Saturday, February 21, 2015

ဒေါက်တာသိန်းလွင် ကို မေးပါရစေ အဖြေပေးပါ။



ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီကို ဒေါက်တာ သိန်းလွင် ကြိုးကိုင်နေတယ် ဆိုတာ သိလိုက်ရပါတယ်။ အောက်ပါအချက် ( ၂ ) ချက် ကို ထောက်ပြပါမယ်-

(၁) တောင်းဆိုချက် (၁၁) ချက် ရဲ့ အကြောင်းအရာနဲ့ စကားလုံး အသုံးအနှုန်းတွေဟာ ဒေါက်တာ သိန်းလွင် ပြောနေကျ စကားတွေပါ။

(၂) အစိုးရ၊ လွှတ်တော်နဲ့ သပိတ်မှောက်ကျောင်းသား ( identity card ရှိသူ ) တွေ တွေ့ဆုံ ဆွေးနွေးရင်
ဖြစ်နိုင်ရဲ့သားနဲ့ NNER ပါရမယ်လို့ လေးပွင့်ဆိုင် တောင်းဆိုပါတယ်။

ကျွန်တော့် နိုင်ငံရေး ဗေဒင် မှန်သွားတာကတော့ ၁-၂-၂၀၁၅ နေ့က ရန်ကုန် တက္ကသိုလ် စိန်ရတု သဘင်ခန်းမမှာ ကျင်းပတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ NNER ခေါင်းဆောင် အဖြစ် ဒေါက်တာ သိန်းလွင် ပေါ်ထွက်လာခြင်းပါဘဲ။

ဒါကြောင့် ဒေါက်တာ သိန်းလွင်ကို မေးခွန်းများ မေးခွင့်ပြုပါ။ ဒါကိုလည်း ဒီမိုကရေစီ ကျင့်စဉ်အရ မိမိရဲ့ အယူအဆကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်လိုဘဲ ရှုမြင်ပေးပါ။

တောင်းဆိုချက် နံပါတ် ( ၂ ) နဲ့ နံပါတ် ( ၉ ) ကတော့ ကျွန်တော် မကျွမ်းကျင်တဲ့ နိုင်ငံရေး ကွင်းပြင်ဖြစ်လို့ မဆွေးနွေးလိုပါဘူး။

နံပါတ်(၁)အချက်

ပညာရေး မူဝါဒများနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ် ဥပဒေများ ရေးဆွဲရာတွင်
ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန် ကိစ္စဆိုရာမှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ သူငယ်တန်းက ပါရဂူတန်းထိ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များကို ဘယ်လို ရွေးကြမှာလဲ။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ နေ့စားလပေး မူလတန်းပြက ပါမောက္ခအထိ ဆရာဆရာမ ကိုယ်စားလှယ်တွေကို ဘယ်လိုရွေးကြမှာလဲ။ လက်တွေ့မကျတဲ့ တောင်းဆိုချက်ပါ။

နံပါတ်(၄)အချက်

ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကိစ္စဆိုရာမှာ အဆင့်မြင့် ပညာ ကျောင်းများအတွက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ဆိုတာ ပုဒ်မ ၇၊ ၂၆ ၊ ၃၉ ( ဆ ) ၊ ၄၀ ၊ ၅၇ (ဂ) တို့မှာ အခိုင်အမာ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ အဲဒီ လွတ်လပ်ခွင့်မျိုးကို အခြေခံပညာ ကျောင်းတွေကို ပေးလိုက်ရင် အရပ်စကားနဲ့ ပြောရရင် ငါးပါးမက သံဃာစင်ပါ မှောက်သွားမှာပါ။ ဒါကြောင့် ပုဒ်မ ၅၇ (က) ဟာ ပါကိုပါရမယ်လို့ ယူဆပါတယ်။ ဗဟိုချုပ်ကိုင်မှု အစွန်းကို ရှောင်ရင်း တစ်တော တစ်ကြက်ဖတွန် အစွန်းကို ရောက်သွားပါမယ်။ ဒေသအလိုက် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းခွင့် မရဘဲနဲ့တောင် အခြေခံပညာ ကျောင်းတွေဟာ လုပ်ချင်တာ လုပ်နေကြတာပါ။ မြင်းကို ချိုတပ်ပေးလိုက်လို့ ကတော့ မိဘ အုပ်ထိန်းသူတွေဟာ အကန်ခံနေရတာက အခတ်ခံရပါတော့မယ်။

နံပါတ်(၅)အချက်

လက်ရှိ ကျင့်သုံးနေသော စာမေးပွဲစနစ်နှင့် တက္ကသိုလ် ဝင်ခွင့်များ ပြင်ဆင်ရန် ကိစ္စဆိုရာမှာ လက်ရှိ ကျင့်သုံးနေတဲ့ စာမေးပွဲစနစ်နဲ့ တက္ကသိုလ် ဝင်ခွင့်တွေကို ဥပဒေမှာ ပြင်ဆင်ထားပါတယ်။ တောင်းဆိုရင် ဥပဒေပါ စာမေးပွဲစနစ်နဲ့ တက္ကသိုလ် ဝင်ခွင့်ကို ပြင်ဆင်ဖို့ တောင်းဆိုရပါမယ်။ စာမေးပွဲ စနစ်ကို ဒေါက်တာ သိန်းလွင်တို့ ဘယ်လို ပြင်မယ်ဆိုတာ မသိရတော့ မဆွေးနွေးနိုင်ပါဘူး။ ဥပဒေ ပုဒ်မ ၄ (ဇ)၊ ၂၈ ( ခ) အရ သင်ယူလိုသူရဲ့ဆန္ဒကို အခြေခံပြီး ဝင်လိုတဲ့ တက္ကသိုလ်ကို လျှောက်ထားနိုင်ပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အရည်အချင်း ပြည့်မီမှုကတော့ ရှိရမှာဖြစ်ပါတယ်။ အမှတ်ပေါင်း ၂၄၀ နဲ့ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ရင်တော့ မရနိုင်ပါဘူး။ မိမိ ဆန္ဒရှိတဲ့ တက္ကသိုလ် ဝင်ခွင့်ရအောင် အဲဒီတက္ကသိုလ်က သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်မီအောင် မိမိဘက်ကလည်း ကြိုးစားရမှာဘဲ။ ကိုယ်ညံ့ကိုယ်ခံပေါ့။ ဒေါက်တာသိန်းလွင်ပြောတဲ့စကားရှိပါတယ်။ လွတ်လပ်စွာ ဘာသာရပ် ရွေးချယ်ခွင့် ရှိရမယ်ဆိုတာ။ မေးချင်ပါတယ်။ လွတ်လပ်စွာ ဘာသာရပ် ရွေးချယ်ခွင့်ဆိုတာ သူငယ်တန်းကို ပြော
တာလား။ မြန်မာစာ မသင်ချင်ဘူး။ တရုတ်စာဘဲ သင်ချင်တယ်လို့ လွတ်လပ်စွာ ရွေးချယ်ခွင့်လား။ အင်္ဂလိပ်စာ မသင်ချင်ဘူး၊ ထိုင်းစာဘဲ သင်ချင်တယ်လို့ လွတ်လပ်စွာ ရွေးချယ်ခွင့်လား။ အခြေခံပညာ အထက်တန်းမှာ လွတ်လပ်စွာ ဘာသာရပ် ရွေးချယ်ခွင့်ရဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိနေပါပြီ။ (သီးခြား ဆောင်းပါးတစ်စောင်ရေးရမှာပါ။)

အဆင့်မြင့်ပညာမှာ ဘာသာရပ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိနေပါ တယ်။ ခြောက်ဘာသာ ဂုဏ်ထူးရလို့ ဆေးကျောင်းဘဲ တက်ရမယ်။ မြန်မာစာ အထူးပြု မယူရဘူးလို့ မရှိပါဘူး။ ဒါပေမယ့် လူကြိုက်များတဲ့ တက္ကသိုလ်တွေ တက်ချင်တော့ Demand များရင် Price တက်မှာဘဲ။ ဉာဏ်ရည်ဉာဏ်သွေးမြင့်ပြီး ကြိုးစား အားထုတ်မှုရှိလို့ ထူးချွန် ထက်မြက်သူကို နိုင်ငံတော်က ဦးစားပေးရမှာဘဲ။ သိပ္ပံပညာရှင် ဒါဝင် ပြောသလိုပြောရရင်တော့ Survival of the fittest ပေါ့။ ဒေါက်တာသိန်းလွင် ပြောသလို လွတ်လပ်စွာ ဘာသာရပ် ရွေးချယ်ခွင့်ရှိလို့ မက်ထရစ် အောင်သူ ၉၀ % က ဆေးပညာကို လွတ်လပ်စွာ ရွေးချယ်ပြီ ဆိုပါတော့ (မဖြစ်နိုင်ပါဘူး တွက်လို့မရဘူး။ ဖြစ်ခဲ့သော် တွက်ရပါမယ်။ လက်တန်း လုပ်လို့မရဘူး။ ) ဆယ်တန်း အောင်သူတိုင်း တက်နိုင်ဖို့ လက်ရှိ အခြား တက္ကသိုလ်တွေကို ဆေးတက္ကသိုလ် လုပ်ပစ်မှာလား။ သင်ကြားရေး ဆေးရုံတွေ ပြည့်စုံ ပါပြီလား။ အထူးကု ပါမောက္ခကြီးတွေ လုံလောက်ပါပြီလား။ ခန္ဓာဗေဒ သင်ဖို့ ကျောင်းသား ၆ ဦး အလောင်း တစ်လောင်း ပေးနိုင်ပါပြီလား။ ဒါတွေက ဘတ်ဂျက် ၂၀ % နဲ့ လုပ်မရဘူး။ ပြီးတော့ တစ်နှစ် တစ်နှစ် ဆရာဝန် ဦးရေကို တစ်နှစ် တစ်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်တဲ့ ဦးရေနီးပါး မွေးထုတ်ဖို့ လိုအပ်ပါသလား။ လွတ်လပ်စွာ ဘာသာရပ် ရွေးချယ်ခွင့်ကြောင့်
မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်ချည်း ဖြစ်လာလို့ အခြား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေ ပိတ်ပစ်ရတော့ မှာလား။ ပညာရပ် နယ်ပယ် အားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှု ပျက်စီးမသွားဘူးလား။

နံပါတ်(၆)အချက်

ကျောင်းသားများလွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင် လေ့လားစူးစမ်း သင်ယူနိုင်သည့် သင်ကြားရေးနည်းစနစ်များ ပြောင်းလဲရန်ကိစ္စ ဆိုရာမှာ သင်ကြားနည်းစနစ်ဆိုတာ သင်ကြားသူနဲ့ ဆိုင်ပါတယ်။ ဥပဒေနဲ့ မဆိုင်ပါဘူး။ ဥပဒေမှာ rote learning or parrot- fashion ကို ပြဋ္ဌာန်း မထားပါဘူး။ ဥပဒေက “ကျောင်းသားများ လွတ်လပ်စွာ စဉ်းစား တွေးခေါ်နိုင်တဲ့ သင်ကြား နည်းစနစ်များ ကျင့်သုံးရမည်” လို့ ပြဋ္ဌာန်း ထားလည်း ဆရာတွေ မကျင့်သုံးရင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြဋ္ဌာန်း မထားလည်း ကျင့်သုံးတဲ့ ဆရာတွေ ကျင့်သုံးမှာဘဲ။ ဒီကိစ္စက ဦးသိန်းလွင် ပညာရေးဝန်ကြီး ဖြစ်လာလည်း တတ်နိုင်မယ့် ကိစ္စ မဟုတ်ပါဘူး။ ကိုယ်ဆိုင် လေ့လာ စူးစမ်း သင်ယူတဲ့ Informal Education ဆိုတာ ကိုယ်လုပ်ရမယ့် အလုပ်ပါ။ ကိုယ်ရဲ့ သင်ယူလိုသော ဆန္ဒနဲ့ ဆိုင်ပါတယ်။ ဥပဒေက ပြဋ္ဌာန်းပေးစရာ မလိုပါဘူး။

နံပါတ်(၇)အချက်

တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာ စကား လွတ်လပ်ခွင့်နှင့် မိခင် ဘာသာ စကား အခြေပြု ဘာသာ စကားစုံ ပညာရေးစနစ် (Mother tongue based multilingual education) ကို အမျိုးသား ပညာရေး ဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းရန် ကိစ္စဆိုရာမှာ တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့် ဆိုတာ ဘာပါလဲ။ တိုင်းရင်းသား မျိုးနွယ်စုများရဲ့ ဘာသာ စကားကို ကျောင်းချိန် ပြင်ပမှာ လွတ်လပ်စွာ သင်ကြား သင်ယူခွင့် ရှိနေပါတယ်။ ကျောင်းချိန် အတွင်းမှာ သင်ကြား မယ်ဆိုရင်တော့ အခြား ဘာသာရပ် သင်ကြားချိန်တွေ လျော့နည်းသွားပြီး တိုင်းရင်းသား ကလေးတွေဟာ တိုင်းရင်းသား တစ်မျိုးဖြစ်တဲ့ ဗမာကလေးတွေလောက် အခြား ဘာသာရပ်တွေမှာ တတ်မြောက်မှု ရှိတော့မှာမဟုတ်ပါဘူး။ ပညာရေး ကွာဟချက် ဖြစ်ပေါ်လာပါလိမ့်မယ်။ ပုဒ်မ ၃၉ ( ဃ) ၊ ၄၂ ( ခ) မှာ တိုင်းရင်းသား ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းနဲ့ အထူးပြုပြီး ဘွဲ့ယူလို့တောင် ရတော့မယ့် အထိ လွတ်လပ်ခွင့် ပေးပြီးသားပါ။ မိခင် ဘာသာစကား အခြေပြု ဘာသာ စကားစုံ ပညာရေး စနစ်ဆိုတာ ဘာပါလဲ။ ပုဒ်မ ၄၃ ( က ) နဲ့ (ခ) မှာ Lingua franca ဖြစ်တဲ့ အင်္ဂလိပ်ဘာသာ၊ နိုင်ငံသုံးဘာသာနဲ့၊ ဆက်သွယ်တဲ့ဘာသာဖြစ်တဲ့ မြန်မာ ဘာသာနဲ့ တိုင်းရင်းသား ဘာသာများကို သင်ကြားမှု ဘာသာ စကားတစ်နည်းယာဉ်ဘာသာ စကားအဖြစ် ပြဋ္ဌာန်းထားပါတယ်။ ဒါကို မကျေနပ်သေးဘဲ ဘာသာစကားစုံ ဆိုတော့ ထိုင်းဘာသာ၊ ဘင်္ဂါလီဘာသာ၊ တရုတ်ဘာသာ တို့ကိုပါ သင်ကြားရေး ဘာသာလုပ် ရဦးမှာလား။ ပအိုဝ်း၊ ရှမ်း၊ ဗမာ တိုင်းရင်းသား သုံးမျိုးနဲ့ တိုင်းရင်းသား မဟုတ်သော်လည်း နိုင်ငံသားဖြစ်နေတဲ့ ဂေါ်ရခါး၊ တရုတ်၊ ကုလား ကျောင်းသားတွေရှိတဲ့ စာသင်ခန်းမှာ ဘယ်ဘာသာ စကားနဲ့ သင်ကြားရမှာလဲ။ သင်ကြားတဲ့ ဆရာက တိုင်းရင်းသား ဘာသာ သုံးမျိုးစလုံးကို တတ်ကျွမ်းပါ့မလား။ တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံသားတွေ သင်ယူမှု အခွင့်အလမ်း ဆုံးရှုံးမသွားဘူးလား။ ဂေါ်ရခါး၊ တရုတ်၊ ကုလား ဘာသာ စကားတွေနဲ့ရော သင်ကြား ပေးရမှာလား။

နံပါတ်(၈)အချက်

မသန်စွမ်း ကလေးများ အပါအဝင် ကလေး အားလုံးအတွက် လူတိုင်း အကျုံးဝင် ပညာရေး (Inclusive education) ကိစ္စဆိုရာမှ လူတိုင်း အကျုံးဝင် ပညာရေး ဆိုတာ ဥပဒေ မပေါ်ခင်တည်းက ရှိပြီးသားပါ။ တောင်းနေစရာမလိုပါဘူး။ လူတိုင်းအကျုံးဝင်ပညာရေး တောင်းဆိုနေတာ စုပုံချစ်ကို မသိလို့လား။ အထက(၃) လှိုင်သာယာမှာ တက်ရောက်ခဲ့သူပါ။ ပုဒ်မ ၄ ( ဂ) ၊ ၃၇ နဲ့ ၃၈ မှာ အထူး ပညာရေး အစီအစဉ်နဲ့ ပညာရေး အထူး ဝန်ဆောင်မှုတွေ ပြဋ္ဌာန်းထားပါတယ်။ ၂၀၀၄-၂၀၀၅ ပညာ သင်နှစ်မှာ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့တဲ့ မထက်ထက်ထွန်း၊ မောင်မျိုးအောင်၊
 မောင်အေးချမ်းသူတို့ဟာ လူတိုင်း အကျုံးဝင် ပညာရေးကို အထက ( ၅ ) ကြည့်မြင်တိုင်က ရခဲ့ပြီး အထူး ပညာရေးကို ကြည့်မြင်တိုင် မျက်မမြင်ကျောင်းက ရခဲ့တာပါ။ အထူးပညာရေး အစီအစဉ် ဆိုတာ လူတိုင်း အကျုံးဝင် ပညာရေးနဲ့ ပေါင်းစည်းဖို့ပါ။
နံပါတ်(၁၀)အချက်
ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း သတ်မှတ်နိုင်ရေး ကိစ္စ ဆိုရာမှာ မဖြစ်နိုင်တာကို တောင်းဆိုတာပါ။ နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားနိုင်ဖို့ ဆူပူမှုကို ဖန်တီးတာပါ။ ဘတ်ဂျက် အသုံးစရိတ် ဆိုတာ ဝန်ကြီးဌာန တစ်ခုတည်းက ဥပဒေနဲ့ မောင်ပိုင်စီးထားလို့ မရပါဘူး။ နှစ်စဉ် လွှတ်တော်က ဘဏ္ဍာရေးနှစ်အလိုက် ရသုံးခန့်မှန်းခြေ ငွေစာရင်း ဥပဒေကို အတည်ပြုရတာပါ။ ဒေါက်တာ သိန်းလွင်တို့ တောင်းဆိုချက်က ပညာရေး အသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်း ထက်ပိုသုံးချင်ရင်လည်း သုံးမရအောင် အသေ ကြိုးချည်ထားပါတယ်။ နိုင်ငံတော်မှာ ပြည်ပ ကျူးကျော်မှု ကြုံလာလို့ တရားသော ခုခံ ကာကွယ်ရေးစစ် ဖြစ်ပေါ်လာမယ် ဆိုရင် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့် သုံးရတဲ့အတွက် ပညာရေး အသုံးစရိတ် အပါအဝင် အခြားအသုံးစရိတ်တွေကို လျှော့ချရမှာဘဲ။ နိုင်ငံတော် နယ်နိမိတ် လုံခြုံရေးကို ပညာရေးထက် ဦးစားပေးရမှာဘဲ။ ပြီးတော့ ပညာရေး အသုံးစရိတ် တိုးတိုင်း ပညာရေးက ကောင်းလာတာ မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ အပြီး အစိုးရ အဖွဲ့မှာ NLD အမတ်တွေ ပါလာရင် ပညာရေးဝန်ကြီး မှန်းပြီး ခုကတည်းက ကြိုတောင်း ထားတာလား။

နံပါတ်(၁၁)အချက်

အခမဲ့ မသင်မနေရ ပညာရေး စနစ်ကို မူလတန်း အဆင့်သာမက အလယ်တန်း အဆင့်အထိ တိုးမြှင့်နိုင်ရေးဆိုရာမှာ ပုဒ်မ ၇(ည) မှာ အခမဲ့ မသင်မနေရ မူလတန်း ပညာရေးကို ဦးတည် အကောင် အထည်ဖော်ပြီး အဆင့်ဆင့် တိုးချဲ့ ဆောင်ရွက်ရေး ဆိုတာ ပြဋ္ဌာန်းပြီးသားပါ။ လက်ရှိ အလယ်တန်း အထိ အခမဲ့ ပညာရေးက ရပြီးသားပါ။ ၂၀၁၅-၁၆ က စပြီး အထက်တန်းထိ ရတော့မှာပါ။

နိဂုံးချုပ်ရရင် ဥပဒေက ပြဋ္ဌာန်းပြီးသား၊ လက်တွေ့လည်း ရပြီးသား နံပါတ်(၄)၊ (၈) နဲ့ (၁၁) ကို ထည့်သွင်း တောင်းဆိုတာက ပေးပြီးသားမို့ လိုက်လျော လိုက်တာကို နိုင်ငံရေး အမြတ် ထုတ်တာလား။
ဥပဒေနဲ့ မဆိုင်တဲ့ သင်ကြားသူနဲ့ သင်ယူသူက ဆောင်ရွက်ရမယ့် နံပါတ်(၆) ကို ထည့်သွင်း တောင်းဆိုတာက လူထုကို စကားလုံးနဲ့ လှည့်စားတာလား။

လက်တွေ့မကျတဲ့ နံပါတ်(၁) (၄) (၅)နဲ့ (၇) ကိုထည့်သွင်းတောင်းဆိုတာက ဦးနှောက်ကို ရွှေချ ခံချင်တာလား။ဘယ်လိုမှ မဖြစ်နိုင်တဲ့ အစိုးရက ဘယ်လိုမှ မလိုက်လျောနိုင်တဲ့ နံပါတ်(၁၀) ကို ထည့်သွင်း တောင်းဆိုတာက တိုက်ပွဲခေါ်တာလား။

ကျွန်တော် ပြောရဲတာကတော့ ကြိုဆို ထောက်ခံတယ် ပြောပြော၊ ပါဝင် ပူးပေါင်းတယ် ပြောပြော၊ အားပေး ကူညီတယ် ပြောပြော၊ ထိန်းသိမ်း စောင့်ရှောက်တယ် ပြောပြော၊ အဲဒီလူအုပ်ထဲမှာ အမျိုးသား ပညာရေး ဥပဒေကို နားလည် သဘောပေါက်ပြီး ကျွန်တော့် မေးခွန်းတွေကို ဒေါက်တာ သိန်းလွင်ကိုယ်စား
 ဖြေပေးနိုင်ရင် ဖြေပေးကြပါ။ 
 
ပညာရေးဆိုင်ရာ ဆွေးနွေး ဝေဖန်ချက်မပါဘဲ မီဒီယာ လွတ်လပ်ခွင့်ကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချ နေသူတွေလည်း ဖြေပေးကြပါ။၏

ကျန်သွားမလားလို့ ထပ်ပြောချင် တာလေးကတော့-

(၁) ကျွန်တော်ဟာ ဘယ်နိုင်ငံရေးပါတီ၊ Legal Status မရတဲ့ ဘယ်အဖွဲ့အစည်းထဲမှာမှ မပါဘူး။
(၂) အစိုးရဆီက ဘာအခွင့်အရေးမှ တစိုးတစိရခဲ့သူ မဟုတ်ဘူး။
(၃) အစိုးရဘက်က ကျားကျား မီးယပ်လုပ်ရမယ့် ဝန်ထမ်းလည်း မဟုတ်ဘူး။
(၄) ထို့အတူ မြေပြိုပြီ ဆိုတဲ့ ယုန်ရဲ့နောက်က ပြေးလိုက်သူလည်း မဟုတ်ဘူး။
(၅) ဒါပေမယ့် နိုင်ငံတော်ရဲ့ ပညာရေးတာဝန်ကို မိမိရဲ့ ဧရိယာ အတွင်းမှာ တစ်စုံတစ်ခုသော အတိုင်းအတာ အထိ အောင်မြင် ပေါက်မြောက်အောင် ဦးဆွေးဆံမြည့် နှစ်ပေါင်း (၃၅)နှစ် ထမ်းဆောင်ခဲ့တဲ့ ကျွမ်းကျင်မှုနဲ့ စိတ်စေတနာတော့ ရှိတယ်။ ကျောင်းပညာရေးက ပါရဂူဘွဲ့ မရခဲ့ပေမယ့် ကျောင်းပြင် ပပညာရေးနဲ့ ကိုယ်တိုင် သင်ယူ ပညာရေးအရတော့ ကိုယ့်‌ကိုကိုယ် ယုံကြည်မှုရှိတယ်။
(၆) ယနေ့အထိလည်း နိုင်ငံတော် ပညာရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန် ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ ပညာရေး တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်တယ်။

ဦးဝင်းမြင့်မောင်
‪#‎MOI‬



အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပညာရေး ဝန်ထမ်း အငြိမ်းစား တစ်ဦးရဲ့ သုံးသပ်ချက်နှင့် မေးခွန်း ထုတ်ထားပုံကို အများပြည်သူ လေ့လာနိုင်အောင် မျှဝေလိုက်ပါတယ်

No comments: