Saturday, July 19, 2014

လယ်သမားတစ်ဦး လက်ပြန်ကြိုးတုတ်၍ ရိုက်နှက်ခံရပြီးနောက် ၀တ္တရားနှောက်ယှက်မှုဖြင့် ထပ်မံအမှုဖွင့်ခံရ



 ကျောက်ကြီး၊ ဇူလိုင် ၁၈

 ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ စည်ပင်သာကျေးရွာနေ အသက် ၃၉ နှစ် အရွယ် လယ်သမားတစ်ဦးအား တပ်ကြပ်ကြီးစာရေး ဆိုသူမှ လက်ပြန်ကြိုးတုတ်၍ ရိုက်နှက်ခံရပြီးနောက် အလုပ်ဝတ္တရား နှောက်ယှက်မှုဖြင့် ထပ်မံအမှုဖွင့် ခံရကြောင်း သတင်းရရှိသည်။

 ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၆နာရီခွဲအချိန် လယ်သမားတစ်ဦးဖြစ်သူ ဇော်မင်းနိုင်(ဘ) ဦးခမ်းလိတ် ဆိုသူသည် ပျိုးနုတ်သားများကို ပြန်ပို့ပြီး မုန်းမြို့ ရေအိုးစဉ်ကျေးရွာ ခမရ(၅၉၀)တပ်ရင်းအနီးရှိ ၄င်းပိုင်းဆိုင်သော လယ်မြေ ၅ ဧကခန့်ရှိ လယ်တဲသို့အပြန် တပ်ရင်းရှေ့ ၁ ဖါလုံခန့်အကွာ ရေအိုး စဉ်ကျေးရွာ ကွက်သစ်ပိုင်ဘုန်းကြီး ကျောင်းရှေ့၌ ခမရ(၅၉၀)တပ်ရင်းမှ တပ်ကြပ်ကြီးစာရေး မျိုးနိုင်ထွန်း နှင့် တပည့် ၂ ဦး(အမည်မသိ) တို့ အနောက်မှလိုက်လာပြီး အရက်မူးကာ ယခင်က အရက်ဆိုင်တွင် စကားများခဲ့သည့် ကိစ္စ နှင့်ပတ်သတ်၍ `` မင်းငါ့ဆိုင်ကိုလာပြီး လူပါးဝတယ်၊ မင်းကိုမကျေနပ်ဘူး၊ သတ်ပစ်မယ်´´ ဟု ခြိမ်းခြောက်ပြီး အတူ ပါလာသောတပည့် ၂ ဦးမှ ထိုးကြိတ်ကန်ကြောက်ပြီး လက်နောက်ပြန်ကြိုးတုတ်ကာ တပ်ထဲသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့ရုံး မှစုံစမ်းသိရှိရသည်။



 ထိုနောက် တပ်ကြပ်ကြီးစာရေးဆိုသူမှ ဆဲဆိုထိုးကြိတ်ရိုက်နှက်ခဲ့သောကြောင့် ဇော် မင်းနိုင်တွင် ယာဘက်မျက်ခုံး(၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ မျက်နာပြင်ဖူးရောင်ဒဏ်ရာ၊ လည်ပင်းတွင် ညိုမဲဒဏ်ရာ၊ မေးစေ့ပေါက်ပြဲဒဏ်ရာ၊ ၀ဲညှပ်ရိုး/၀ဲလက်ဖျံ/ဦးခေါင်းတို့ ဖူးယောင်ဒဏ်ရာများရရှိ ဇူလိုင်လ ၁၄ ရက်နေ့တွင် မုန်းမြို့တိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသခဲ့ပြီး မုန်းရဲစခန်းတွင် (ပ)၄၅/၁၄ ပုဒ်မ ၂၉၄/၃၂၅/၅၀၆ အရ အမှုဖွင့်တိုင်ကြားခဲ့သည်။

  ထိုသို့တိုင်ကြားခဲ့သောလည်း အဆိုပါနေ့က တကက(စရ)မျိုးနိုင်ထွန်း ၄င်းတပ်ရင်း ၏ အမှတ်(၁) ဗန်ကာဂိတ်တွင် တာဝန်ထမ်းဆောင်နေစဉ် ဇော်မင်းနိုင်မှ အရက်မူးလာသဖြင့် ``ဘယ်သွားမှာလဲ´´ ဟုမေးရာ ``မိုးနတ်သာအင်း(ဒေသအခေါ်) သို့သွားမလို့´´ဟု ပြောသဖြင့် တကက(စရ)မှ ဒီအချိန်တပ်အတွင်းသို့ ၀င်ထွက်သွားလာခွင့်မပြုကြောင်း ပြန်ပြောသည်ကို မကျေနပ်၍ ဆဲဆိုပြီးအသင့်ပါလာသော လက်နှိပ်ဓါတ်မီးဖြင့် ရိုက်နှက်သည်ဟု ဆိုကာ ဇော်မင်းနိင်အား မုန်းရဲစခန်းတွင် (ပ)၄၆/၁၄ ပုဒ်မ ၂၉၄/၄၄၇/၃၅၃ ရိုက်နှက်မှု အလုပ်ဝတ္တရားနှောက်ယှက် မှုတို့ ဖြင့် ပြန်လည် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

  ဇော်မင်းနိုင်မှာ ရရှိသည့် ဒဏ်ရာအခြေအနေ မသက်သာသောကြောင့် မုန်းတိုက်နယ် ဆေးရုံးမှ ဇူလိုင်လ ၁၆ ရက်နေ့တွင် တောင်ငူခရိုင်ဆေးရုံကြီးသို့ လွဲပြောင်းပို့ဆောင် ကုသလျှက်ရှိကြောင်းသိရသည်။

tgo-watch

BY THIT THOO LWIN



No comments: