ပြည်တွင်းစစ်သွေးကြွတစ်ဦး လက်ထဲမှ လစ်ဗျားနိုင်ငံအလံ
လစ်ဗျားတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်ဖွဲ့များ ကောင်းစွာ ခြေကုပ်ယူနေပြီဖြစ်ပြီး ယင်းအခြေအနေက ဥရောပကို အနီးကပ်ဆုံး ခြိမ်းခြောက်လာခြင်းဖြစ်ကြောင်း အီတလီ အစိုးရက သတိပေး ပြောကြားလိုက်သည်။
အာဖရိက မြောက်ပိုင်းတွင် တည်ရှိသည့် လစ်ဗျားသည် မြေထဲပင်လယ်နှင့် ထိစပ်နေပြီး ယင်းကို ဖြတ်ကူးလိုက်ပါက ဥရောပတိုက် ကမ်းခြေသို့ ရောက်ရှိမည် ဖြစ်သည်။ ဆိုးယုတ်မှုများဖြင့် ကျော်ကြားသည့် အိုင်အက်စ် တပ်များသည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေ အများအပြားကို ထိန်းချုပ်ထားသည့်အပြင် ယခုအခါ အစိုးရအာဏာ ယုတ်လျော့ ကျဆင်းနေသည့် လစ်ဗျားပိုင်နက်ထဲသို့ပါ ဝင်ရောက် ခြယ်လှယ်လာခဲ့သည်။
လစ်ဗျားတွင် ဗိုလ်မှူးကြီး မူအမ်မာ ကဒါဖီ အစိုးရ ဖြုတ်ချခံရပြီး ကတည်းက နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်းများလည်း ထကြွ သောင်းကျန်းလျက် ရှိသည်။ အိုင်အက်စ် တပ်ဖွဲ့အနေဖြင့် လစ်ဗျားတွင် ပိုင်ပိုင်နိုင်နိုင် ခြေကုပ်ယူလာနိုင်ပါက ဥရောပတိုက်အတွက် ကြီးမားသော ခြိမ်းခြောက်မှုမျိုး ဖြစ်လာလိမ့်မည်ဟု အီတလီက သတိပေးခဲ့ပြီး နိုင်ငံတကာ အနေဖြင့် ယင်းအခြေအနေကို ပူးပေါင်း တားဆီးကြရန် တိုက်တွန်းခဲ့သည်။
အီတလီ နိုင်ငံခြားရေးဝန်ကြီး ပေါ်လို ဂျန်တီလိုနီက အိုင်အက်စ်တပ်ဖွဲ့များနှင့် လစ်ဗျားရှိ စစ်သွေးကြွများ ပူးပေါင်းသွားနိုင်သည့် အလားအလာကို ထောက်ပြခဲ့ပြီး ယင်းအနေအထားသည် အိုင်အက်စ် တပ်များကို ဥရောပတိုက်၏ မျက်နှာစာရှေ့ လျင်လျင်မြန်မြန် ရောက်ရှိလာစေနိုင်ကြောင်း ဆိုသည်။
“လက်ရှိ အခြေအနေဟာ ပေါ့ဆလို့ မရတော့ပါဘူး။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ အရမ်းနောက်ကျမသွားခင် ခပ်မြန်မြန် လှုပ်ရှားသင့်ပါပြီ”ဟု ဂျန်တီလိုနီက လွှတ်တော်တွင် ပြောကြားသွားခဲ့သည်။ ၎င်းက “ဒေ့ရှ်နဲ့ ဒေသခံ စစ်သွေးကြွတွေ ပေါင်းစည်းသွားခြင်းဟာ တကယ့်ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်လာမယ်ဆိုတာ သိသာပါတယ်။ ဒီအခြေအနေကို အမြင့်ဆုံးအဆင့် သတိကြီးကြီးထားပြီး စောင့်ကြည့်နေသင့်ပါတယ်”ဟုလည်း ဆိုသည်။ ဒေ့ရှ်ဆိုသည်မှာ ဒေသခံ အာရပ်ဘာသာစကားအရ အိုင်အက်စ်တို့ကို ခေါ်ဝေါ်သော အမည်ဖြစ်သည်။
အီတလီပိုင်နက်ရှိ တောင်ဘက်ကျွန်းစု အချို့သည် လစ်ဗျားကမ်းခြေမှ ကီလိုမီတာ (၃၀၀)မျှသာ ကွာဝေးသော နေရာတွင် တည်ရှိသည်။ လစ်ဗျားတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဒေသခံ အများအပြားသည် လုံခြုံစိတ်ချရမှု မရှိသည့် လှေငယ်၊ သင်္ဘောငယ်များဖြင့် မြေထဲပင်လယ်ကို ဖြတ်ကူးပြီး အီတလီသို့ တရားမဝင် ခိုလှုံဝင်ရောက်ရန် ကြိုးပမ်းလေ့ ရှိရာ ကမ်းခြေစောင့် တပ်ဖွဲ့များက သတိကြီးစွာ စောင့်ကြည့်နေရသည်။
_Ref: Iris Examiner
7day
No comments:
Post a Comment