Monday, June 23, 2014

အီရတ်၌ ပြည်တွင်းစစ်ဖြစ်ပွားနိုင်မှု ဆော်ဒီအာရေဗျ သတိပေး


ရီယာ့ဒ် ဇွန် ၁၉
အီရတ်နိုင်ငံ၌ ပြည်တွင်းစစ်ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်ကျရောက်နေပြီဟု
ဆော်ဒီအာရေဗျနိုင်ငံက သတိပေးလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၁၉ရက်တွင် သတင်းထုတ်ပြန်သည်။ အီရတ်နိုင်ငံ၌ ဆွန်နီစစ်သွေးကြွများက မြို့အချို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသားဆော့ဒ် အယ်လ်ဖိုင်ဆယ်က သတိပေးလိုက်ခြင်းဖြစ်သည်။
အီရတ်၌ ပြည်တွင်းစစ်ဖြစ်ပွားပါက ဒေသတွင်း၌ မခန့်မှန်းနိုင်သော ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ပင်လယ်နီဒေသရှိ ဂျက်ဒါမြို့၌ ကျင်းပသော ဒေသဆိုင်ရာဆွေးနွေးပွဲတစ်ရပ်တွင် မင်းသားဖိုင်ဆယ်က ပြောကြားသည်။

အီရတ်နိုင်ငံ၌ အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပေါ်ရခြင်းသည် ဝန်ကြီးချုပ် နူရီ အယ်လ်မာလီကီအစိုးရအဖွဲ့က ကျင့်သုံးသော မူဝါဒအရ ဖြစ်ရကြောင်း၊ အီရတ်နိုင်ငံရှိ လူနည်းစု ဆွန်နီအာရပ်မျိုးနွယ်စုအား ဖယ်ကြဉ်သည့်မူဝါဒအရ ဂိုဏ်းဂဏကွဲပြားနေရပြီး စိတ်ဝမ်းကွဲမှုဖြစ်ပေါ်ရကြောင်း ဆော်ဒီအာရေဗျနိုင်ငံက စွပ်စွဲသည်။
အီရတ်နိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနေခြင်းကို အခွင့်ကောင်း ယူကာ ယင်းနိုင်ငံအား အဆိုးမြင်သည့်နိုင်ငံများက နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ သွေးစည်း ညီညွတ်မှု၊ အာရပ်အမျိုးသားရေး ဂုဏ်ဒြပ်ခံ့ထည်မှုတို့ ပျက်ပြားစေရန် ကြံစည် အားထုတ်လာနေကြကြောင်း မင်းသားဖိုင်ဆယ်က ပြောကြားသည်။
ရိုက်တာ

No comments: