးစလုံးမှ အသုံးပြုပစ် ခတ်နိုင်စွမ်း ရှိသည် ကို တွေ့ရ မည်ဖြစ်ပါသည်။
VL MICA-M ဒုံးပျံသည် တာလတ်ပစ် နယ်မြေကာကွယ်ရေးဒုံးပျံ (Medium-Range Area Defence Missile) တစ်ခုဖြစ်ပြီး ၁၂ ကီလိုမီတာ အကွာအဝေးရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိပါသည်။ MBDA ကုမ္ပဏီ၏ အခြားသော ရေပြင်မှဝေဟင်ပစ် ဒုံးပျံများနှင့်နှိုင်းယှဉ်လျှင် ပျံသန်းသည့်အမြင့် နိမ့်ကျသည်ဟု ဆိုရမည်ဖြစ်ပြီး ၁၁ ကီလိုမီတာသာရှိပါသည်။
ဒုံးပျံအား နည်းပညာမြင့် Active Radar Homing စနစ် တပ်ဆင်ထားပြီး အချက်အလက် ထပ်မံထည့်သွင်းမှု နည်းပါးစွာဖြင့် ပစ်မှတ်များကို လွတ်လပ်စွာ ရွေးချယ် သတ်မှတ် နိုင်စွမ်းရှိပါသည်။ VL MICA-M ဒုံးပျံသည် ပစ်လွှတ်ချိန်မှ ၂ စက္ကန့်အကြာတွင် အမြင့်ဆုံးအမြန်နှုန်း 3 Mach ဖြင့် ပျံသန်းနိုင်ပါသည်။
ဘက်စုံအသုံးပြုနိုင်သည့် သွင်ပြင်လက္ခဏာကြောင့် MICA ဒုံးပျံများ၊ အထူးသဖြင့် VL MICA-M ဒုံးပျံများသည် တပ်မတော်အများစုမှ ရွေးချယ်အသုံးပြုကြသည့် လက်နက်ဖြစ်နေခဲ့ပါသည်။ VL MICA အား ကမ္ဘာပေါ်ရှိ လေတပ်အများစုတွင် အသုံးပြုလျက်ရှိပြီး VL MICA-M ဒုံးပျံအား ပြင်သစ် ရေတပ်နှင့် အိုမန်ရေတပ် အပါအဝင် ရေတပ်အများအပြားတွင် အသုံးပြုလျက် ရှိပါသည်။
9M317ME ဒုံးပျံ
Almaz Antey သည် ၂ဝဝ၄ ခုနှစ်တွင် 9M38 ဒုံးပျံပုံစံဟောင်းအား အဆင့်မြှင့်တင်ထားသည့် ဒုံးပျံအဖြစ် 9M317ME ရေပြင် မှ ဝေဟင်ပစ်ဒုံးပျံအား စတင်ထုတ်လုပ်ခဲ့ပါသည်။ ဒီဇိုင်းပုံစံမှာ အတော်ခြား နားခဲ့သည့်အတွက် ကျွမ်းကျင်သူများက ဒုံးပျံပုံစံအသစ်နီးပါး ပင်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။
ဒုံးပျံအား Shtil-1 VL စနစ်ဖြင့် ပစ်လွှတ်နိုင်ရန် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားပါသည်။ Shtil-1 VL စနစ်သည် ပုံစံဟောင်းနှင့် နှိုင်းယှဉ်လျှင် ပစ်ခတ်မှုနှုန်းမြင့်မားပြီး ပစ်ခတ်မှုတစ်ခုနှင့်တစ်ခု အကြားအချိန် တစ်စက္ကန့်မှနှစ်စက္ကန့်အထိ သာရှိပါသည်။ ဒုံးပျံ၏ပဲ့ထိန်းစနစ်တွင် Inertial နှင့် Semi-Active Radar Homing စနစ်တို့ပေါင်းစပ် ထားပါသည်။
စတင် ပစ်လွှတ်ချိန်တွင် Inertial Guidance စနစ်ကို အသုံးပြုပြီး ပျံသန်းရာလမ်းကြောင်း တစ်ဝက် ခန့်တွင် Semi-active Radar Homing စနစ်ကို အသုံးပြုပါသည်။ ဒုံးပျံအား Solid-Propellent Rocket Motor တပ်ဆင်ထားသည့်အတွက် အမြင့်ဆုံးအမြန်နှုန်း 4.5 Mach ဖြင့်ပျံသန်းနိုင်စွမ်း ရှိပါသည်။ အကွာအဝေး ၃၂ ကီလိုမီတာရှိ ပစ်မှတ်အား ပစ်ခတ်တိုက်ခိုက်နိုင်ပြီး ပျံသန်းသည့်အမြင့်မှာ မြေပြင်မှ ၁၅ ကီလိုမီတာဖြစ်ပါသည်။
ရုရှားရေတပ်သည် ယခုနှစ်အတွင်း ပထမဆုံး Shtil ဒုံးပျံစနစ်ကို လက်ခံသွားနိုင်ဖွယ်ရှိပါသည်။ 9M317ME ဒုံးပျံစနစ်ကို လက်ရှိတည်ဆောက် လျက်ရှိသည့် Grigorovich အတန်းအစားဖရီးဂိတ်စစ်ရေယာဉ် ၆ စီးအနက်မှ ပထမဆုံးအစီးတွင် တပ်ဆင်သွားဖွယ်ရှိပါသည်။
Source ; Asian Defence Journal
January-February 2013





No comments: