Jul 13, 2014
ဒေါက်တာ နေဇင်လတ်
ကမ္ဘာ့ဒေသကြီး (၆) ခုမှ ဒီမိုကရေစီ ယဉ်ကျေးမှု
(၁) အနောက်ဥရောပ (Tesatern Europe)
အနောက် ဥရောပဒေသတွင် (၂၁) နိုင်ငံရှိသည့် အနက် (၂၀၀၈-၂၀၁၀) အတွင်း (၁၅) နိုင်ငံသည် စီးပွားရေး အကျပ်အတည်းကြောင့် ဒီမိုကရေစီစံနှုန်းများ လျော့ကျသွားသည်။ ဂရိ၊ အီတလီ၊ ပြင်သစ်တို့ သည် Full Democracy အဆင့်မှ Flawed အဆင့်သို့ နိမ့်ကျသွားသည်။ လက်ယာစွန်းနှင့် Anti Immigrant နိုင်ငံရေးသမားများ အားကောင်းလာသည်။ ဥရောပ တစ်တိုက်လုံး၌ နိုင်ငံရေး အင်စတီကျူးရှင်းများ (Political Institution) အပေါ် ယုံကြည်မှု ကင်းလာသည်။ ဆွီဒင်၊ ဒိန်းမတ် အစ္စလာမ် ဆန့်ကျင်ရေး သဘောတရားများ ဖွံ့ဖြိုးအားကောင်းလာပြီး Anti Immigrant သဘောတရား အားကောင်းလာသည်။ ဆွီဒင်သည် မူလအဆင့် (၁) နေရာမှ အဆင့် (၄) သို့ တစ်မုဟုတ်ချင်း လျော့ကျခဲ့သည်။ အင်္ဂလန်တွင် အခြေအနေ ပိုဆိုးသည့် Political Deficit ဟူသော နိုင်ငံရေး ယုံကြည်မှု အလွန်အမင်း ကျဆင်းလာခဲ့၏။ ဂျာမနီတွင် မဲပေးသူ အရေအတွက် ကျဆင်းလာပြီး၊ အမေရိကန်တွင် အကြမ်းဖက် တိုက်ဖျက်ရေးကြောင့် လူမှုဘ၀ လွတ်လပ်မှု (Social Liberating) များစွာ ဆုတ်ယုတ်လာခဲ့သည်။
(၂) အရှေ့ဥရောပ (East Europe)
နိုင်ငံပေါင်း (၂၈) နိုင်ငံအနက် (၁၉) နိုင်ငံ နောက်ပြန် လှည့်သွားသည်ကို တွေ့ရသည်။ “လိမ္မော်ရောင်” တော်လှန်ရေးဖြင့် ပေးဆပ်မှုများစွာ ပြုခဲ့ရသော နိုင်ငံတို့ တန်ပြန်လှိုင်း၏ ခြိမ်းခြောက်မှုကို ခံနေကြရသည်။ ဘောလ်ကန် ဒေသသည်လည်း အလားတူဖြစ်ပြီး၊ အရှေ့ဥရောပ အားလုံးနီးပါးမျှ တန်ပြန်လှိုင်း၏ ရိုက်ခတ်မှုကို ခံနေကြပြီဟု ဆိုလောက်သည်။ ယုံကြည်မှုကို အခြေခံသော နိုင်ငံရေး ယဉ်ကျေးမှု (Low Level of Political Participation, Low Level of Publictrust in Political institution) ကြောင့် ဖြစ်သည်ကို တွေ့ရ၏။ ရုရှားသည် Democracy မှ သည် Managed Democracy ဟူသော ထိန်းချုပ် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်မှန်းမသိ ရောက်သွားခဲ့သည်။ တစ်ချိန်က အင်အားတောင့်တင်း၍ သြဇာကြီးမားခဲ့သော ဒူးမားလွှတ်တော်သည် ယခုအခါ ပူတင်၏ရုပ်ပြမျှသာ ဖြစ်လာခဲ့၏။ ပူတင်၏ ပြည်နယ် အုပ်ချုပ်ရေးမှူးများ တိုက်ရိုက် ခန့်ထားခြင်းကို လွှတ်တော်မှ မကန့်ကွက်ရဲခဲ့ကြ၊ မီဒီယာနှင့် စီးပွားရေးကိုလည်း အစိုးရက ကောင်းစွာ ချုပ်ကိုင် ထားနိုင်ခဲ့သည်။ အရပ်ဘက် အဖွဲ့အစည်းများကို အကန့်အသတ် ဖြင့်သာထားရှိသည်။ ရုရှားပြည်သူတို့သည် ၀င်ငွေ တိုးတက် ရရှိလာခဲ့ကြရာ ဒီမိုကရေစီအရေးကို များစွာ စိတ်ဝင်စားမှု မပြကြတော့၊ အရှေ့ ဥရောပတွင် မီဒီယာများကို ကန့်သတ် ချုပ်ခြယ်ဖိနှိပ်မှုသည် တစ်စ တစ်စ ပို၍ တိုးပွားလာသည်။ ကာဇက်စတန်၊ ဘော်လ်ကန်ဒေသ၊ အယ်လ်ဘေးနီးယား၊ မက်ဆီဒိုးနီးယား နိုင်ငံများရှိ ဂျာနယ်လစ်များမှာ နိုင်ငံရေး ဖိအားများ၊ အကြမ်းဖက် တိုက်ခိုက် ခံရမှုများနှင့် ရင်ဆိုင်နေကြရသည်။
(၃) အာရှနှင့် သြစတြေးလျ (Asia and Australia)
တောင်ကိုရီးယားသည် Full Democracy အဆင့် ဖြစ်သော်လည်း အာရှ၏ ဒီမိုကရေစီမှာ အချိုးမညီ ဖြစ်နေ၏။ အာရှ၏ ပျမ်းမျှ ဒီမိုကရေစီ ညွှန်းကိန်းသည် ၂၀၁၀ တွင် ကျဆင်းလာခဲ့သည်။ ဖီဂျီသည် Hybrid မှ အာဏာရှင်သို့ နောက်ကြောင်းပြန်သွား သည်။ လွန်ခဲ့သော (၁၅) နှစ်ခန့် အတွင်း အာရှနိုင်ငံ (၂၀) ခန့်မှာ ရွေး ကောက်ပွဲများ ကျင်းပခဲ့ပြီး အသွင် ကူးပြောင်းခဲ့ကြသော်လည်း များစွာ တိုးတက်မှု မရနိုင်ကြသေး။ အိန်္ဒိယ ဒီမိုကရေစီသည် တည်ငြိမ်သော်လည်း ယခု ၀န်ကြီးချုပ် မိုဒီလက်ထက်တွင် ဒီမိုကရေစီ စံနှုန်းဆက်လက် ထိန်းထားနိုင်ပါ့မလား ဟူသည်ကို မေးခွန်း ထုတ်လာခဲ့ကြသည်။ နိုင်ငံပေါင်း (၂၀) အသွင်ကူးပြောင်း ခဲ့ကြသော်လည်း (၉) နိုင်ငံသာ Free and Fair Electrion ကို လုပ်ပေးကြောင်း တွေ့ရသည်ဟု စစ်တမ်းများက ဆိုထားသည်။ လေ့လာချက် များအရ ပြည်သူတို့က ဒီမိုကရေစီ စံနှုန်းများကို လိုလားခဲ့ကြသော်လည်း ဦးဆောင်မှု ပေးကြသော နိုင်ငံရေး ခေါင်းဆောင်များ အပေါ် ယုံကြည်မှုများစွာ ကျဆင်းလာကြောင်း တွေ့ရသည်။
(၄) လက်တင်အမေရိက (Latin America)
နိုင်ငံပေါင်း (၂၄) နိုင်ငံအနက် (၁၅) နိုင်ငံသာ Flawed Democracy အဆင့်တွင် ရှိကြသည်။ Free & Fair Election ကို ကောင်းစွာ ကျင့်သုံးနိုင်ကြ လင့်ကစား မီဒီယာဖိနှိပ်မှု၊ နိုင်ငံတော်မှ ၀င်ရောက်စွက်ဖက်မှု (State Interference) များကို ပို၍အား ကောင်းစွာ တွေ့ရသည်။ ၂၀၀၈ စီးပွားရေး အကျပ်အတည်းနောက် ဆူပူမှုများ၊ ဒီမိုကရေစီ တန်ပြန်လှိုင်းများကို ခက်ခဲစွာ ထိန်းသိမ်း ခဲ့ကြရသည်။ သို့သော်လည်း အကြမ်းဖက်မှုများက ဒီမိုကရေစီ ကျဆုံးရန် စိန်ခေါ်မှုများ ဖြစ်လာခဲ့သည်၊ လက်နက်ကိုင် သောင်းကျန်းသူများကို အတိုင်းအတာ တစ်ခုအထိ နှိမ်နင်းနိုင်သော်လည်း မူးယစ် ဆေးဝါးရောင်းဝယ်မှုနှင့် ထိုမှတစ်ဆင့် အကြမ်းဖက်မှု၊ ရာဇ၀တ်မှုများ ကို ကောင်းစွာ ကိုင်တွယ်နိုင်မှု မတွေ့ရချေ။ အဖွဲ့အစည်း ပုံစံဖြင့် စနစ်တကျ ကျူးလွန်နေသော ရာဇ၀တ်ဂိုဏ်းများနှင့် အစိုးရ လုံခြုံရေးကြား ပြဿနာများ ကြီးထွားလာလျက် ရှိသည်။ ရွေးကောက်ပွဲများ ကောင်းမွန် တိုးတက်ခဲ့သော်လည်း မီဒီယာများ လွတ်လပ်ခွင့်များ လျော့ပါးလာသည်။ ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားရေး မဏ္ဍိုင်များ အားနည်းကြပြီး၊ အစိုးရ၏ အုပ်ချုပ်ရေး မဏ္ဍိုင်က အင်အား ပိုမို ကောင်းမွန်သည်။
(၃) မြန်မာတို့ သတိပြုဖွယ်ရာ ဒီမိုကရက် တိုက်ဇေးရှင်း
(၅) အရှေ့အလယ်ပိုင်း နှင့် မြောက်အာဖရိက (Middle East and North Africa)
အဖိနှိပ်ဆုံးသော အစိုးရများ တည်ရှိရာဒေသဟု သတ်မှတ်သည်။ နိုင်ငံပေါင်း (၂၀) အနက် (၁၆) နိုင်ငံမှာ အာဏာရှင်များ ဖြစ်သည်။ အစ္စရေးသည် Flawed အဆင့်၊ အီရတ်၊ လက်ဘနွန်၊ ပါလက်စတိုင်း တို့ကို Hybrid ဟု သတ်မှတ် ထားသည်။ ဘာရိန်းမှအပ ပင်လယ်ကွေ့ နိုင်ငံများတွင် နိုင်ငံရေး အဖွဲ့အစည်း မှန်သမျှကို ပိတ်ပင်ထားသည်။ အိုမန်၊ ကာတာ၊ ယူအေ အီးတို့တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး (Political Reform) ကို ပြုလုပ်ခဲ့သော်လည်း အစိုးရများကသာ တန်ခိုးထွားလျက် ရှိကြသည်။ ရေနံကြွယ်ဝမှုကြောင့် အော်တိုခရက်များ တန်ခိုးကြီးလာကြ၏။ အရပ်ဘက် အဖွဲ့အစည်းများ အားမကောင်းဘဲ ဒီမိုကရေစီ ညွှန်းကိန်းများမှာ ကူဝိတ်မှလွဲ၍ ကျဆင်းနေသည်။
အီဂျစ်တွင် ၂၀၀၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး၊ အချို့သော အတိုက်အခံ (IAEA အကြီးအကဲ မိုဟာမက် အယ်ဘာရာဒေး) ကို သမ္မတအဖြစ်ဝင်၍ အရွေးမခံနိုင်အောင် တားမြစ်ထားသည်။ အီရန်သည် အဆင့်ပေါင်း (၁၃) ဆင့် ကျဆင်းသွားပြီး အဆင့် (၁၅၈) ဖြစ်သွား၏။ နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှု (Sanction)၊ အကျင့်ပျက်ခြစားမှု (Corruption) များကြောင့် ခရိုနီဝါဒအား ကောင်းလာခဲ့သည်။ ပါလက်စတိုင်း၊ ဆူဒန်၊ ယီမင်တို့တွင် ပြည်တွင်း မငြိမ်မသက်မှုများကြောင့် ဒီမိုကရေစီ ညွှန်းကိန်းများ လျော့ကျသွားခဲ့၏။
(၆) တစ်ပိုင်းဆာဟာရ အာဖရိက (Sub-Saharan Africa)
ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ သော်လည်း မျှတမှုမရှိ၊ ရှုံးသူက လက်မခံ၊ အာဏာလွှဲပြောင်းမှုကို ငြင်းဆန်သည့် ဖြစ်ရပ်များလည်း ရှိနေသည်။ (၄၄) နိုင်ငံရှိသည့် အနက် မော်ရစ်ရှနိုင်ငံ တစ်နိုင်ငံတည်းသာ Full Democracy အဆင့်ဖြစ်၏။ ဒေသကြီး တစ်ခုလုံးကို ခြုံငုံ သုံးသပ်လျှင် ဒီမိုကရေစီများစွာ အားနည်း၊ နိမ့်ကျ လျက်ရှိသည် ကိုတွေ့ရသည်။
ဒီမိုကရက် တိုက်ဇေးရှင်းလှိုင်း၏
အောင်မြင်မှု
ကမ္ဘာကြီးသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း (၁၉၅၅-၂၀၁၀) အတွင်း ဒီမိုကရက် တိုက်ဇေးရှင်းလှိုင်းတွင် နိုင်ငံပေါင်း (၁၁၅) နိုင်ငံပါဝင် အသွင်ကူးပြောင်းခဲ့ရာ (၃၁) နိုင်ငံသာ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါသည်။ အဘယ်ကြောင့် မအောင်မြင်ခဲ့ကြပါ သနည်း။ တန်ပြန် လှိုင်းဒဏ်ကြောင့် ဖြစ်သည်။ အာဏာရှင် အစိုးရများနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်တို့ ကောင်းစွာ ညှိနှိုင်းမှုမရခဲ့ခြင်း၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၏ နိုင်ငံရေးပညာနှင့် မြော်မြင်မှု နည်းပါးခြင်းကြောင့် ဖြစ်သည်။
နိုင်ငံတိုင်း၏ အစိုးရများမှာ ထိုနိုင်ငံသူ နိုင်ငံသားတို့၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် နေကြရသည့် ကိုယ်စားလှယ်များ ဖြစ်သည်။ ကောင်းနိုးရာရာ နိုင်ငံရေးစနစ်ကို ရွေးချယ်ကြရာတွင် ဒီမိုကရေစီသည် “ပြန်လှန် ထိန်းကျောင်းမှု” ရှိသောကြောင့် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ရေပန်းစားလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ပြန်လှန် ထိန်းကျောင်းမှုကို ကောင်းစွာ မသုံးစွဲ တတ်သောအခါ “နောက်ဆွဲအား”များ အဖြစ်ပြောင်းလဲ သွားကြရင်း အစိုးရတို့မှာ ရှေ့မတိုးသာ ဖြစ်ကြရပြန်သည်၊ ထို့အပြင် နိုင်ငံရေး ပြိုင်ဘက်များ၏ မပါးနပ်မှုကြောင့် အစိုးရများနှင့် ထိပ်တိုက်တွေ့ကြရာမှ နိုင်ငံမငြိမ် မသက်မှုဖြစ်ကာ စစ်တပ်မှ အာဏာသိမ်းခြင်းဖြင့် နောက်ကြောင်း ပြန်လှည့် သွားကြသည်များ ကိုလည်း တွေ့ရသည်။ အောင်မြင်စွာ ဒီမိုကရက် တိုက်ဇေးရှင်း ပြုနိုင်သော နိုင်ငံများကို လေ့လာလျှင် အတိုက်အခံပါတီများကို ဦးဆောင်သော နိုင်ငံရေး ခေါင်းဆောင်များ၏ ပါးနပ်မှု မြော်မြင်မှုကို တွေ့ရပါလိမ့်မည်။
အိမ်နီးချင်းဖြစ်သော ဒီမိုကရေစီ ယဉ်ကျေးမှုကို နှစ်ပေါင်းများစွာ ကျင့်သုံးနေသည့် ထိုင်းနိုင်ငံမှာပင်လျှင် နိုင်ငံရေး ခေါင်းဆောင်များ၏ မပါးနပ်မှုကြောင့် စစ်တပ်မှ အာဏာသိမ်းမှု (၁၉) ကြိမ် ဖြစ်ခဲ့သည်ကို တွေ့နိုင်ပါ၏။
ဇယားပါ
မြန်မာတို့များစွာ သင်ခန်းစာ ယူနိုင်ကြပါစေ
တစ်ချိန်က အရှေ့တောင်အာရှတွင် ထိပ်ဆုံးရောက်ခဲ့သော မြန်မာတို့သည် ယခုအခါ တစ်သက်မှာ တစ်ခါတည်း ဟူသော ဒီမိုကရေစီပြုမှုကို နှစ်ပေါင်း (၅၀) အတွင်း တစ်ကျော့ပြန် ရယူခဲ့ကြသည်။ ဒီမိုကရေစီ ပြုမှုတိုင်းတွင် တန်ပြန်လှိုင်းများ ရှိနေသည်ကို သတိကြီးစွာ ထားစေလိုသည်။ ထိုတန် ပြန်လှိုင်းများကို မည်သို့ ကျော်လွှားကြမည်ကို နိုင်ငံရေး ခေါင်းဆောင်များ ထံတွင် မဟာဗျူဟာ ကောင်းများ ရှိသင့်သည်။ အမြော်အမြင် နည်းပါးကြပါက တန်ပြန်လှိုင်းတို့အောက် ရောက်ရှိပြီး ပြုပြင်ပြောင်းလဲရေး ဘေးထွက် သွားနိုင်ပါသည်။ ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတိုက်အခံဘက်မှ လူထုပညာပေး ဟောပြောပွဲများကို အစီအစဉ်များစွာဖြင့် ဆောင်ရွက်နေပြီး၊ နိုင်ငံရေး အလှုပ်အခတ်များစွာ ဖြစ်ပေါ်စေခဲ့သည်။ တန်ပြန်လှိုင်းတို့ကို ခေါင်းထောင် လာစေသည်ဟု မြင်သည်။
လွှတ်တော် နိုင်ငံရေး ပေါ်ပေါက်လာပြီ ဖြစ်သဖြင့် လွှတ်တော်တွင်းမှ ကြိုးစားခြင်းကသာ အမှန်ကန်ဆုံးနှင့် တည်ငြိမ်မှု အရှိဆုံးဟု ယူဆသည်။ ဒီမိုကရက် တိုက်ဇေးရှင်းဖြစ်စဉ်သည် နှစ်ပေါင်းများစွာ ကြာတတ်သည့် သဘာဝရှိနေပါ၏။ အစိုးရသက်တမ်း တစ်ခုအတွင်း ပြည့်စုံသွားသည့် နိုင်ငံမရှိသေးပါ။ သက်တမ်း တစ်ခုအတွင်း ကြိုးစားလွန်၍ နောက်ကြောင်းပြန်၊ ဘေးထွက် သွားသည့် နိုင်ငံများကိုသာ တွေ့ရပါသည်။
လွှတ်တော်အတွင်း အင်အားအများဆုံးသော ပါတီသည် အခွင့်အရေးအများဆုံး ဖြစ်ပါသည်။ အမှန်ကန်ဆုံးသော နည်းလမ်းမှာ လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရေး၊ လွှတ်တော်တွင်း မိမိပါတီမှ အမတ်အရေအတွက် အများဆုံး ရရှိရေးသာ ဖြစ်သည်။ အမတ်ဟူသော လွှတ်တော် ကိုယ်စားလှယ် အရေအတွက်က နောက်ဆုံး အဆုံးအဖြတ်ပေးသည့် အရာ ဖြစ်လာပါသည်။ မိမိတို့ အဆို အောင်မြင်စေရန် လွှတ်တော်တွင်း Lobby လုပ်ကြရပါသည်။ လွှတ်တော် ပြင်ပဖိအားသည် မှန်ကန်သော ဖိအားမဟုတ်ဘဲ တန်ပြန်လှိုင်းကို အားပေးသည့် သဘောသာ ဖြစ်သည်ဟု မြင်ပါ၏။ အထူးသဖြင့် အကူးအပြောင်းအစ များစွာ နုနယ်သေးသော မြန်မာ့ယဉ်ကျေးမှု အပြောင်းတွင်များစွာ သတိထား နေရပါလိမ့်မည်။
အင်ဒိုနီးရှားတွင်လည်း ဆူဟာတို အပြောင်းတွင် တပ် (၂၅) ရာခိုင်နှုန်း ပါဝင်ခဲ့ပါ၏။ မှန်ခြင်း/မှားခြင်းကို ဝေဖန်နေသည်ထက် အင်ဒိုနီးရှား အတိုက်အခံတို့ မည်သို့ဆောင်ရွက် ကျော်လွှားသွားသည်ကို လေ့လာရန် ကောင်းသည်ဟု မြင်သည်။ သူတို့ လုပ်နိုင်ခဲ့လျှင် မြန်မာတို့လည်း ဆောင်ရွက် နိုင်သင့်ပါသည်။
၂၀၁၄ တွင် မြန်မာ့နိုင်ငံရေးသည် အလှုပ်အရှား အတော်အတန် ရှိလာခဲ့သည်မှာ ထင်ရှားလှပါ၏။ ရှိသင့်သော အလှုပ်အရမ်းထက် ပိုပါလျှင် တန်ပြန်လှိုင်းတို့ကို အားပေးသလို ဖြစ်တတ်သည့် သဘောအား နောက်ကြောင်းပြန် နိုင်ငံများကို လေ့လာလျှင် တွေ့နိုင်ပါ၏။ ၂၀၁၅ ရွေးကောက်ပွဲ အတွက် များစွာလိုသည် မဟုတ်တော့ပါ။ တစ်နှစ်ခွဲကျော် ကျော်မျှသာ ကျန်သော အချိန်အတွက် ကုန်ဆုံးခဲ့ပြီးသောနှစ် (၅၀) ဖြင့် လောင်းကြေး မထပ်စေသင့်ဟု ယူဆပါသည်။ ၂၀၁၅ သည် မြန်မာတို့၏ ဒီမိုကရေစီ ပန်းတိုင်ဟူ၍ အချိန် မကန့်သတ်ထားပါ၊ အုတ်မြစ်ကောင်းနှင့် သေချာရန်သာ အရေးကြီးသည်ဟု မြင်သည်။ ၂၀၁၅ အလွန် နိုင်ငံရေး ပဋိညာဉ်များ ရှိထားရန် အထူးလိုအပ်သည်ဟု မြင်သည်။ မြန်မာ့ဖြစ်စဉ်တွင် နိုင်ငံရေးပဋိညာဉ်၊ ညှိနှိုင်းမှု၊ ယုံကြည်မှု မပါဝင်ဘဲ ဖိအား တစ်မျိုးတည်းဖြင့် ခရီးပေါက်မည်ဟု မယုံကြည်ပါ။ ဤသည်ကပင် မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ဟု မြင်သည်၊ အခါး မကြိုက်တတ်သော မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုကို နှစ်ပေါင်း (၂၀) ကျော် အသုံးပြုခဲ့ပြီး မအောင်မြင်ခဲ့သော “အခါး”ဖြင့် ဆက်လက် ရှေ့မတိုးစေချင်ပါ။
တစ်ဘ၀ပြီးလျှင် အားလုံးသည် ထားခဲ့ရမည့် အရာများသာ ဖြစ်ပါသည်။ ကောင်းသောအမွေ၊ ချိုမြိန်၍ အာမခံချက်ရှိသော၊ အနာဂတ်ကိုသာ မျိုးဆက်သစ်များအတွက် ထားခဲ့နိုင်ရေး စဉ်းစားကြရန် ဖြစ်သည်ဟု ရှုမြင်ရပါသည်။
The Messenger ဂျာနယ် အတွဲ(၅) အမှတ်(၆) မှ ကူးယူဖော်ပြသည်

No comments:
Post a Comment