May 24, 2014
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်းကာ လူထုဟောပြောပွဲများကို မေ ၁၇ ရက်တွင် ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ လည်းကောင်း၊ မေ ၁၈ ရက်တွင် မန္တလေး အောင်ပင်လယ်ကွင်း၌ လည်းကောင်း ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် တပ်မတော်သို့ ရည်ညွှန်းပြောဆိုမှုများ ရှိခဲ့သည်။
အဆိုပါ ပြောကြားချက်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် ဆက်သွယ်မေးမြန်းခဲ့မှုများမှ စံတော်ချိန် ပရိသတ်ကြီးသို့ ကောက်နုတ်တင်ပြ လိုက်ပါသည်-
ဗိုလ်စိန်မှန်နဲ့ အောင်ပင်လယ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အစိုးရအပေါ် ပြောခဲ့တာတွေအပေါ် ဒုဝန်ကြီးအနေနဲ့ ဘာများမှတ်ချက် ပြုချင်ပါသလဲ ခင်ဗျာ။
- တကယ်တမ်းကျတော့ နိုင်ငံတော်သမ္မတကြီးက တာဝန်စယူကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေရော၊ လွှတ်တော်ပါ သဘောတူရင်ပြင်ပါ။ အစိုးရအဖွဲ့အနေနဲ့ လိုက်နာဖို့ အသင့်ပါပဲလို့ သူပဲစပြီး ပြောခဲ့တာပါ။
နောက်တစ်ခါ ဒီလိုပြောင်းလဲနိုင်ဖို့အတွက် လိုအပ်တဲ့ အခင်းအကျင်းတွေလည်း သူပဲလုပ်ပေးခဲ့တာပါ။ ဘယ်အပိုဒ်ကိုပြင်ပါ။ ဘယ်အပိုဒ်ကို မပြင်ပါနဲ့ ဆိုတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်မဟုတ်ဘူး။ သမ္မတလုပ်ပိုင်ခွင့် မရှိတဲ့အရာတစ်ခုကို သမ္မတက တိတိကျကျ မပြောဘူးဆိုပြီး အပြစ်တင်တယ် ဆိုတာကတော့ အင်မတန်မှ မှားယွင်းတဲ့ ကောက်ချက်ပေါ့ဗျာ။
××××××××××××××××××××××××××××××××××××××××××××××××××××××××
မီဒီယာတွေအနေနဲ့ကလည်း အတိုက်အခံတွေဘက်က ဟောပြောပွဲ သတင်းကိုပဲ ရေးပြီး အစိုးရဘက်ကို ပြန်ပြီးတော့ ပြောရေးဆိုခွင့်မပေးတဲ့ သဘောမျိုး တွေ့ရတယ်။ ဒီတော့ ဒုဝန်ကြီးတို့ အနေနဲ့ တစ်ဖက်က မှတ်ချက်အပေါ် ဘာပြန်ပြောချင်ပါသလဲ။
- ကျွန်တော်တို့နိုင်ငံမှာ မဏ္ဍိုင်သုံးခုခွဲထားတယ်။ ပါလီမန်ဒီမိုကရေစီ စနစ်ဆိုရင်တော့ ဝန်ကြီးချုပ်က ပါတီကို ဦးဆောင်တယ်။ လွှတ်တော်ရော၊ ပါတီရော သူဝင်ပြောလို့ရတာပေါ့။ ကျွန်တော်တို့ကတော့ လုပ်ကြပါ။ အားလုံးသဘောတူရင် ကျွန်တော်တို့ လိုက်နာပါ့မယ်။ မကန့်ကွက်ပါဘူးလို့ ပြောတာကိုက ကျွန်တော်တို့ရဲ့ လိုလားမှုပေါ့။
သမ္မတကြီးလုပ်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့်ပဲ ဒီဗိုလ်စိန်မှန်တို့၊ အောင်ပင်လယ်တို့ စတဲ့ အခမ်းအနားကြီး လုပ်လို့ရတာပေါ့။ အဲဒါကိုကြည့်ရင် ပြုပြင်ပြောင်းလဲရေးကို လိုလားလား၊ မလိုလားဘူးလားဆိုတာ ထင်ရှားပါတယ်။
ဒါပေမယ့် သတိတစ်ခုပြုဖို့လိုတာက ဒါတွေအားလုံးဟာ တပ်မတော်ကလည်း အခြေခံဥပဒေကို လိုအပ်တာရှိရင်ပြင်ပါလို့ သဘောတူထားပြီးပြီ။ ကျန်တဲ့သူတွေကလည်း ပြောကြတယ်။ အဲဒီတော့ ဘာကိုပြင်မယ်၊ ဘာကို မပြင်ဘူးဆိုတာက ဆွေးနွေးညှိနှိုင်းမှ ရမှာလေ။ ဒါကြောင့်မို့ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်တဲ့ အခြေအနေ၊ ပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်သလား။ ဒါမှ မဟုတ် အခြားလွဲမှားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသလား ဆိုတာတော့ လုပ်ဆောင်တဲ့သူက ဆင်ခြင်ပြီး လုပ်ရင်တော့ ပိုကောင်းတာပေါ့။
××××××××××××××××××××××××××××××××××××××××××××××××××××××××
ဆွေးနွေးညှိနှိုင်းမှု ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်က သူတို့လေးပွင့်ဆိုင် ကို တောင်းဆိုတယ်။ ဖြစ်မလာခဲ့ဘူးဆိုပြီး ဆင်ခြေတက်ရင်ရော။
ဒါက လွှတ်တော်ထဲမှာ ဖွဲ့ပေးထားပြီးပြီ။ လွှတ်တော်ကဖွဲ့တဲ့ ၁၀၁ ဦးကော်မတီမှာရော ၃၁ ဦးကော်မတီမှာရော တပ်မတော်သား ကိုယ်စားလှယ်တွေပါတယ်။ ဒီဟာတွေရဲ့လမ်းကြောင်းက ရှိပြီးသားပဲ။
အဲတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တွေ့ရမယ်။
ဒီမှာဆုံးဖြတ်ရမယ်လို့ ပြောတာမျိုးကို ကျွန်တော်ထင်တယ်လေ။ သမ္မတကြီးရော၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့က လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိဘူး
ဘာဖြစ်လို့လဲဆိုတော့ ပါတီ တစ်ခုနဲ့ သွားလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ပါတီ အမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးမှာ အမြင်အမျိုးမျိုးရှိတယ်။ တပ်မတော်က ဒီကိစ္စကို ဝင်ဆွေးနွေးချင်တယ်ဆိုရင် သူမှာ လွှတ်တော်မှာရှိတဲ့ လမ်းကြောင်းကပဲ သွားမှ ရမှာ။ သမ္မတကြီးအနေနဲ့ကလည်း သူထုတ်ပြောလို့ပဲရမယ်။ သူ့ပါတီမှာတောင် သူက ဥက္ကဌအဖြစ် တာဝန်မယူတော့တဲ့အတွက် သူက ဘာမှ ပြောလို့မရဘူး။ ဒါကို နားလည်ဖို့တော့ လိုတာပေါ့နော်။
××××××××××××××××××××××××××××××××××××××××××××××××××××××××
ဝန်ကြီးဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်က ကလေးစိတ်ကောက်ပြီး ပြောတာနဲ့ တူတယ် ဆိုတဲ့ စကားက တချို့လဲဝေဖန်တဲ့သူက ဝေဖန်တယ်။ သဘောကျတဲ့သူက သဘောကျတယ်ခင်ဗျ။
အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာပြောချင်ပါသေးလဲ။
အဲဒါက ဒီလိုပေါ့လေ။ ကျွန်တော်တို့က တကယ်လုပ်ပေးနိုင်တာရှိတယ်။ မလုပ်ပေးနိုင်တာရှိတယ်။ မလုပ်ပေးနိုင်တဲ့ ကိစ္စတစ်ခုကြောင့် မလိုလားဘူးလို့ ပြောတာကတော့ တစ်ခါတစ်လေမှာ ကျွန်တော်တို့လည်း လူငယ်ဘဝက စိတ်ကောက်သလိုပေါ့နော်။ ကျွန်တော်တို့မှာလဲ ကန့်သတ်ချက် ရှိတယ်။ ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲက ထွက်ပြီး လုပ်လို့ မရဘူး။ ဒါလေးတွေတော့ နားလည်ဖို့လိုတာ ပေါ့နော်။
××××××××××××××××××××××××××××××××××××××××××××××××××××××××
ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ ခင်ဗျ။
- ခုနက ကျွန်တော်ပြောသလိုပါပဲ။ ကျွန်တော်တို့က အခုအချိန်မှာ အင်မတန်မှ နူးညံ့သိမ်မွေ့တဲ့ အပြောင်းအလဲတစ်ခု လုပ်နေတယ်။ လုပ်တဲ့ လုပ်ရပ်တိုင်းမှာ ကျွန်တော်တို့အားလုံးက တွေ့ဆုံဆွေးနွေးတာတို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ရှည်သည်းခံမှုတို့နဲ့ ကျော်ဖြတ်ရမှာပေါ့။ လုပ်လိုက်တဲ့ အလုပ်တစ်ခုက တစ်ဖက်အဖွဲ့အစည်းရဲ့ ယုံကြည်မှု ပျက်ပြားသွားစေတာမျိုးဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ်ကို ရမှာ မဟုတ်ဘူး။ ဒါကြောင့် ဆင်ခြင်ဖို့လိုတာပေါ့။
၁၉၈၈ ကနေစပြီးတော့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရဆိုရင် မြန်မာ့ နိုင်ငံရေးမှာ ဖိအားပေးပြီး လုပ်လို့ ဘယ်တော့မှ အဖြေမရခဲ့ဘူး။ ဟိုတုန်းကရှိတဲ့ တပ်မတော် အစိုးရက သူကို ဆန့်ကျင်တဲ့ သူတွေကို အာဏာနဲ့ ဖိအားပေးပြီး လုပ်တာမျိုးက လိုချင်တဲ့ ရလဒ်မရဘူး။
ဟိုဘက်က လူတွေကလည်း အနောက်နိုင်ငံတွေကရော၊ အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့တွေ အနေနဲ့ရော ဖိအားပေးတာအပြောင်းအလဲကို မဖြစ်စေခဲ့ဘူး။
ပေါ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်ထဲမှာ ကျွန်တော်တို့ စပြီး ဆွေးနွေးမှုကပဲ လိုချင်တဲ့ ရလဒ်ကို ရတယ်။ လိုချင်တဲ့ ရလဒ်ကို ဆက်ထိန်းထားနိုင်ဖို့ ဆိုရင် ဖိအားပေးမှ ဖြစ်မယ်ဆိုတဲ့ အယူအဆမျိုးတော့ ပါဝင် ပတ်သက်နေသူအားလုံးက စွန့်လွှတ်ဖို့လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
မေ ၂၃ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ

No comments:
Post a Comment