ဇူလိုင် ၁၅ ရက်တွင် (MDCF) အဖွဲ့ဝင်နှစ်ဦးအား ဗဟန်းမြို့နယ်တရားရုံးမှ ပြန်ထွက်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
Jul 16, 2014
၂ဝ၁၄ ခုနှစ် မေ ၆ ရက်တွင် ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ဗဟန်းမြို့နယ်၌ ဆန္ဒပြကာ လက်ကမ်းစာစောင် ဖြန့်ဝေခဲ့သော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (MDCF)အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုတင်မောင်ကြည်နှင့် ကိုဇော်ဝင်းတို့အား ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်တရားရုံးက ပုဒ်မ-၅ဝ၅(ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။
“အခု ပြည်သူ့အသံ လွှတ်တော်အသံဆိုပြီး လွှတ်တော်မှာ ပြောနေပေမယ့် တကယ်မှာတော့ အဓိပ္ပာယ်မရှိတာတွေ လုပ်နေတယ်။ ဒီတော့ သမ္ဓတဆီမှာ ဩဇာအာဏာ တကယ်ရှိရဲ့လားလို့ မေးချင်တယ်။ အခုသမ္ဓတပြောနေတာတွေက အောက်ခြေမှာ တကယ်ဖြစ်မလာပဲနဲ့ နာမည်ပဲပျက်နေတယ်။ ကျွန်တော်တို့က အစိုးရကို နာမည်ဖျက်နေတာ မဟုတ်ဘူး။သူတို့ကိုယ်တိုင် နာမည်ပျက်အောင်လုပ်နေ တာ”ဟု (MDCF) အဖွဲ့ဝင်ဖြစ်သူ ထောင်ဒဏ်ချမှတ်ခံရသည့် ကိုဇော်ဝင်းက ဆိုသည်။
ယင်းဆန္ဒပြခဲ့သည့်ဖြစ်စဉ်မှာ မေ ၆ ရက် နံနက်ပိုင်းတွင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုက တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တို့၌ ပြည်ထောင်စုအစိုးရအဖွဲ့အား အယုံကြည်မရှိကြောင်း စာရွက်များဖြန့်ဝေ ဟောပြောဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဆန္ဒပြနေစဉ် ဖမ်းဆီးခြင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ၎င်းတို့နှစ်ဦးအား တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တို့ရှိ ရဲစခန်းများက ပုဒ်မ ၅ဝ၅ (ခ)ဖြင့် အသီးသီး အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ကိုတင်မောင်ကြည်နှင့် ကိုဇော်ဝင်းတို့ နှစ်ဦးကို ဗဟန်းမြို့နယ်တရားရုံးက ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် ယခုကဲ့သို့အမိန့်ချခဲ့ခြင်းဖြစ်ပြီး တာမွေမြို့နယ်တရားရုံးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတို့မှလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လစီ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင်(MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကိုလည်း ဖေဖော်ဝါရီလအတွင်း တပ်ပိုင်မြေ၌ ကျူးကျော်နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာက အကြမ်းဖက်ဖယ်ရှားခံရသည့် သမီးကလေးကျေးရွာကိစ္စ နှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ်တွင် ဆန္ဒပြခဲ့မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလအား လည်းကောင်း၊ ဧပြီ ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့၌ မရမ်းကုန်း မြို့နယ်(၆)ရပ်ကွက်မှ ပြည်သူများက မြေပြန်လည်ရရှိရေးအတွက် အကူအညီတောင်းခံရာတွင် ပါဝင်ခဲ့သည့်အတွက် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလအားလည်းကောင်း၊ မေလ အတွင်း တောင်ဥက္ကလာပမြို့နယ်၌ ပြည်ထောင်စုအစိုးရအား အလိုမရှိကြောင်း ဆန္ဒပြခဲ့သည့်ဖြစ်စဉ်အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ်ခြောက်လအား သက်ဆိုင်ရာတရားရုံးအသီးသီးမှ အမိန့်ချမှတ်ခဲ့သည်။

No comments:
Post a Comment