Thursday, June 12, 2014

“Sky Net မလိမ်ညာပါနဲ့”




Jun 12, 2014
ဘရာဇီးနိုင်ငံမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ၂၀၁၄ ဖွင့်ပွဲ ကျင်းပပါတော့မယ်။ မြန်မာနိုင်ငံသားတွေဟာလည်း ဘောလုံးအားကစား အရူးအမူးကြိုက်နှစ်သက်တဲ့ သူတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီနှစ်အတွက် ထူးခြားတာက
ကမ္ဘာ့ဖလား ဘောလုံးပွဲကို ဘယ်ကနေ ကြည့်နိုင်မလဲ ဆိုတဲ့ ကိစ္စပါ။ အားလုံး နားလည်နေကြတာကတော့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ထုတ်လွှင့်ခွင့်ကို စကိုင်းနက် ကုမ္ပဏီက တစ်ဦးတည်း မူပိုင် ၀ယ်ထားတယ်။ ဒါကြောင့် စကိုင်းနက် စက်တွေ ၀ယ်ယူတတ်ဆင် လစဉ်ကြေးပေးမှ ကြည့်နိုင်မယ် ဆိုတာမျိုးပါ။ ဒါဆိုရင် စကိုင်းနက် ၀ယ်မထားသူတွေကရော ကမ္ဘာ့ဖလား ဘောလုံးပွဲ မကြည့်နိုင်ဘူးလား၊ ကြည့်ခွင့်မရတော့ဘူးလား မေးစရာ မေးခွန်းရှိလာပါတယ်။

စကိုင်းနက်ကို ပြန်ကြားရေးက ရုပ်သံလုပ်ငန်း လုပ်ခွင့် မပေးခင် အချိန်တုန်းက မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာ့ဖလားပွဲတွေရဲ့ အရေးကြီး ပွဲစဉ်တွေကို မြန်မာ့ရုပ်သံ MRTV ကနေ Free To Air တိုက်ရိုက် ထုတ်လွှင့်ပေးတာကို အခမဲ့ ကြည့်ခွင့်ရတဲ့ နှစ်တွေ ရှိခဲ့ဖူးပါတယ်။ ဘောလုံးအားကစား ကြိုက်နှစ်သက်တဲ့ နိုင်ငံအတော်များများမှာလည်း ပြည်သူတွေဟာ ဘယ် အခပေး ရုပ်သံလိုင်းတွေကိုမှ မ၀ယ်ပဲ ကမ္ဘာ့ဖလား အရေးကြီးပွဲစဉ်တွေကို အခမဲ့ကြည့်ခွင့်ရကြပါတယ်။ ဟော ခုတော့
ပွဲကျင်းပဖို့ တစ်ရက်ပဲ လိုတော့တဲ့ ဇွန်လ ၁၁ ရက်နေ့ကျမှ စကိုင်းနက်ကနေ သူ့ရဲ့ MNTV ချယ်နယ်ကနေ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ် တစ်ချို့ကို Free To Air အခမဲ့ လွှင့်ပေးမယ်လို့ ကြေငြာလာပါပြီ။ တကယ်ပဲလား၊ လိမ်ညာနေတာလား၊ ပြည်သူတွေ တကယ်ပဲ Free To Air ကြည့်နိုင်အောင် ဘာတွေ လုပ်ပေးရင် ရမလဲ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။ စကိုင်းနက်ကသာ လက်ခံ သဘောတူရင် တကယ့် ပွဲစဉ်တွေကျရင် အကောင်အထည် ဖော်ပေးနိုင်အောင်ပါ။ ခပ်မြန်မြန် စလိုက်ကြစို့ရဲ့။

စကိုင်းနက်ရဲ့ ကြေငြာချက်မှာပါတာက ကမ္ဘာ့ဖလား ဘောလုံးပွဲ စုစုပေါင်း ၆၄ ပွဲရှိတယ်။ အဲဒီ အထဲကမှ ဖွင့်ပွဲ၊ ဖိုင်နယ်၊ ဆီမီးဖိုင်နယ် နှစ်ပွဲ၊ ကွာတားဖိုင်နယ် နှစ်ပွဲ (လေးပွဲ မဟုတ်)၊ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ စုစုပေါင်း ၂၃ ပွဲကို Free To Air ပြသမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခက်တာက MNTV ကို လောလောဆယ် မန္တလေးနဲ့ စစ်ကိုင်း မိုင် ၆၀ ပါတ်လည်လောက်မှာပဲ ရိုးရိုး အင်တင်နာတွေနဲ့ ဖမ်းလို့ မိသေးတာပါ။ ရန်ကုန်နဲ့ ကျန် တစ်နိုင်ငံလုံး ဘယ်မှာမှ လွှင့်သေးတာ
မဟုတ်ပါဘူး။ ရန်ကုန်နဲ့ ပျဉ်းမနားမှာတော့ ဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် အမီ လွှင့်နိုင်အောင် လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သိပ်တော့ မသေခြာပါဘူး။ အဓိပ္ပါယ်ကတော့ စကိုင်းနက်ရဲ့ MNTV က လွှင့်မယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေကို
အခမဲ့ အနေနဲ့ မန္တလေးနဲ့ စစ်ကိုင်း ဧရိယာ လောက်မှာပဲ အခမဲ့ ဖမ်းယူနိုင်မှာဖြစ်ပြီး ကျန် တစ်နိုင်ငံလုံးက ဖမ်းယူကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာကြောင့် “ ကမ္ဘာ့ဖလား ဘောလုံးပွဲများကို MNTV မှ အခမဲ့ ထုတ်လွှင့်မည်” ဆိုပြီး စာလုံးကြီးကြီးတွေနဲ့ ဒီမိုကရေစီ တူဒေးကနေ ကြော်ငြာနေရတာလဲ။ ဒါဟာ လိမ်ညာမှု ဖြစ်မသွားဘူးလားလို့ မေးစရာ ရှိပါတယ်။

တကယ်တော့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ဆိုတာ လေးနှစ်တစ်ကြိမ်မှ ကျင်းပတာမျိုးပါ။ မယုံမရှိပါနဲ့ မြန်မာနိုင်ငံသားတွေ အားလုံးနီးပါး စိတ်ဝင်စားကြပါတယ်။ အရင်တုန်းကဆို ၁၉၉၄ အမေရိကန် ကမ္ဘာ့ဖလားပွဲ၊ ၁၉၉၈ ပြင်သစ် ကမ္ဘာ့ဖလားပွဲ၊ ၂၀၀၂ ဂျပန်- တောင်ကိုရီးယား ကမ္ဘာ့ဖလားပွဲနဲ့ နောက်ပိုင်း ပွဲတွေကို ဂြိုလ်တုစလောင်း တွေကနေ ဖမ်းယူ ကြည့်ရှုခဲ့ရပါတယ်။ အရေးကြီးပွဲတွေကိုတော့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကနေ စပွန်ဆာပေးပြီး မြန်မာ့ရုပ်သံကနေ အခမဲ့
ထုတ်လွှင့်ပြသခဲ့တာလည်း ရှိခဲ့ပါတယ်။ ဘောလုံး ၀ါသနာအိုးတွေဟာ ကမ္ဘာ့ဖလားပွဲပြတဲ့ ဗီဒီယို ရုံတွေမှာ သွားကြည့်ကြတာပါတယ်။ ရန်ကုန်မှာဆို ဘောလုံးပွဲ လွှင့်ပေးတဲ့ ဟော်တယ်တွေမှာ စုကြည့်ကြပါတယ်။

အဲဒီအချိန် နည်းပညာကလည်း မထွန်းကားတော့ လွှင့်ထုတ်တဲ့ ဘောလုံးပွဲတွေကို ဗီဒီယို တိတ်ခွေတွေနဲ့ဖမ်း၊ နောက်တစ်နေ့ ခွေဆိုင်တွေကနေ ငှားရမ်းကြည့်ရှုတာမျိုးလည်း လုပ်ကြပါတယ်။ ၁၉၉၈ ပြင်သစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကာလတုန်းကဆို ဘရာဇီးက ရော်နယ်ဒို၊ ပြင်သစ်က ဇီဒန်း တို့ဆိုတာ မြန်မာပရိသတ်တွေ အသဲစွဲဖြစ်ခဲ့ပါတယ်။ ကုန်ကုန်ပြောရရင် ဆိုက်ကားဆရာ၊ ဟင်းရွက်သည်၊ ခေါင်းရွက်ဗြတ်ထိုး အမျိုးသမီးထုတွေကအစ ကမ္ဘာ့ဖလားပွဲတွေကို စိတ်တ၀င်စား ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကလည်း မြန်မာ့ရုပ်သံကနေ Free To Air လွှင့်ပေးခဲ့တာကြောင့်လည်း ပါပါတယ်။

နိုင်ငံတကာမှာဆိုရင်လည်း ဒီလိုပါပဲ။ အုံးအုံးကြွက်ကြွက် အားပေးကြပါတယ်။ ခုဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ သူ့နိုင်ငံသားတွေဟာ ဘရာဇီးအလံ၊ အာဂျင်တီးနား အလံတစ်လူလူ လွှင်နေ့လို့ သူ့အမျိုးသားအလံ မှေးမှိန်မှာ စိုးပြီး အစိုးရက 
သတိပေးရတဲ့အထိတောင် ဖြစ်နေတာပါ။ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားမှာ ဆိုရင်လည်း အရေးကြီးပွဲတွေကို Free To Air လွှင့်ပေးရုံမက အများပြည်သူနေရာတွေကနေ ကြည့်နိုင်အောင် အစီအစဉ်တွေ လုပ်နေပါပြီ။ နိုင်ငံအများစု၊ အထူးသဖြင့်
မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ အရေးကြီးတဲ့ ပွဲတွေနဲ့ ပါတ်သက်ပြီး ခုလိုပဲ အများပြည်သူ ကြည့်ရှု အားပေးနိုင်အောင် Free To Air ထုတ်လွှင့်ပေးကြတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ တူဒေး သတင်းစာမှာတော့ ထူးခြားပါတယ်။ မျက်နှာဖုံးမှာ “ ကမ္ဘာ့ဖလားဘောလုံးပွဲများကို MNTV မှ အခမဲ့ ထုတ်လွှင့်မည်” သတင်းပါလာသလို အတွင်းမှာ စကိုင်းနက် က ကမ္ဘာ့ဖလားဘောလုံးပွဲ ထုတ်လွှင့်ခွင့် တစ်ဦးတည်း
ရယူထားတဲ့အကြောင်း နဲ့ လစဉ်ကြေး လျော့ချထားတဲ့ ကြော်ငြာတွေ ထည့်သွင်းထားတာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စကိုင်းနက်ဟာ အရေးကြီး ပွဲတွေကို တကယ်ပဲ Free To Air လွှင့်ချင်တယ် ဆိုရင်၊ ပြည်သူတွေကိုလည်း တကယ် ကြည့်စေချင်တဲ့ ဆန္ဒရှိတယ်ဆိုရင်၊ ဘောလုံးပွဲစဉ်တွေကို MNTV ကနေပဲ ထုတ်လွှင့်မယ် ဆိုပြီး ဟန်ဆောင်ပန်ဆောင် ပြောနေလို့ မရပါဘူး။ မြန်မာနိုင်ငံ တောင်တန်း ကျေးလက်က ပြည်သူတွေပါ အခမဲ့ ဖမ်းယူကြည့်ရှုနိုင်တဲ့ ကွန်ယက် တည်ဆောက်ထားပြီးသား မြန်မာ့ရုပ်သံ MRTV ဖြစ်စေ၊ မြ၀တီ ချယ်နယ်ကဖြစ်စေ လွှင့်ထုတ်ခွင့်ပေးသင့်ပါတယ်။ နည်းစနစ်အရလည်း အလွန်လွယ်ကူပါတယ်။

တကယ်တော့ စကိုင်းနက် ကုမ္ပဏီဟာ မြန်မာပရိသတ် အသဲစွဲ ပရီးမီးယား ဘောလုံးပွဲတွေ ထုတ်လွှင့်ခွင့် တစ်ဦးတည်းမူပိုင်ရ၊ ဖမ်းယူကြည့်ရှုခနှုန်းထားတွေ မြှင့်တင်ခဲ့ချိန်ကတည်းက အစိုးရရဲ့ အခွင့်ထူးခံ ကုမ္ပဏီ၊ လက်ဝါးကြီးအုပ် ကုမ္ပဏီအဖြစ် ၀ိုင်းဝေဖန် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဈေးကွက်ကို လုပ်ချင်သလို လုပ်နိုင်ခဲ့တယ် ဆိုပြီး ပညာတတ်တွေကပါ အမြင်စောင်းနေတာ ဖြစ်ပါတယ်။ အခု မူပိုင် ၀ယ်ထားတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေရဲ့ အရေးပါတဲ့ ပွဲစဉ်တွေကို MRTV ဖြစ်စေ၊ မြ၀တီ ချယ်နယ်ကဖြစ်စေ ထုတ်လွှင့်ခွင့်ပေးပြီး လက်ဝါးကြီး အုပ်သူ မဟုတ်တာ၊ လိမ်ညာသူ မဟုတ်တာ၊ ပြည်သူ့ချဉ်ဖတ် မဟုတ်တာ သက်သေပြပါလို့ တိုက်တွန်းပါတယ်။ ဒါဆိုရင် “ပြည်သူအတွက် စကိုင်းနက်” ဆိုတာ ပြည်သူတွေ ယုံကြည်လာပါမယ်။ တောင်တန်းကျေးလက်က ပြည်သူတွေ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ကြည့်ရင်း ၀မ်းသာ
ပျော်ရွှင်ဖြစ်ကြပါလိမ့်မယ်။

စည်သူအောင်မြင့်။

No comments: