မန္တလေး၊ ဇွန် ၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် အနီးစခန်းတွင် မြန်မာနိုင်ငံသား တရုတ်လူမျိုးတစ်ဦးနှင့် ပူးပေါင်းကာ တစ်နှစ်လျှင် ကော်ဖီစေ့ တန်ချိန်ပေါင်း တစ်ထောင်နီးပါး ထွက်ရှိမည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ကော်ဖီစေ့စက်ရုံကို နှစ်လအတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြင်ဦးလွင်ရှိ မိုးထက်ကော်ဖီခြံမှ ကော်ဖီစိုက်ပျိုးရေး ပညာရှင် ဦးကျော်ဝင်းက ပြောကြားသည်။
အဆိုပါ ကော်ဖီအစေ့ ထုတ်လုပ်မည့် စက်ရုံသည် ကော်ဖီအစိမ်းစေ့မှ အဆင့်မီ ကော်ဖီစေ့ ထွက်ရှိသည်အထိ ထုတ်လုပ်နိုင်မည့် စက်ရုံတစ်ရုံဖြစ်ပြီး လိုအပ်သော ကော်ဖီစေ့ ကုန်ကြမ်းအတွက်မူ ကော်ဖီခြံကြီးများနှင့် စာချုပ်ချုပ်ဆိုခြင်း၊ လက်လီများမှလည်း ဝယ်ယူခြင်းတို့ဖြင့် စုဆောင်းမည်ဖြစ်ကာ ထွက်ရှိလာသော ကော်ဖီစေ့များကို ကြယ်ဂေါင်ဒေသသို့ တင်ပို့ရောင်းချမည် ဖြစ်ကြောင်း ကြယ်ဂေါင်တွင် ကော်ဖီမှုန့်အဖြစ် ထုတ်လုပ်ကာ တရုတ်နိုင်ငံ အတွင်းသို့ တင်ပို့ရောင်းချမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“ပြင်ဦးလွင်မှာ ကော်ဖီခြံကြီး ခုနစ်ခြံလောက် ရှိတယ်။ တစ်ခြံကို အနည်းဆုံး တန် ၅၀ လောက် နှစ်စဉ် ထွက်တယ်။ ပြင်ဦးလွင် တစ်မြို့နယ်လုံးက ကော်ဖီခြံတွေပေါင်းရင် တစ်နှစ်ကို တန် ၁၀၀၀ နီးပါးတော့ ထွက်ရှိတယ်။ စက်ရုံက ထွက်တဲ့ ကော်ဖီစေ့တွေက ပေါက်ဈေးအနေနဲ့ တစ်တန်ကို သိန်း ၃၀ နီးပါးတော့ ရရှိမယ်” ဟု ဦးကျော်ဝင်းက ဆိုသည်။
ပြည်တွင်းကော်ဖီ အဓိကစိုက်ပျိုးရာ ပြင်ဦးလွင်နှင့် နောင်ချို မြို့နယ်တွင်းရှိ ကော်ဖီခြံ အများစုတွင် တစ်ပိုင်တစ်နိုင် ကော်ဖီစေ့ စက်ရုံငယ်များ ရှိသော်လည်း ကော်ဖီစိမ်းစေ့များကို စာချုပ်ချုပ်ဆို ဝယ်ယူခြင်းမျိုး မရှိသေးကြောင်း၊ ကော်ဖီစေ့ စက်ရုံကြီးသာ ပြီးစီးသွားမည် ဆိုပါက နှစ်စဉ် နိုင်ငံခြား ဝယ်လက်များကို စောင့်မျှော်နေရန် မလိုဘဲ စက်ရုံကြီးသို့ တိုက်ရိုက် ရောင်းချနိုင်မည် ဖြစ်သောကြောင့် ကော်ဖီခြံ ပိုင်ရှင်များအတွက် များစွာကောင်းမွန်သော နှစ်ရှည် စီမံကိန်းကြီး တစ်ခုဖြစ်ကြောင်း Green Land ကော်ဖီခြံ တာဝန်ခံတစ်ဦးက ပြောကြားသည်။
“ကော်ဖီဈေးကွက်လည်း မှန်သွားမယ်။ နိုင်ငံခြား ဝယ်လက်တွေဖြစ်တဲ့ တရုတ်တို့၊ ကိုရီးယားတို့ကိုလည်း မျှော်နေစရာ မလိုတော့ဘူးပေါ့။ နှစ်စဉ် ထွက်နှုန်းကောင်းဖို့သာ ဂရုစိုက် စိုက်ပျိုးဖို့ပဲ လိုတော့မယ်” ဟု ၎င်းကထပ်မံဆိုသည်။
လက်ရှိ ကာလအတွင်း ပြင်ဦးလွင် မြို့နယ်ရှိ ကော်ဖီခြံများမှ ထွက်ရှိသော ကော်ဖီစေ့များကို တရုတ်နိုင်ငံ ဝယ်လက်များက သုံးနှစ်တာ ကာလအတွင်း အမြင့်ဆုံး ပေါက်ဈေးဖြင့် ဝယ်ယူလျက် ရှိကြောင်း ပြင်ဦးလွင်မြို့နယ်ရှိ ကော်ဖီဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။
ကမ္ဘာ့အဆင့်မီ မြန်မာ့ကော်ဖီစေ့ များကို ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများက စိတ်ဝင်စားမှု ရှိသော်လည်း ကော်ဖီမှုန့် ထုတ်လုပ်သည့် နည်းပညာ အားနည်းနေခြင်းနှင့် တင်သွင်းထုတ်လုပ် ဖြန့်ချိသည့်စနစ် အားနည်းနေခြင်းကြောင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ရန် အခက်အခဲ ဖြစ်ရကြောင်း မန္တလေးတိုင်းဒေသကြီး ကော်ဖီအစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးရဲမြင့်က ပြောကြားသည်
No comments:
Post a Comment