Friday, June 13, 2014

မိုးဆူးလ်မြို့မှ အီရတ်ပြည်သူ ငါးသိန်းကျော်ထွက်ပြေး အစ္စလာမ္မစ်သူပုန် နေရာအနှံ့ဝင်ရောက်ဖျက်ဆီး



မိုဆူးလ် ဇွန် ၁၁
အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မိုဆူးလ်မြို့ကို အစ္စလာမ္မစ် စစ်သွေးကြွများက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသခံပြည်သူ ငါးသိန်းကျော် မြို့မှထွက်ပြေးခဲ့ရကြောင်း ဇွန် ၁၁ ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။
အိုင်အက်စ်အိုင်အက်စ် အမည်ရှိ အဆိုပါအုပ်စုက မိုဆူးလ်မြို့နှင့် နိုင်းဗက်ခ်ျပြည်နယ်တစ်ခွင် နေရာအနှံ့ ဝင်ရောက်ဖျက်ဆီးခဲ့ရာမှ ရာပေါင်းများစွာသော ဂျီဟတ်များနှင့် တပ်ဖွဲ့ဝင်များ ထွက်ပြေးကြရသည်။
ယင်းကို တုံ့ပြန်ရန် အီရတ်ဝန်ကြီးချုပ် မာလီကီက ၄င်းအားလုပ်ပိုင်ခွင့် အာဏာပေးရေး နိုင်ငံအရေးပေါ်အခြေအနေကြေညာရန် ပါလီမန်သို့ တောင်းဆိုထားသည်။
အိုင်အက်စ်အိုင်အက်စ်၏ လုပ်ဆောင်ချက်သည် ဒေသတစ်ခုလုံးကို ခြိမ်းခြောက်လိုက်ခြင်းပင်ဖြစ်ကြောင်း အမေရိကန်က ပြောသည်။
အိုင်အက်စ်အိုင်အက်စ်အဖွဲ့သည် ဆီးရီးယားအရှေ့ပိုင်း၊ အီရတ်နိုင်ငံအနောက်ပိုင်းနှင့်အလယ်ပိုင်းကို ထိန်းချုပ်ရန်ကြိုးစားနေသော အယ်လ်ခိုင်ဒါအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဂျီဟတ်အလံများ လွှင့်တင်ထားသော အဆောက်အအုံများကို အဆိုပါစစ်သွေးကြွများက ထိန်းချုပ်ရန်ကြိုးစားခဲ့ကြောင်း မိုဆူးလ်မြို့ဒေသခံများက ပြောသည်။
ယင်းအခြေအနေသည် နိုင်ငံအတွင်း ကမောက်ကမဖြစ်စေသည့် အခြေအနေဖြစ်ကြောင်း၊ မည်သူကမျှ မိမိတို့ကို ကယ်တင်မည့်သူမရှိကြောင်း အစိုးရအလုပ်သမား အမ်းကာရန်က ကြောက်လန့်တကြီး ပြောကြားသည်။
ရဲစခန်းများ မီးရှို့ခံရပြီး ရာနှင့်ချီသော ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ကပြောသည်။
အီရတ်တပ်ဖွဲ့ဝင်များသည် လက်နက်များကို အဝေးတစ်နေရာ၌ ပစ်ထားခဲ့ပြီး အဝတ်အစားများလဲကာ စွန့်ပစ်ထားသောကားများဖြင့် ထွက်ပြေးသွားကြကြောင်း မိုဆူးလ်ဒေသခံ မာမွတ်နုရီက ပြောသည်။
(ဘီဘီစီ)

No comments: