Written by သီဟကိုကို
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ အိမ်ခြံမြေအရောင်း အဝယ်ဈေးကွက် အခြေအနေသည် လတ်တလောတွင် တည်ငြိမ်လာပြီး စောင့်ကြည့် အနေအထားမျိုး ဖြစ်နေသည်ဟု အိမ်ခြံမြေအရောင်းအဝယ် လုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံး သပ်ကြသည်။
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်အဆောက်အအုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ရန်ကုန်မြို့အတွင်း စီးပွားရေးလုပ်ငန်း သုံးနေရာသည် အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသောကြောင့် ဈေးနှုန်းမြင့်မားနေဆဲ ဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီဖြစ်သည့် MKT Construction ၏ ဒါရိုက်တာ ဦးမင်းခန့်သော်က '' လက် ရှိအိမ်ခြံမြေဈေးကွက်အတွင်းမှာ စီးပွားရေးလုပ်ငန်းသုံးနေရာအတွက် အငှားကတော့ ပုံမှန်ပါပဲ။ အရောင်း ကတော့ ဈေးကွက်အခြေအနေပေါ် မူတည်ပြီး နည်းနည်းတော့ ကျဆင်းသွားပါတယ်''ဟု ပြောသည်။
အိမ်ခြံမြေဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အစိုးရက အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ အခွန်ဥပဒေ၊ ဈေးနှုန်းသတ်မှတ်မှုများနှင့် တန်ဖိုးနည်းအိမ်ရာများကို ဖော်ထုတ်ဆောင်ရွက်လာမှုတို့ကြောင့် အိမ်ခြံမြေ ဈေးကွက်အတွင်း အခြေအနေများကို စောင့်ကြည့်လာကြပြီး အိမ်ခြံမြေဈေးကွက်မှာ တည်ငြိမ်လာခဲ့သည် ဟု အွန်လိုင်းအခြေပြု အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်း House. com.mm က သုံးသပ်ခဲ့သည်။
လက်ရှိအစိုးရ တက်လာပြီးနောက်တွင် အိမ်ခြံမြေဈေးကွက် အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်အတွက် ၂ဝ၁၅ ခုနှစ်အတွင်း ပြောင်းလဲလာမည့် နိုင်ငံရေး အခြေအနေကိုလည်း အိမ်ခြံမြေ အရောင်းအဝယ်လုပ်ကိုင် သူ များ စောင့်ကြည့်လာခြင်းကြောင့်ဈေးကွက်မှာ ပိုမိုအေးလာခဲ့သည်ဟု အိမ်ခြံမြေရောင်း ဝယ်ရေးအသိုင်း အဝိုင်းက သုံးသပ်သည်။
သို့သော် ရန်ကုန်မြို့အတွင်း စီးပွားရေးလုပ်ငန်း သုံးနေရာသည် အာဆီယံဒေသ တွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးပြီး ဈေးကွက်၏ တောင်းဆိုချက် များကို ဖြည့်ဆည်းပေးနိုင်မှု မရှိသေးသည့်အတွက် ဈေးနှုန်းများ ကျဆင်းနိုင်ခြင်းမရှိ သေးဟုသုံးသပ်ကြသည်။
မြန်မာနိုင်ငံ၌ အိမ်ခြံဆိုင်ရာလုပ်ငန်းကို လာရောက်လုပ်ကိုင်နေသည့် Colliers International အုပ်စုက ရန်ကုန်မြို့၏ လက်ရှိစီးပွားရေး လုပ်ငန်းသုံးနေရာ ပမာဏ စုစုပေါင်းမှာ စတုရန်းမီတာ ၁ဝ၇,ဝဝဝ ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စီးပွားရေးလုပ်ငန်း သုံးနေရာ ပမာဏမှာ စတုရန်းမီတာ ၆ဝ,ဝဝဝ ခန့် တိုးပွားလာမည်ဟု သုံးသပ်ထားသည်။
အိမ်ခြံမြေကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ မြင့်တက်လာပြီး ခွင့်ပြုထားသောပမာဏမှာ ကန်ဒေါ်လာ ၂ ဒသ မ ၂ ဘီလီယံကျော်ဖြစ်ပြီး လက်ရှိရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနီးပါးဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာနမှ ရင်းနှီးမြှုပ်နှံမှုစာရင်းများတွင် ဖော်ပြထားသည်။
လူနေထိုင်ရန် အိမ်ရာရွေးချယ်မှုတွင်လည်း ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ပြောင်းလဲလာခဲ့ပြီး မြို့နေလူထုသည် မြို့တွင်း အချက်အချာကျသည့် မြို့နယ်များရှိ တိုက်ခန်းများထက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် မြို့စွန်ဆင်ခြေဖုံးနေရာများတွင် ဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာသည်ဟု House.com.mm မှ သုံးသပ်သည်။
Mizzima
No comments:
Post a Comment