Wednesday, July 16, 2014

လာမည့်နှစ်မှစ၍ ကာကွယ်ရေးဘတ်ဂျက်များအား လျှော့သုံးရန် လွှတ်တော်သို့ တင်ပြထားခြင်းမရှိကြောင်း ကာကွယ်ရေးဒုဝန်ကြီး ပြောကြား

 Jul 16, 2014
ကာကွယ်ရေးဘတ်ဂျက်များကို လာမည့်နှစ်မှစ၍ ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အထိ လျှော့သုံးမည်ဟု လွှတ်တော်သို့ တင်ပြထားခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

ဇူလိုင် ၁၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်တစ်ဦးက လွှတ်တော်ကော်မတီ၏ အစီရင်ခံစာတွင် လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်များကို ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အထိ လျှော့သုံးရန် လွှတ်တော်သို့ တင်ပြထားသည်ဟု ပါဝင်ကြောင်း၊ ၎င်းအစီရင်ခံစာပါ အချက်များနှင့်ပတ်သက်၍ မှန်ကန်ခြင်း ရှိ၊ မရှိ ဖြေကြားပေးပါရန် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုအခါ ဗိုလ်ချုပ်ကျော်ညွန့်က “ကျွန်တော်တို့ လျှော့သုံးမယ်လို့ ပြောကြားထားတာတော့ မရှိပါဘူး။ ကျွန်တော်တို့ အနည်းဆုံးပဲ သုံးနေတာပဲလေ။ ကျွန်တော်တို့ဘက်က လွှတ်တော်ကို ဘာမှတင်ပြထားတာ မရှိပါဘူး။ အခုကလည်း ဘတ်ဂျက်ကို အချိုးကျ သုံးစွဲနေတာပါ” ဟု ပြန်လည်ဖြေကြားသည်။

ဇူလိုင် ၉ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းလာသည့် အစိုးရအဖွဲ့၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ဒုတိယခြောက်လပတ် (အောက်တိုဘာမှ မတ်လအထိ) အမျိုးသားစီမံကိန်းများ ဆောင်ရွက်မှု အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ကာကွယ်ရေးဘတ်ဂျက်နှင့် ပတ်သက်၍ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြချက်အရ လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များကို ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အထိ လျှော့ချရန် လွှတ်တော်သို့ တင်ပြထားသည်ဟု ဖော်ပြထားသည်။

No comments: