Thursday, June 12, 2014

ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များ ဖွင့်လှစ်နိုင်ရန် အမေရိကန်ကုမ္ပဏီ Hilton Worldwide နှင့် ဧဒင်ဟိုတယ် လုပ်ငန်းအုပ်စု ပူးပေါင်း


ကမ္ဘာ့ဧည့်ဝန်ဆောင်မှု အမေရိကန်ကုမ္ပဏီ Hilton Worldwide နှင့် ပြည်တွင်း ဧဒင်အုပ်စုတို့ ပူးပေါင်း၍ ပြည်တွင်း၌ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များ ဖွင့်လှစ်နိုင်ရန်အတွက် ဟိုတယ်နှင့် အပန်းဖြေနေရာ ငါးနေရာအတွက် စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေထိုးမှုကို ဇွန် ၁၁ ရက်က ရန်ကုန်မြို့ ကမ်းနားလမ်းမပေါ်ရှိ Strand ဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။

ထိုကဲ့သို့ သဘောတူညီမှုများတွင် မကြာသေးမီက ဧဒင်အုပ်စုမှ ဖွင့်လှစ်ခဲ့သော ဟိုတယ်နှစ်ခုဖြစ်သည့် သင်္ဂဟဂါးဒင်း ဟိုတယ်နှင့် ငပလီကမ်းခြေရှိ သင်္ဂဟငပလီ ဟိုတယ်တို့အား Hilton Nay Pyi Taw နှင့် Hilton Ngapali တို့အဖြစ် ပြောင်းလဲဖွင့်လှစ် သွားမည်ဖြစ်ကြောင်းနှင့် လာမည့်လေးနှစ် ကြားကာလအတွင်းတွင် Hilton Bagan, Hilton Inle နှင့် Hilton Mandalay တို့အား တည်ဆောက်ဖွင့်လှစ်နိုင်ရေးတို့ ပါရှိသည်။
“Hilton Worldwide ကုမ္ပဏီက မြန်မာနိုင်ငံကို ပထမဆုံးအနေနဲ့ ဝင်ရောက်ပြီး ဧဒင်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဘက်က စီမံခန့်ခွဲမှု ဝန်ဆောင်မှုအပိုင်းကို အဓိက တာဝန်ယူမယ်။ ကျွန်တော်တို့ဘက်က ငွေကြေးပိုင်း စိုက်ထုတ်ရမှာပါ” ဟု ဧဒင်အုပ်စု ဒါရိုက်တာ ဦးသန်းထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီ Hilton Worldwide က ခြေလှမ်းချဲ့ထွင်ခြင်း အနေဖြင့် “ရည်ရွယ်ချက်ဖြင့် ခရီးသွားခြင်း” အစီအစဉ်အား အကောင်အထည်ဖော်ရန် ရှိကြောင်းနှင့် ယင်းအစီအစဉ်တွင် ပြည်တွင်းအလုပ်အကိုင် ဖန်တီးနိုင်ရေးအတွက် ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်းလည်း သိရသည်။
“နေပြည်တော်၊ ငပလီ၊ ပုဂံ၊ မန္တလေးနဲ့ အင်းလေးတို့မှာ ရှိလာမယ့် Hilton နာမည်နဲ့ ဟိုတယ်ငါးခုကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံပေါ်မှာ ကျွန်တော်တို့ ဘယ်လောက်စိတ်ဝင်စားပြီး Commitment လုပ်သလဲဆိုတာ ထင်ပေါ်စေမှာ ဖြစ်ပါတယ်” ဟု Hilton Worldwide မှ အရှေ့အလယ်ပိုင်းအာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr.Andrew Clough က ပြောကြားသည်။
“Hilton ဟိုတယ်များ ဖွင့်လှစ်နိုင်လို့ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာနိုင်မှာဖြစ်ပြီး အရည်အသွေးနဲ့ စွမ်းရည်ပြည့်မီတဲ့ လုပ်သားတွေကို ပြုစုပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဧဒင်အုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်က ဆိုသည်။
အမည်ပြောင်းလဲ ဖွင့်လှစ်မည့် Hilton ဟိုတယ်များအနက် အခန်းပေါင်း ၂ဝဝ ရှိသည့် Hilton Nay Pyi Taw ဟိုတယ်ကို ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးများအတွက် ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။ Hilton Ngapali ဟိုတယ်တွင် အခန်းပေါင်း ၅၁ ခန်း ပါဝင်မည်ဖြစ်ပြီး ထပ်မံဆောက်လုပ်သွားမည့် Hilton Bagan တွင် အခန်းပေါင်း ၁၈ဝ၊ အင်းလေးတွင် အခန်းပေါင်း ၁၈ဝ၊ Hilton Mandalay ဟိုတယ်တွင် အခန်းပေါင်း ၂၅ဝ တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဧဒင်အုပ်စုသည် နေပြည်တော်ရှိ သမ္မတအိမ်တော် အဆောက်အအုံနှင့် ဇေယျာသီရီဗိမာန် စသည့်အစိုးနှင့် သက်ဆိုင်သော အဆောက်အအုံများကို ဆောက်လုပ်ခွင့်များ ရရှိခဲ့သည်

No comments: