Monday, June 23, 2014

ရှေ့တန်းစခန်း တစ်ခုတွင် တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ် ခဲ့သည့် တောင်ကိုရီးယား စစ်သည်အား လိုက်လံ ရှာဖွေ

ရှေ့တန်းစခန်း တစ်ခုတွင် တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ် ခဲ့သည့် တောင်ကိုရီးယား စစ်သည်အား လိုက်လံ ရှာဖွေ
ဆိုးလ်  ဇွန်  ၂၂ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်မှ စစ်မဲ့ဇုန်ရှိ တောင်ကိုရီးယား ရှေ့တန်းတပ်စခန်း တစ်ခုတွင် တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဒဏ်ရာ ရရှိသူများအနက် နှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း ဒေသတွင်း သတင်းဌာနများက ဇွန် ၂၂ ရက်တွင် ဖော်ပြခဲ့သည်။ အခင်းဖြစ်ပွားပုံမှာ စစ်မဲ့ဇုန်တွင် ကင်းလှည့်တာဝန် ထမ်းဆောင်နေသော တောင်ကိုရီးယား တပ်မတော်မှ  တပ်ဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ  လင်းမ် အမည်ရှိ တပ်ကြပ်ကြီးသည် ဇွန် ၂၁ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်ခန့်က ကင်းလှည့်ရာမှ ပြန်လာပြီးနောက် စစ်တန်းလျားသို့ ပြန်အရောက်တွင် ၎င်း၏ တပ်ဖွဲ့ဝင်များအား ၎င်းကိုင်ဆောင်သော  K-2 ရိုင်ဖယ်ဖြင့် ၁ဝ ချက်ခန့် ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း စစ်ဘက် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
တပ်ကြပ်ကြီး လင်းမ်တွင် ကျည်ဆန် ၇၅ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံး ရှိကြောင်း၊ အခင်းဖြစ်ပွားရာ အနီး တွင် ရှေးဦးစွာ လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲသံ ကြားခဲ့ရကြောင်း၊ ထို့နောက် တပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ပြီး နောက် ၎င်းမှာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် လင်းမ်အား စစ်ဘက်နှင့် ရဲဘက်တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက် ရှိကြောင်း သိရသည်။ ယခုဖြစ်ပွားသည့် ဖြစ်ရပ်သည် ၂ဝဝ၅ ခုနှစ်က တောင်ကိုရီးယား စစ်သည်တစ်ဦးမှ ၎င်းနေထိုင်ရာ တန်းလျားအတွင်း လက်ပစ်ဗုံးဖြင့် ဖောက်ခွဲမှုပြီးနောက် လူအသေ အပျောက် အများဆုံးသော ဖြစ်စဉ် တစ်ခုဖြစ်သည်။

မြဝတီ

No comments: