Sunday, June 22, 2014

ရုရှားနိုင်ငံ ကယူကရိန်း နယ်စပ်အနီး စစ်ရေး တည်ဆောက်မှု ပြန်လည်တိုးမြှင့်လုပ်ဆောင်လျက်ရှိ

ရုရှားနိုင်ငံ ကယူကရိန်း နယ်စပ်အနီး စစ်ရေး တည်ဆောက်မှု ပြန်လည်တိုးမြှင့်လုပ်ဆောင်လျက်ရှိ
ကိယက်ဗ်   ဇွန်   ၂ဝ ယူကရိန်း သမ္မတ   ပီထရိုပိုရိုရှန်ကို အနေဖြင့် အပစ်အခတ် ရပ်စဲရေး အဆိုပြုထား သော်လည်း ရုရှားနိုင်ငံသည် ယူကရိန်း နိုင်ငံနယ်စပ် အနီးတွင် စစ်ရေး တည်ဆောက်မှုများ ပြန်လည်တိုးမြှင့် လုပ်ဆောင် လာခဲ့ကြောင်း သိရသည်။
ပိုရိုရှန်ကိုက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ အဆုံး သတ်ရေး အစီအစဉ်အား ဇွန် ၁၈ ရက်တွင် ကမ်းလှမ်း ခဲ့သော်လည်း  ရုရှား လိုလားသူ စစ်သွေးကြွများက တုံ့ပြန်ခဲ့ခြင်း မရှိဘဲ တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံသည်  အနည်းဆုံး တပ်ဖွဲ့ဝင် ၁ဝဝဝ ကျော်ခန့် ပါဝင်သည့် တပ်ဖွဲ့များကို ယူကရိန်း နယ်စပ်အနီး၌ တပ်ဖြန့်ချထားခဲ့ပြီး ၎င်းလှုပ်ရှားမှုသည် အလွန်စိုးရိမ်ဖွယ် လုပ်ရပ် ဖြစ်ကြောင်း NATO တပ်ဖွဲ့အတွင်းရေးမှူးချုပ် အန်ဒါဖို့ရက်မူဆန်က ဇွန်  ၁၉ ရက်တွင် ပြောကြားခဲ့သည်။
 ယူကရိန်း အစိုးရကလည်း  ရုရှားနိုင်ငံ အနေဖြင့် နယ်စပ်အနီးတွင် တပ်ဖြန့် နေရာချထားမှုများ ပြုလုပ်လျက် ရှိကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ပိုရိုရှန်ကိုက ၎င်းအနေဖြင့် ဇွန် ၂၇ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ပြုလုပ်မည့် ဥရောပ သမဂ္ဂနှင့် အတူ အဖွဲ့တစ်ခု ဖွဲ့စည်းရေး သဘောတူညီမှုအား  လက်မှတ်ရေးထိုး သွားမည်ဟု ပြောကြားခဲ့သည်။
အဆိုပါ သဘောတူညီမှု၌ အဓိက ကျသည့် ကဏ္ဍသည် လွတ်လပ်စွာ ကုန်သွယ်မှု ဖြစ်ပြီး ၎င်းလက်မှတ် ရေးထိုးမှုသည် ယူကရိန်း နိုင်ငံအတွက်  ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့် ရရှိစေရေး အခွင့်အလမ်း တစ်ရပ်ဖြစ်ကြောင်းနှင့် ပိုရိုရှန်ကို အနေဖြင့် အဆိုပါ သဘောတူညီမှုအား  လက်မှတ် ရေးထိုးခဲ့လျှင်  ရုရှားနိုင်ငံက တန်ပြန်စီမံ ဆောင်ရွက်ချက်များဖြင့် အလျင်အမြန် တုံ့ပြန် လာနိုင်ဖွယ်ရှိကြောင်း သိရသည်။    

မြဝတီ 

No comments: