Thursday, June 12, 2014

မကွေး လေတပ်စခန်း ဌာနချုပ်မှ MiG-29 တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်း ပျက်ကျ၊ လေယာဉ်မှူးနှစ်ဦး လွတ်မြောက်

ပျက်ကျခဲ့သည့် လေယာဉ်၏ အပျက်အစီး အစိတ်အပိုင်းများအား လက်ပတောရေကန်နှင့် ဆက်စပ်ယာခင်းထဲတွင် တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
မကွေး လေတပ်စခန်း ဌာနချုပ်မှ MiG-29 တိုက်လေယာဉ်တစ်စင်း ဇွန် ၁၁ ရက်က လေ့ကျင့်ပျံသန်းစဉ် မြို့သစ်မြို့နယ်တွင် ပျက်ကျခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၁၁ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မကွေး လေတပ်စခန်း ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လှိုင်မြင့်နှင့် ဗိုလ်ကြီးကျော်ဇင်သန့်တို့ မောင်းနှင်လာသည့် လေယာဉ်မှတ်ပုံတင်အမှတ် ၂၇၁၄ ဖြစ်သော MiG-29 အမျိုးစား တိုက်လေယာဉ်တစ်စင်းသည် မင်းလှမြို့အနီး လေ့ကျင့်ပျံသန်းရေး ဧရိယာအတွင်း အနိမ့်ပျံသန်းနေစဉ် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ယင်းသို့ လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာတွင် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ဒုတိယဗိုလ်မှူးကြီး လှိုင်မြင့်နှင့် ဗိုလ်ကြီးကျော်ဇင်သန့်တို့ နှစ်ဦးမှာ လေယာဉ်အားစွန့်ခွာ၍ လေထီးဖြင့် မြေပြင်သို့ ဆင်းသက်နိုင်ခဲ့ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

“မကွေး လေတပ်စခန်း ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး လှိုင်မြင့်နဲ့ ဗိုလ်ကြီးကျော်ဇင်သန့်တို့ လေ့ကျင့်ပျံသန်းဖို့ မောင်းနှင်လာတဲ့ MiG-29 တိုက်လေယာဉ်က အနိမ့်ပျံနေစဉ်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လုံးက သူတို့ရဲ့ Seat ကို Eject လုပ်ပြီး စွန့်ခွာနိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ဘူး။ လေယာဉ်ကတော့ ပျက်စီးသွားတယ်လို့ သိရပါတယ်” ဟု လေတပ်အသိုင်းဝိုင်းနှင့် နီးစပ်သည့် အမည်မဖော်လိုသူ အဆင့်မြင့် အရာရှိတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောပြခဲ့သည်။

ယင်းတိုက်လေယာဉ်သည် မကွေးတိုင်း မြို့သစ်မြို့နယ် နင်းကြမ်းကျေးရွာနှင့် ယောင်းမငကျေးရွာအကြား လက်ပတောရေကန်နှင့် ဆက်စပ်ယာခင်းထဲသို့ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက် ပါလာသူနှစ်ဦးမှာ လေထီးဖြင့်ခုန်ချ၍ တစ်ဦးမှာ ခါးအနည်းငယ် နာသွားခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူများထံမှ သိရသည်။

မည်သည့် အကြောင်းရင်းကြောင့် ပျက်ကျခဲ့သည်၊ မည်သည့် လေတပ်ဌာနမှ မည်သည့်လေယာဉ် အမျိုးအစား ဖြစ်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက သတင်းထုတ်ပြန်ပေးခြင်း မရှိခဲ့ပေ။ ပျက်ကျခဲ့သည့် လေယာဉ်မှာ အခင်းဖြစ်နေရာ ၀န်းကျင်ရှိ ကျေးရွာများအပေါ်တွင် မီးလောင်လျက် တန်းလန်းပျံသန်းနေခဲ့ပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများက ဆိုသည်။
မကွေး လေတပ်စခန်း ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး လှိုင်မြင့်နဲ့ ဗိုလ်ကြီးကျော်ဇင်သန့်တို့ လေ့ကျင့်ပျံသန်းဖို့ မောင်းနှင်လာတဲ့ MiG-29 တိုက်လေယာဉ်က အနိမ့်ပျံနေစဉ်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လုံးက သူတို့ရဲ့ Seat ကို Eject လုပ်ပြီး စွန့်ခွာနိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ဘူး . . . . .
ယင်းလေယာဉ်၏ တောင်ပံတစ်ဖက်မှာ ပျက်မကျမီ အချိန်ပိုင်းအတွင်း ယောင်းမငကျေးရွာအနီး ပြုတ်ကျခဲ့ကြောင်း ထို့နောက် လေယာဉ်မှာ ထန်းတပင်ကျေးရွာဆီသို့ ထိုးစိုက်ဆင်းသွားခဲ့ရာမှ ပြန်လည် ထောင်တက်လာခဲ့ကြောင်း ထို့နောက် လက်ပတောရေကန်နှင့် ဆက်စပ်ယာခင်းအတွင်းသို့ အမြီးပိုင်းမှ စတင်ပျက်ကျခဲ့ပြီး လေယာဉ်မှာ တစ်စစီ ပျက်စီး၍ ပျက်ကျသည့်နေရာမှ ပေ ၅၀၀ ကျော်ခန့်အထိ လေယာဉ်အစိတ်အပိုင်းများ လွင့်စဉ်ကျခဲ့ကြောင်း လေယာဉ်ဦးပိုင်းဟု ယူဆရသည့် အစိတ်အပိုင်းမှ လက်ပတောရေကန်၏ အနောက်တောင်ထောင့်ရှိ ပေါက်ပင်ကို ၀င်တိုက်ခဲ့သောကြောင့် ယင်းပေါက်ပင်မှာ မီးလောင်ပြိုလဲခဲ့ကြောင်း သိရသည်။

“လေယာဉ်က အသံအကျယ်ကြီးမြည်ပြီး မီးခိုးတွေ အများကြီး ထွက်နေရင်း ရွာပေါ်မှာဝဲနေတာ ၁၀ မိနစ်လောက်ကြာတယ်။ ရွာထဲကို ပျက်ကျတော့မယ်လို့ကို ထင်နေခဲ့တာ။ ခဏနေတော့ မီးတောက်တွေပါ မြင်လိုက်ရပြီး ပျက်ကျသွားတာပဲ။ အသံကတော့ အကျယ်ကြီး ကြားလိုက်ရတယ်။ ဘေးက နှစ်မိုင်သုံးမိုင်လောက်ဝေးတဲ့ ရွာတွေက လာကြည့်တဲ့သူတွေက ပြောတာတော့ အသံကို သူတို့ဆီကတောင် ကြားရတယ်လို့ ပြောကြတယ်” ဟု နင်းကြမ်းကျေးရွာမှ တောင်သူဒေါ်မာဆွေက ဆိုသည်။


ဇွန် ၁၁ ရက် နံနက်ပိုင်းက မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်းသို့ ပျက်ကျသွားခဲ့သော တိုက်လေယာဉ်၏ အပျက်အစီး အပိုင်းအစများကို တွေ့ရစဉ်
ဖိုကုန်းကျေးရွာမှ လေယာဉ်ပျက်ကျသည်ကို တွေ့မြင်လိုက်ရသည့် တောင်သူတစ်ဦးက “ယာထွန်ရင်းနဲ့ လေယာဉ်က မီးခိုးတွေ အများကြီး အူနေတာကို လှမ်းမြင်နေရတယ်။ ခဏနေတော့ လေယာဉ်ပေါ်က လေထီးအနီရောင်နဲ့ အ၀ါရောင်နှစ်ခုနဲ့ လူနှစ်ယောက် ပြိုင်တူဆင်းလာတာ မြင်လိုက်ရတယ်။ သူတို့ ဆင်းပြီးတော့ လေယာဉ်က ပျက်ကျသွားတယ်။ ပျက်ကျတဲ့နား လာကြည့်တော့ ခုန်ဆင်းတဲ့ နှစ်ယောက်ထဲက ငယ်တဲ့တစ်ယောက်က ခါးနာသွားတယ်လို့ သိရတယ်။ သူတို့ကို ရဟတ်ယာဉ်တစ်စင်းနဲ့ ချက်ချင်းလာခေါ်သွားပြီး ခဏကြာတော့ စစ်ကားတွေ ရောက်လာတယ်” ဟု ပြောကြားသည်။

အဆိုပါ ကျေးရွာများပေါ်တွင် ဇွန် ၁၀ ရက်က အသံကျယ်လောင်စွာဖြင့် လေယာဉ်များ ရှစ်ကြိမ်ခန့် ပျံဝဲနေခဲ့ကြောင်း၊ ဇွန် ၁၁ ရက်က ပျက်ကျခဲ့သည့် လေယာဉ်အပိုင်းအစများအား မကွေး လေတပ်စခန်း ဌာနချုပ်မှ ၀န်ထမ်းများနှင့် နီးစပ်ရာ ကျေးရွာများမှ ဒေသခံများက မွန်းလွဲ ၂ နာရီခန့်တွင် စတင်သိမ်းဆည်း စုပုံနေကြောင်း၊ ပျက်ကျခဲ့သည့်နေရာသို့ လေယာဉ်ပျက်ကျသည်ကို အဝေးမှ တွေ့မြင်လိုက်ရသူများ နီးစပ်ရာ ကျေးရွာများမှ ဒေသခံ အများအပြား လာရောက်ကြည့်ရှုခဲ့ကြပြီး နီးစပ်ရာ မြို့နယ်များမှ စစ်တပ်နှင့် ရဲဝန်ထမ်းများကိုလည်း လုံခြုံရေးချထားခဲ့ရကြောင်း သိရသည်။


Written by: 
ရွှန်းလဲ့ဝင်း၊ အောင်သူငြိမ်း
Eleven Media

No comments: