ဇူလိုင် ၁၆ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဦးခင်မောင်စိုးက ရှင်းလင်းပြောကြားစဉ်
ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးတွင် တည်ဆောက်ဆဲ၊ တည်ဆောက်ပြီးနှင့် တည်ဆောက်ရန်လျာထားသည့် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၏ စက်တပ်ဆင်အင်အားမှာ ၈၅၄၈ ဒသမ ၆ မဂ္ဂါဝပ်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
ဇူလိုင် ၁၆ ၇က်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအတွက် ဖြည့်ဆည်းနိုင်ရန်ဆောင်ရွက်နေသည့် စီမံကိန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်များနှင့်ပတ်သက်ပြီး MoU ရေးထိုးဆောင်ရွက်နေမှုများ၊ ရန်ကုန်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်လာမည့် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များအပါအ၀င် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားများအတွက် ဓာတ်အားဖြည့်ဆည်းနိုင်ရန်အတွက် ထန်းတပင်၊ သီလ၀ါ၊ ကျောက်တန်းဒေသများ၊ ဧရာဝတီတိုင်းဒေသကြီးတွင်လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားများ၊ စစ်ကိုင်းနှင့်ချင်းပြည်နယ်တွင် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားများအတွက် ကျောက်မီးသွေးသုံးစက်ရုံများနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းတွင် Virtue Land မှတည်ဆောက်ရန် MoU ရေးထိုးပြီးဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်တွင် သန်းဖြိုးသူကုမ္ပဏီကဆောင်ရွက်ရန် MoU ရေးထိုးပြီးဖြစ်ကြောင်း၊ EIA, SIA ဆောင်ရွက်လျက်ရှိကြောင်း ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖက်စပ်ပိုင်စီမံကိန်းများအဖြစ် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်တွင် မဂ္ဂါဝပ် ၂၇၀ရှိမည့် စီမံကိန်းအား Huaneng Lancang နှင့် ထူးကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ရန် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
MoU လက်မှတ်ရေးထိုးပြီးဖြစ်သည့် စီမံကိန်းခုနစ်ခုမှ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၉၄၀၀ရှိကြောင်း၊ သီလ၀ါ၊ ကျောက်တန်း၊ ငရုတ်ကောင်း၊ ကလေးဝ၊ ကျိုင်းတုံ၊ ဘုတ်ပြင်းဒေသများတွင် လေ့လာမှုများ ဆောင်ရွက်နေကြောင်း၊ ပြည်တွင်းထွက် ကျောက်မီးသွေးအသုံးပြုပြီး လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းရန်အတွက် ရည်ရွယ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများမှ ၂၀၃၀ ပြည့်နှစ်တွင် ဖြစ်ပေါ်လာမည့် တစ်နိုင်ငံလုံးစက်တပ်ဆင်အင်အားလိုအပ်ချက်၏ ၆၇ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မြန်မာပြည်အောက်ပိုင်းဒေသများသည် နောင်တွင် လျှပ်စစ်ဓာတ်အား အဓိကသုံးစွဲမည့် ဒေသများဖြစ်လာမည်ဖြစ်သည့်အတွက် တိုးချဲ့တည်ဆောက်သင့်ကြောင်း ဦးခင်မောင်စိုးက ပြောကြားသည်။
ဦးခင်မောင်စိုးက "ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မယ့် အဆင့်မြင့်နည်းပညာတွေ ပေါ်ပေါက်နေပြီဖြစ်ပါတယ်။ အချို့ကမ္ဘာ့နိုင်ငံကြီးတွေမှာလည်း ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွေက လူနေမြို့တွေနဲ့နီးကပ်စွာ အသုံးပြုနေကြပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို မဖြစ်ပေါ်အောင် သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ရှိပါတယ်" ဟု ပြောကြားသည်။
လက်ရှိတွင် နိုင်ငံသားတစ်ဦး၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုမှာ တစ်နှစ်လျှင် ဓာတ်အားယူနစ် ၁၀၄ သာရှိသည့်အတွက် အရှေ့တောင်အာရှနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်နေကြောင်း၊ ပိုမိုသုံးစွဲနိုင်ရန်အတွက် ပိုမိုထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့်ပူးပေါင်းပြီး Electricity Master Plan ရေးဆွဲလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်မှုအပေါ် အမြင်အမျိုးမျိုးကွဲပြားလျက်ရှိကြောင်း၊ နျူကလီးယားနှင့် ရေအားလျှပ်စစ်ပြီးပါက ဈေးနှုန်းချိုသာကြောင်း၊ တည်ဆောက်မှုသုံးနှစ်မှ ငါးနှစ်အတွင်း မဂ္ဂါဝပ်များစွာ တည်ဆောက်ပြီးစီးနိုင်ကြောင်း၊ ကျောက်မီးသွေးကုန်ကြမ်းသည် နှစ်ပေါင်းရာကျော်အထိသုံးစွဲနိုင်ပြီး ကမ္ဘာ့ဈေးကွက်အတိုင်းဝယ်ယူနိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်နိုင်သည့် နည်းပညာများရှိကြောင်း ဆက်လက်ပြောကြားသည်။
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကြောင့် ကောင်းကျိုးများရှိသကဲ့သို့ ဆိုးကျိုးများလည်းရှိကြောင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့်ဓာတ်ငွေ့များ၊ ပစ္စည်းများထွက်ရှိခြင်း၊ အမှုန်အမွှားများထွက်ရှိခြင်း စသည့်ဆိုးကျိုးများရှိကြောင်း ပြောကြားသည်။ လက်ရှိရန်ကုန်မြို့အနေဖြင့်လည်း Air Pollution ကြောင့် Blue Sky အား မမြင်တွေ့ရသည့်အနေအထားဟု သုံးသပ်မှုများရှိနေသည်။
သန့်ရှင်းသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများဖြစ်လာရန်အတွက် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီစသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ သတ်မှတ်ချက်များ ချမှတ်ပေးထားကြောင်း သိရသည်။
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက် လျှောက်ထားသူများအား နိုင်ငံတော်၏ခွင့်ပြုချက်ရယူပြီး လေ့လာမှုပြုလုပ်ခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများ၏ ခွင့်ပြုချက်ရယူပြီးမှသာ လေ့လာခွင့်ပြုခြင်း၊ ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာအား ၀န်ကြီးဌာနမှ စနစ်တကျစိစစ်ခြင်း၊ EIA,SIA အစီရင်ခံစာများ ပြုစုတင်ပြခြင်း၊ သက်ဆိုင်သည့်ဒေသမှ ပြည်သူများအား ရှင်းလင်းတင်ပြစေခြင်း၊ တင်ပြချိန်တွင် ပွင့်လင်းမြင်သာစွာဖြင့် အချက်အလက်အားလုံးကို ရှင်းလင်းစေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

No comments:
Post a Comment