ဘဂ္ဂဒက် ဇွန် ၁၁
အယ်လ်ခိုင်ဒါအဖွဲ့မှ ခွဲထွက်ခဲ့သော အုပ်စုတစ်စုမှ စစ်သွေးကြွများသည် အီရတ်နိုင်ငံရှိ အကြီးဆုံးသော ရေနံချက် စက်ရုံတည်ရှိရာ မြို့ငယ်တစ်မြို့ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
အီရတ်နိုင်ငံအတွင်း အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရန် ရည်မှန်းထားသော စစ်သွေးကြွ အုပ်စုတစ်စုသည် တိုင်းရင်းသား မျိုးနွယ်စုများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့မှ တစ်ဆင့် ယင်းမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရုပ်သိမ်းထွက်ခွာသွားရန် တောင်းဆိုခဲ့သည်။
ဘေဂျီမြို့ရှိ ရေနံချက်စက်ရုံမှ လုံခြုံရေး ဝန်ထမ်း ၂၅ဝ ခန့်သည် အခြားသော မြို့ငယ် တစ်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သတင်း တွင် ဖော်ပြသည်။
စစ်သွေးကြွများသည် ဘေဂျီမြို့၏ ထင်ပေါ်ကျော်ကြားသော တိုင်းရင်းသားမျိုးနွယ် ခေါင်းဆောင်များနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ဘေဂျီမြို့ကို ထိန်းချုပ်ရန် စစ်သွေးကြွများ ဝင်ရောက်လာချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက ခုခံတိုက်ခိုက်ခြင်းမပြုရန် တိုင်းရင်း သားမျိုးနွယ် ခေါင်းဆောင်များက တိုက်တွန်း ပြောဆိုခဲ့ကြကြောင်း အစိုးရ အထက်တန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ကြီး ဖြစ်သော မိုဆူးလ်မြို့ကို စစ်သွေးကြွများက ဇွန် ၁ဝ ရက်တွင် ထိန်းချုပ်လိုက်ပြီးနောက် တစ်ရက်အကြာတွင် ဘေဂျီမြို့ကို ဆက်လက် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်။
စစ်သွေးကြွများသည် မော်တော်ယာဉ် အစီး ၆ဝ ခန့်နှင့်အတူ ဘေဂျီမြို့တွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းမြို့ရှိ အကျဉ်း ထောင်မှ အကျဉ်းသားများကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ တရားရုံးတစ်ရုံးနှင့် ရဲစခန်းတစ်ခုတို့ကို စစ်သွေးကြွများက ဖျက်ဆီးခဲ့ကြောင်း သတင်းဖော်ပြသည်။
ရိုက်တာ
No comments:
Post a Comment