Tuesday, June 10, 2014

ဖျာပုံမြို့ပေါ်၌ လူအများစိတ်ဝင်စားနေသည့် ပိုင်ရှင်မဲ့ရွှေငါးကား ပိုင်ရှင်ပေါ်


ဖျာပုံ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့နယ် အမှတ်(၄)ရပ်ကွက်၊ ဒုတိယလမ်းရှိ ရွှေနတ်ကူဘုရားကြီးရှေ့ လမ်းပေါ်တွင် ပိုင်ရှင်မဲ့မော်တော်ယာဉ်တစ်စီး တွေ့ရှိရသဖြင့် ဇွန် ၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၉၌ ''ပိုင်ရှင်မဲ့ရှာမတွေ့ တဲ့ရွှေငါးကား ပြည်သူများစိတ်ဝင် စားနေ'' သတင်းနှင့်ပတ်သက်၍ ဇွန် ၃ ရက် နံနက် ၁၁ နာရီက ဖျာပုံမြို့မှရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်သည် အသိသက်သေများဖြစ်သော အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်နောင်၊ ရပ်မိရပ်ဖဦးလင်းအောင်နှင့် ဦးအောင်ချိန်းတို့နှင့်အတူ သွားရောက်စစ်ဆေးကြည့်ရှုရာ အနက်ရောင်နံပါတ်ပြားပေါ်တွင် ကညန တံဆိပ်ဝိုင်းနှစ်ခုပါရှိပြီး ကားနံပါတ်ကို အဖြူရောင်စာလုံးဖြင့် ရေးသားထားသော ၇ဂ/....မတ်တူး ငွေမှင်ရောင်မော်တော်ယာဉ်ကို တံခါးများသော့ပိတ်ထားရှိပြီး လွန်ခဲ့သောနှစ်ရက်က အဆိုပါ ရွှေနတ်ကူဘုရားကြီးရှေ့ ဒုတိယလမ်းမပေါ်၌ ရပ်နားထားသည်ကို တွေ့ရှိရသည်ဆိုသည်။

ယင်းနေ့အထိ မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်စုံစမ်းခြင်း မရှိကြောင်းကို အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်နောင်က ပြောပြသည်။
ထို့ကြောင့် အဆိုပါယာဉ်ကို သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး မော်တော်ယာဉ်ပိုင်ရှင်အားစုံစမ်းရှာဖွေရာ ဘိုကလေးမြို့ အမှတ် (၃) ရပ်ကွက် မနော်ဟရီလမ်း အိမ်အမှတ်-၁ နေ ဦးညွန့်လှိုင်၏ မော်တော်ယာဉ်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းရာတွင် ဦးညွန့်လှိုင်၏သားဖြစ်သူ မောင်လှိုင်ထွဋ်အောင်သည် ဇွန် ၂ ရက် နံနက် ၁ဝ နာရီခန့်တွင် မော်တော်ယာဉ်ဖြင့် ဘိုကလေးမြို့မှ ဖျာပုံမြို့သို့ရောက်ရှိလာခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် ဖျာပုံမြို့အဝင် အမှတ်(၃)ရပ်ကွက် ဖျာပုံတံတားကြီးအောက် အရောက်၌ မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် ရန်ကုန်မြို့သို့ ဆေးကုသရန် သွားရောက်ရမည်ဖြစ်သည်။ ဖျာပုံမြို့မှ စောင့်နေပါရန် ဘိုကလေးမြို့မှမိသားစုက ဖုန်းဆက်အကြောင်းကြားသဖြင့် မောင်လှိုင်ထွဋ်အောင်သည် ဖျာပုံတံတားအောက်၌ မိခင်အား စောင့်ကြိုရန်ဖြစ်သော်လည်း ဖျာပုံမြို့၌ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ယာဉ်စစ်ဆေးမှုများပြုလုပ်နေသဖြင့် ဖျာပုံမြို့အမှတ် (၄)ရပ်ကွက် ဒုတိယလမ်းရှိ ရွှေနတ်ကူဘုရားကြီးလမ်းမပေါ်တွင် ကားကိုရပ်၍ စောင့်ဆိုင်းနေခဲ့သည်။
သို့သော် နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင် မောင်လှိုင်ထွဋ်အောင်၏ မိခင်ဒေါ်ဇာဇာအောင်သည် အစ်ကိုဖြစ်သူကိုထွဋ်ထွဋ် မောင်းနှင်သော ၂ဃ/... ပရာဒိုအပြာရောင် မော်တော်ယာဉ်နှင့်အတူ လိုက်ပါလာသဖြင့် မောင်လှိုင်ထွဋ်အောင်က ၎င်းမောင်းနှင်သော ၇ဂ/...မတ်တူး ငွေမှင်ရောင် မော်တော်ယာဉ်ကို ရွှေနတ်ကူဘုရားရှေ့ ဒုတိယလမ်းမပေါ်၌ သော့ခတ်ထားခဲ့ပြီး အစ်ကိုဖြစ်သူ ကိုထွဋ်ထွဋ် မောင်းနှင်သောယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လိုက်ပါပို့ဆောင်ပေးခဲ့ရသည်။
ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိရာ၌လည်း မိခင်ဝေဒနာမှာ အရေးပေါ်ကုသနေရခြင်းကြောင့် မောင်လှိုင်ထွဋ်အောင်သည် နှစ်ညတိုင်တိုင် ညစောင့်ပေးနေရသည်။
ထိုမှ ဇွန် ၄ ရက်တွင် ဖျာပုံမြို့၌ ထားခဲ့သောကားကိုပြန်လည်ယူဆောင်ရာတွင်၎င်း၏ကားမှာ ပျောက်ဆုံးနေသဖြင့် စုံစမ်းရှာဖွေရာ ဖျာပုံမြို့မ ရဲစခန်းက ပိုင်ရှင်ရှာမတွေ့၍ သိမ်းဆည်းထားရှိကြောင်း သိရှိရသည်။
ထို့ကြောင့် ဖျာပုံမြို့မရဲစခန်းမှူးဒုရဲမှူးဝင်းနိုင်က မအူပင်ခရိုင် ကညန ရုံးသို့ မော်တော်ယာဉ်မှတ်ပုံတင်ထားရှိမှု ခိုင်လုံကြောင်းအထောက်အထားများတောင်းခံပြီး ပိုင်ရှင်ထံသို့ပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုသိမ်-လှကြည်

No comments: