ရခိုင်ပြည်နယ်၊ စစ်တွေနည်းပညာတက္ကသိုလ်ရှိ စာသင်ဆောင်များ ပျက်စီးနေသဖြင့် ကွန်ပျူတာတက္ကသိုလ်ဝန်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် ပြည်နယ်အစိုးရက စီစဉ်နေကြောင်း နည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာစိုးနိုင်ထံမှသိရသည်။
“နည်းပညာတက္ကသိုလ်ကို ကွန်ပျူတာ တက္ကသိုလ်နဲ့တွဲထားမယ်လို့တော့ အစိုးရကစီစဉ်နေတာပေါ့နော်။ ပြည်နယ်အစိုးရအဖွဲ့က စီစဉ်တာတော့ ကောင်းပါတယ်။ကျောင်းသား၊ ကျောင်းသူတွေ အတွက်ပေါ့။ ပြောင်းမယ့်အစီအစဉ်တော့ သိထားပါတယ်။ ရှေ့မှာ နည်းပညာတက္ကသိုလ်အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုတယ်”ဟု ဒေါက်တာစိုးနိုင်က ပြောသည်။
နည်းပညာတက္ကသိုလ်မှ အဆောက်အဦးများမှာ ပျက်စီးနေပြီး လက်ရှိတွင်အချို့အဆောင်များမျာ ကျားကန် ထားရသည့်အနေအထားဖြစ်နေသဖြင့် ပြန်လည်ပြုပြင်နေရပြီး နည်းပညာတက္ကသိုလ်အား ရွှေ့ပြောင်းရန် စီစဉ်နေရခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
နည်းပညာတက္ကသိုလ်မှာ စစ်တွေမြို့နှင့် ၁၁ မိုင်အကွာတွင်ရှိနေပြီး လက်ရှိပြောင်းရွှေ့ရမည့် ကွန်ပျုတာ တက္ကသိုလ်မှာ မြို့တွင်းတွင်တည်ရှိနေသဖြင့် ပြောင်းရွှေ့ရမည့်ကျောင်းသားများမှာ သွားလာရေး ပို၍လွယ် ကူလာသည်ဟု နည်းပညာတက္ကသိုလ်ကျောင်းသားများကဆိုသည်။
“မြို့ထဲမှာကျတော့ သွားလာရတာ အဆင်ပြေသွားမယ်လို့ထင်တယ်။ စရိတ်တွေနည်းနည်း သက်သာသွားမယ်” ဟု နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောသည်။
အဆိုပါနည်းပညာတက္ကသိုလ်အဆောက်အဦးများကို ၁၉၉၀တွင် ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၄ခုနှစ်တွင် စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
No comments:
Post a Comment