Monday, June 23, 2014

မြန်မာ့ ပညာရေး နှင့် မိဘ တို့၏ ပြင်းပြသော စိတ်ဆန္ဒ တို့အတွက် ခေတ်စနစ်သားကောင်ဖြစ်ခဲ့ရသော ဆရာဝန် တစ်ဦး ၏ ရင်ဖွင့်သံ

 Jun 23, 2014

" ကျွန်မကို အခုအချိန်မှာ ဘဝမှာနောင်တအရဆုံးကဘာလဲလို့မေးလာလျှင် လွန်ခဲ့သော ၅နှစ်ခွဲခန့်က ပြီးတော့ လွန်ခဲ့သော ၂နှစ်ခွဲခန့်က ကိုယ်ဝါသနာပါသည့်အလုပ်ကို သတ္တိရှိရှိအမြင်ကျယ်ကျယ် မရွေးချယ်နိုင်ခဲ့ခြင်းဟု ဖြေပါမည်။ ကျွန်မငယ်ငယ်ကတည်းက ဆရာဝန်မဖြစ်ချင်ခဲ့ပါ။သူငယ်ချင်းများနှင့် ကစားလျှင်ပင် ဆရာဝန်နေရာလုခြင်း မရှိခဲ့ပါ။ စိတ်ထဲတွင်စိတ်ကူးယဉ်ထားသောဘဝမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတစ်ယောက် သို့မဟုတ်လျှင် ဓာတ်ခွဲခန်းထဲတွင် သုတေသနလုပ်နေသော သိပ္ပံပညာရှင်တစ်ယောက်သာ ဖြစ်ခဲ့ပါသည်။ 


ထိုအချိန်က အမေ့ကို သိပ္ပံပညာရှင်ဖြစ်ချင်တယ်လို့ပြောတော့ အမေပြန်ပြောသောစကားကို ခုထိမှတ်မိပါသည် 'သမီးရယ် ဒီနိုင်ငံမှာ သိပ္ပံပညာရှင်လုပ်ချင်တယ်ဆိုပြီး basic science တွေကိုရွေးလိုက်ရင် ဘာတက်လမ်းမှ ရှိမယ်လို့မမျှော်လေနဲ့ ဒီမှာတော့ဆရာဝန်က အကောင်းဆုံးပဲ ဆရာဝန်ပဲ ဖြစ်အောင်လုပ်ပါ'တဲ့ထိုအချိန်ကစ၍ ကျွန်မအမေ့ကို သိပ်မယုံတော့ပါ ကျွန်မလုပ်ချင်သောအလုပ်ကို မကောင်းပြောသည်လေ။ နောက်ပိုင်း ကျွန်မစိတ်ထဲမှာ ရှိသည့်အရာ ကျွန်မယုံကြည်သည့်အရာကို အမေ့ကို မတိုင်ပင်ဖြစ်တော့ပါ ။

စိတ်ထဲမှာတော့ ပုန်ကန်ချင်သည့်စိတ်က အမြစ်စတွယ်လာပါသည်။ဆယ်တန်းကို ကျွန်မ အမှတ်များများနှင့်အောင်ခဲ့ပါသည်။ ထုံးစံအတိုင်း အမှတ်အမြင့်ဆုံး ဆေးကျောင်းကိုပဲ တက်ခဲ့သည်ပေါ့။ ပထမနှစ်တက်နေတုန်း ဆရာဝန်ဖြစ်လာလျှင် နေထိုင်ရမည့်ဘဝကို တွေးမိတော့ ကျွန်မမှားပြီဟု သိလိုက်သည်။ နောက်ပိုင်း တတိယနှစ်ရောက်တော့ ကျွန်မစိတ်ဝင်စားသော ဘာသာရပ်တွေကို တွေ့လာခဲ့သည်။တချိန်ထဲမှာပဲ
ဆေးရုံစသွားရသည့် အချိန်တွင် ဆရာဝန်မဖြစ်ချင်ကြောင်း ပိုသေချာလာခဲ့သည်။ဒါပေမဲ့ ကျွန်မကြောက်ခဲ့ပါသည်။ ရှိပြီးသားလေးကို လက်လွှတ်ရမှာ အသစ်ကပြန်စရမှာကို သူများတွေထက်ဂုဏ်ငယ်မှာကို ကြောက်ခဲ့ပါသည်။

သူရဲဘောကြောင်ခဲ့သော ကျွန်မ။သားသမီးကို အချစ်လွန်ခဲ့သော အမေနှင့် ပညာရှင်ကို တန်ဖိုးမထားတတ်သော ပညာရှင်ချင်း အတူတူ အခွင့်အလမ်းရပိုင်ခွင့်များ ကွာဟမှုကြီးမားခဲ့စေခဲ့သော ဤစနစ်တို့၏ ရလဒ်မှာ ဆေးရုံကိုကြောက်သော လူနာမြင်လျှင် ထိုင်ငိုချင်သော ဆေးထိုးရမှာကြောက်၍ လစ်ထွက်ရန် ရှာကြံနေသော မကောင်းသော ဆရာဝန် ကျွန်မနှင့် ဆရာဝန်ဖြစ်ချင်သော်လည်း ဆရာဝန်ကောင်းဖြစ်လာနိုင်သော်လည်း အမှတ်မီရာ ဘာသာရပ်ကို ရွေးလိုက်ရသော ကောင်လေး သို့ ကောင်မလေးဖြစ်ပါသည်။ ကျွန်မလို အဖြစ်မျိုး senior များ ။ same batch များ။junior များထဲတွင် အများကြီးရှိပါသည်။ ဒါပေါ့သေးသေးပြဿနာ မဟုတ်ပါ။ဒီနိုင်ငံမှာရှိတဲ့ လူငယ်တော်တော်များများရဲ့ အရည်အချင်းနဲ့ စိတ်ဓာတ်ကို ဆုတ်ယုတ်စေသော အန္တရာယ်ကြီးပါ။စနစ်ကို ပြင်ဖို့ကတော့ အချိန်ကြာပါမည်။ ပြင်နိုင် မပြင်နိုင်လည်း မသေချာပါ။ ဒါပေမဲ့ ကျွန်မတို့ လုပ်နိုင်တာတွေ အများကြီးရှိပါ သည်။

လူငယ်တွေ ကိုယ်လုပ်ချင်တာကို သတ္တိရှိရှိရွေးကြပါ။ ကိုယ်စိတ်ဝင်စားသည်ထင်သည့် ဘာသာရပ်ကို ထဲထဲဝင်ဝင် လေ့လာကြပါ။ဆယ်တန်းအမှတ်ကောင်းရုံလောက် မမှန်းကြပါနဲ့။ မိဘတွေကလည်း သားသမီးလုပ်ချင်တာကို နားလည်ပေးပါ။ ပံ့ပိုးပေးပါ။ အမြင်ကျယ်ပေးကြပါ။နောင်တရနေသော စိတ်ကျဉ်းကျပ်နေသော ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်နေသော လူငယ်များ ထပ်မရှိပါစေနဲ့တော့။"


OppositEye

No comments: