Wednesday, June 25, 2014

မြန်မာနိုင်ငံတွင် နျူကလီးယား နည်းပညာ တိုးတက်ရေး အလေးပေးလုပ်ရန် လွှတ်တော်တိုက်တွန်း

နေပြည်တော်၊ ဇွန် ၂၃
မြန်မာနိုင်ငံအစိုးရ အနေနှင့် နျူကလီးယား နည်းပညာရပ် တိုးတက်ရေးကို ယခုထက်ပိုမို၍ အလေးထား လုပ်ဆောင်ရန် ယနေ့ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အစိုးရကို အမျိုးသားလွှတ်တော်က တိုက်တွန်းလိုက်သည်။
ဇွန်လ ၂၃ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဒေါက်တာမြင့်ကြည်က မြန်မာနိုင်ငံတွင် နျူကလီးယား နည်းပညာရပ် တိုးတက်ရေးကို ယခုထက်ပိုမို၍ အလေးထားလုပ်ဆောင်ရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ ယင်းအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ အတည်ပြုလိုက်သောကြောင့် ယင်းသို့ တိုက်တွန်းခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောဆိုသည်။

နျူကလီးယား ပညာရပ်သည် ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ စွမ်းအင်ထုတ်လုပ်ခြင်း၊ သိပံ္ပဆိုင်ရာ သုတေသနလုပ်ငန်းနှင့် ပညာရေးဆိုင်ရာ နယ်ပယ်အသီးသီးတွင် အသုံးပြုလာပြီ ဖြစ်သောကြောင့် အလေးထား ဆောင်ရွက်သင့်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားသည်။
နျူကလီးယာ နည်းပညာဆိုင်ရာများကို သင်ကြားရန် အစိုးရက နိုင်ငံခြား ပညာတော်သင်များ စေလွှတ်ခြင်းနှင့် ပြည်တွင်းတွင် လေ့လာခြင်းများ ပြုလုပ်လျက်ရှိ ပြီး အဆိုပါပညာရပ်ဖြင့် ပါရဂူ (Ph.D) ဘွဲ့ရရှိသူ ၁၅၈ ဦး ရှိပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
လက်ရှိတွင် ဓာတ်ရောင်ချည် ကာကွယ်ရေးဌာန၊ ဓာတ်ရောင်ချည် အသုံးချရေးဌာန၊ ရီအက်တာနှင့် အိုင်ဆိုတုပ်ဌာန၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနတို့ ဖွဲ့စည်းကာ အဏုမြူ နည်းပညာဆိုင်ရာ သုတေသန လုပ်ငန်းများ လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။
ထို့ပြင် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တွင် နျူးကလီးယား နည်းပညာ ဘာသာရပ်တစ်ခု ထည့်သွင်းပြီး ဘွဲ့ရရှိသည်အထိ သင်ကြားပေးနိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာကိုကိုဦးက ဆိုသည်။
မြန်မာနိုင်ငံသည် IAEA ၏ ကြီးကြပ်မှုဖြင့် အာရှနှင့် ပစိဖိတ် ဒေသအတွင်းမှ အဖွဲ့ဝင် ၁၉ နိုင်ငံဖြင့် ဖွဲ့စည်းထားသော နျူကလီးယားသိပံ္ပနှင့် နည်းပညာဖွံ့ဖြိုးရေး၊ လေ့ကျင့်သင်ကြားရေးနှင့် သုတေသန ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်တွင် စတင် ပါဝင်ထားသည်

No comments: